အဝေးပြေးလှည့်ကင်းအတွက်   တစ်စီးလျှင်   ဒေါ်လာ  ၁၂ဝ,ဝဝဝ   တန်    BMW    ကားများ    ဗစ်တိုးရီးယားရဲတပ်ဖွဲ့ ဝယ်ယူမည်

456

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနစ် နှစ်ကုန် ပိုင်းတွင် အဝေးပြေးလမ်း လုံခြုံရေး ကင်းလှည့်ရန် တစ်စီးလျှင် ဒေါ်လာ ၁၂ဝ,ဝဝဝ တန်ဖိုးရှိ အရည်အသွေးမြင့် BMW  ကားအစီးရေ ရှစ်ဆယ်ကျော် ဝယ်ယူမည်ဟု Daily Mail  သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

 

လက်ရှိ ရဲတပ်ဖွဲ့တွင်အသုံးပြုနေသည့် Ford Falcon နှင့် Holden Commodore V8 ကား များကိုအစားထိုးရန် ဇိမ်ခံကား ပုံစံမျိုးမဟုတ်ဘဲ  လုပ်ငန်း အထောက်အကူပြုနိုင်မည့် တာဘိုဒီဇယ်အင်ဂျင်တပ် BMW 530d ကားများ ထုတ်လုပ်ရေးအတွက် BMW နှင့် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်။ BMW 530d ကားအမျိုးအစားမှာ ပုံမှန်အားဖြင့် တစ်စီးလျှင် ဒေါ်လာ ၁၂ဝ,ဝဝဝ တန်ဖိုးရှိသော်လည်း ပါနေကျ ဇိမ်ခံကားအဆောင် အယောင်ပစ္စည်းအချို့ ထည့်သွင်းစရာ မလိုသည့်အတွက် စျေးနှုန်းသိသိသာသာ လျော့ပါးသွားဖွယ် ရှိသည်ဟု ဆိုသည်။ အသုံးပြုမည့် ဒီဇယ်အင်ဂျင်မှာ Commodore V8 ထက် ဆီစားနှုန်း ထက်ဝက်နီးပါး သက်သာဖွယ်ရှိပြီး နည်းပညာသာလွန်ကြောင်း သိရသည်။ လက်ရှိတွင် ဝန်ကြီးချုပ်ယာဉ်တန်း နှင့် ပြည်ထောင်စု အစိုးရအဖွဲ့အတွက် BMW  ထုတ် သံချပ်ကာကားများ အသုံးပြုလျက်ရှိပြီး အဝေးပြေးလမ်း လုံခြုံရေးအတွက် BMW လှည့်ကင်းကား နှစ်ရာကို အသုံးပြုလျက်ရှိရာ ယခု BMW ကား ရှစ်ဆယ်မှာ ထပ်မံအားဖြည့်ခြင်း ဖြစ်သည်။

 

အခြားပြည်နယ်များ၌လည်း လုံခြုံရေးကားအင်အား ဖြည့်တင်းလျက်ရှိရာ နယူးဆောက်သ်ဝေး ပြည်နယ်တွင် Chrysler 300 SRT8V8 ဆီဒန်ကားအစီးရေ လေးရာ၊ ကွင်းစလန်ပြည်နယ်တွင်  Hyundai ကားအစီးရေ နှစ်ရာကျော် အင်အားဖြည့်တင်းမည် ဖြစ်သည်။ သြစတြေးလျ တောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်လည်း Toyota တံဆိပ် Camry V6  ကားသစ်များ အသုံးပြုရန်စီစဉ်နေသည်။ BMW ကားများကို ဥရောပဒေသတစ်လွှား ရဲကားများအဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်များ လုံခြုံရေးအတွက်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here