အသစ်ထွက်ရှိလာမည့် ကားအမျိုးအစားအသစ်များအပေါ် စောင့်ကြည့်နေခြင်းနှင့် ယာဉ်စစ်လုပ်ငန်းများ ပြန်ဖွင့်ပေးမည့်အချိန်ကို စောင့်နေခြင်းတို့ကြောင့် အဝယ်ဆက်ပြီးအေးနေသည့် ကားဈေကွက်

128

 

ကားအရောင်းအဝယ်ဈေးကွက်တွင် နံပါတ်ထွက်ပြီးသားကားဟောင်းများ နှင့် ရန်ကုန်လိုင်စင်ဖြင့် နံပါတ်ယူမည့် ကားများမှာ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်စစ်လုပ်ငန်းများနှင့် သက်တမ်းတိုးလုပ်ငန်းများ ဖွင့်လှစ်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းတို့ကြောင့် အဝယ်ဆက်ပြီးအေးနေသည်။ ကားဟောင်းနှင့် ကားသစ်ဈေးကွက် နှိုင်းယှဉ်ရာ တွင် အဝယ်အများစုမှာ ကားသစ်ဈေးကွက်ကို ပိုပြီးစိတ်ဝင်စားလာကြသည်။ ကားသစ်ဈေးကွက်တွင်လည်း Brand New ဘယ်မောင်းကားများ နှင့် Parallel Import CBU ဖြင့် တင်သွင်းသည့် ကားများမှာ အကောက်ခွန်နှင့် ကညနခွန်များ သက်သာခွင့်ရနေ၍ ကားတန်ဖိုးနည်းသွားခြင်းကြောင့် စိတ်ဝင်စားမှုများနေသည်။ ကားသစ်ဈေးကွက် အားကောင်းနေသည်ဆို သော်လည်း SKD ကားများမှာမူ အခွန်သက်သာခွင့် ပေးထားခြင်း၊ ဝန် ထမ်းပါမစ်များထွက်ရှိလာခြင်းတို့ကြောင့် စိတ်ဝင်စားမှုနည်းသွားသည်ကို တွေ့ရသည်။

“လက်ရှိကားအရောင်းအဝယ် ဈေးကွက်မှာ ကားသစ်နဲ့ကားဟောင်း ဆိုရင် ကားသစ်ဈေးကွက်က ပိုပြီး အားသာနေပါတယ်၊ ကားဟောင်းဈေး ကွက်ကတော့ ကညနရုံးတွေ ပိတ်ထားလို့ ယာဉ်စစ်ဆေးလို့မရတဲ့အတွက် အဝယ်အေးနေတယ်၊ လိုအပ်တဲ့သူတွေကျတော့လည်း ရင်းနှီးတဲ့သူ၊ အာမခံရဲတဲ့သူဆီကပဲ ဝယ်ရဲကြတာ တွေ့ရပါတယ်၊ အခွန်တွေ လျှော့ပေး ထားတာနဲ့ ဝန်ထမ်းပါမစ်တွေ ထွက်လာတာကြောင့် SKD ကားတွေကတော့ ဈေးကွက်မှာ အခက်အခဲကြုံနေရပါတယ်၊ COVID-19 ကြောင့် ပြီးခဲ့တဲ့နှစ်က ၄၊၅၊၆ လလောက်လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတယ်၊ ပြန်ဖွင့်တော့လည်း လက်ရှိမှာ Stock ကုန်နေတာတွေ၊ Parallel Import နဲ့ သွင်းတဲ့ကားတွေရဲ့ ဈေးတွေက သက်သာလာတာတွေကြောင့် SKD ကားတွေကို စိတ်ဝင်စားမှုနည်းလာလို့ SKD ဈေးကွက်က အဝယ်အေး လာပါတယ်}}ဟု MAMDA အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Brand New ကားဈေးကွက်တွင် ဈေးနှုန်းသက်သာခြင်းကြောင့် China Brand ကားများမှာ ဈေးကွက်ဝေစု တဖြည်းဖြည်းရလာပြီး SUV အမျိုးအစားဖြင့် အသစ်ထပ်မံဝင်ရောက်လာမည့် Car Brand များလည်း ရှိနေသည်။ အိမ်စီးကားဈေးကွက်အပြင် လုပ်ငန်းသုံးကားဈေးကွက်တွင် လည်း ကားသစ်များ ဝင်ရောက်လာသလို ထပ်မံ ဝင်ရောက်လာမည့် ကားများလည်း ရှိနေသည်။ ထို့ကြောင့် အဝယ်များမှာ စိတ်ဝင်တစားဖြင့် စောင့်ကြည့်မှုများ ရှိနေသောကြောင့် အိမ်စီးကားဈေးကွက်နှင့် လုပ်ငန်း သုံးကားဈေးကွက်ပါ အဝယ်ဆက်ပြီးအေးနေသည်။

