အဝေးပြေးလမ်းမကြီးတွင် ပြေးနေသော မြင်းတစ်ကောင်ကို ကားနှစ်စီး ဘေးချင်းယှဉ်မောင်းလျက် ကယ်ဆယ်

516

မော်တော်ယာဉ်မောင်းသူနှစ်ယောက်သည် တက္ကဆက်ပြည်နယ်ရှိ ရှုပ်ထွေးစည်ကားသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ပြေးလွှားနေသော မြင်းတစ်ကောင်၏ ဘေးတစ်ဖက်တစ်ချက်မှ ကားနှစ်စီး ယှဉ်မောင်းပြီး မြင်းဇက်ကြိုးကိုကိုင်ကာ မြင်းကို ကယ်ဆယ်နိုင်ခဲ့ကြကြောင်း မေ ၂၂ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အဆိုပါမြင်းသည် ၎င်း၏ပိုင်ရှင်ထံမှ လွတ်ထွက်လာဟန်ရှိပြီး တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ရှိ ရှုပ်ထွေးစည်ကားသော အဝေးပြေးလမ်းမကြီးပေါ်တွင် အသားကျပြေးနေခြင်းဖြစ်သည်။ ကားနှစ်စီးအနက် အဖြူရောင် Pick-Up ထရပ်ကားမှ အမျိုးသမီးငယ်သည် ကားပြတင်းပေါက်မှ ထွက်ပြူ၍ မြင်းဇက်ကြိုးကို ဆွဲယူရန် ကြိုးပမ်းနေစဉ် ဒုတိယမြောက်ကားသည် မြင်းမထွက်ပြေးစေရန် မြင်း၏ အခြားတစ်ဖက်မှ ပိတ်မောင်းပေးခဲ့ရာ အမျိုးသမီးငယ်သည် မြင်းဇက်ကြိုးကိုမိပြီး မြင်းကို ကားပြတင်းပေါက်မှ တစ်ဆင့်ထိန်းကာ ခေါ်ဆောင်နိုင်ခဲ့သည်။

ကားနှစ်စီးအနက် ဒုတိယမြောက်ကားတွင် လိုက်ပါလာသူသည် အဆိုပါအဖြစ်အပျက်ကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပြီး ကားသမားသည်လည်း မြင်းကို ကယ်လာသော အဖြူရောင် Pick-Up နှင့် ဘေးချင်းယှဉ်လျက် ကားကို ခပ်ဖြည်းဖြည်းမောင်းနှင်လိုက်ပါကာ မြင်းမထွက်ပြေးစေရန်နှင့် Pick-Up ကားဘေးမှ အခြားကားများ ကျော်မတက်စေရန် ကာကွယ်ပေးခဲ့သည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here