“ဒီရက်ပိုင်းကားဈေးကွက်ကတော့ ပုံမှန်အတိုင်း ပြန်လှုပ်လာတယ် ဆိုပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ နှစ်တွေလိုတော့ အရောင်းအဝယ်မဖြစ် ဘူး၊ ပြီးခဲ့တဲ့နှစ်ကလည်း COVID-19 ရောဂါနဲ့ ဝန်ထမ်းပါမစ် စောင့်ကြည့်မှုတွေကြောင့် အဝယ်အတော်လေး အေးခဲ့တယ်၊ ဒါပေမဲ့ ဒီနှစ်မှာ တော့ ဝန်ထမ်းပါမစ်ကလည်း ခွင့်ပြုနေပြီ၊ အခွန်လျှော့ပေးတာကလည်း ဆက်ပြီးရနေတော့ Parallel Import နဲ့သွင်းတဲ့ အသစ်ဈေးကွက်က တော့ တော်တော်လေးကို အားကောင်းပါတယ်၊ USA ၊ Dubai က သွင်းတဲ့ မိုဒယ်မြင့်ကားတွေထဲက Ford ၊ BMW ၊ Mercedes ၊ Land Rover ကားတွေထဲက လူကြိုက်များတဲ့အမျိုးအစားတွေမှာ အရင်သိန်း ၇၅၀ ကနေ ၂,၄၀ဝ ကြားရှိတဲ့ကားတွေက အခုဆိုရင် ၅၅၀ ကနေ ၁,၈၀ဝ ဝန်းကျင်လောက်အထိ တော်တော်လေးကို မေးကြဝယ်ကြတယ်၊ ဒီလို Parallel Import တွေက လျော့သွားတဲ့အခွန်တွေကြောင့် ဈေးသက်သာသွားတဲ့အတွက် စိတ်ဝင်စားနေတာကို သိကြတော့ Brand New Showroom တွေကလည်း Brand အလိုက် Promotion တွေ ပေးကြသလို လျော့သွားတဲ့အခွန်တွေအတွက် ကားရောင်းဈေးတွေကို ချပေးတဲ့အတွက် Brand New ဈေးကွက်ကလည်း သူ့ Demand နဲ့သူ ဖြစ်နေတာတွေ့ရပါတယ်”ဟု Perfect AutoBiz Myanmar မှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာပြည့်စုံဝင်းသိန်းက ပြောသည်။

ဈေးကွက်အကြိုက် ညာမောင်းကားဈေးကွက်တွင် အမြင့်ကားများမှာ အဝယ်ဆက်လက်အေးနေပြီး ကျပ်သိန်းနှစ်ရာအောက် ကားများမှာ Condition ကောင်းသည့်ကားများ နည်းလာခြင်းကြောင့် ညာမောင်းကားဈေး ကွက်တွင် မျှော်မှန်းသလောက် အရောင်းအဝယ် မရှိဘဲ ဖြစ်နေသည်။ ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အရောင်းအဝယ်ဖြစ်သည့် ကားအများ စုမှာ အဝယ်တိုက်ရိုက်လာခြင်းထက် ဝယ်/ရောင်းအချင်းချင်း ပြန်ကောက် ခြင်းက ပိုများနေကြောင်း သိရသည်။

“COVID-19 ရောဂါဂယက်ကြောင့် စီးပွားရေးအခြေအနေက အားလုံးကျပ်တည်းနေလို့ ကားအရောင်းအဝယ်ဈေးကွက်က အဝယ်မရှိတဲ့အတွက် ဆက်ပြီးအေးနေတယ်၊ အခွန်သက်သာခွင့်ကို Custom နဲ့ ကညနကလည်း ဆက်ပြီးပေးထားတော့ ညာမောင်းကားဈေးတွေက ၂၀ ရာခိုင်နှုန်းလောက် ပြန်ကျသွားပါတယ်၊ တချို့အဝယ်ကျတော့လည်း ဈေးသက်သာနေတဲ့အချိန်ဆိုပြီး ဝယ်ပေမဲ့ နည်းပါတယ်၊ ဈေးသင့်တယ်၊ ဝယ်/ရောင်းဈေးနဲ့ ရတယ်ဆိုရင်တော့ ဝယ်/ရောင်းတွေက ကောက်သွား တာများပါတယ်”ဟု ကားဝယ်/ရောင်းကိုသီဟက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here