အဝေးပြေးခရီးသွားများနှင့်  ပြေးဆွဲမည့်ကား  မလုံလောက်ပါက တရားဝင်ကြေညာစာများကပ်၍  YRTA မှ ကားလက်မှတ်ရောင်းချပေးမည်

790

ရန်ကုန်၊ ဧပြီ

သကြင်္န်မတိုင်မီ ခရီးသွားများသည့်ကာလများနှင့် သကြင်္န်ကာလအတွင်း အဝေးပြေးကား လုံလောက်မှုမရှိပါက YRTA မှ လိုအပ်သည့် ကားအရေအတွက်အလိုက် အစားထိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

အဝေးပြေးယာဉ်လိုင်းများမှ သကြင်္န်ကာလအတွင်း  ပြေးဆွဲနိုင်မည့် ကားအရေအတွက်ကို ယခုတစ်ပတ်အတွင်း တင်ပြရန် ညွှန်ကြားထားပြီး ယင်းစာရင်းအပေါ်မူတည်၍ YRTA မှ လိုအပ်သည့် ကားအရေအတွက်ကို ပြေးဆွဲပေးမည်ဖြစ်ရာ ထိုသို့ပြေးဆွဲရာတွင် အောင်မဂင်္လာအဝေးပြေးကားဝင်း နှင့် ဒဂုံဧရာအဝေးပြေးကားဝင်းတို့တွင် ဗီနိုင်းနှင့် ကြေညာစာများကပ် ၍ ကားလက်မှတ်များ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

”အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ကားအရေအတွက် ဘယ်လောက်ပြေးဆွဲပေးနိုင်မလဲဆိုတာ စာရင်းတောင်းထားတယ်၊ အဲဒီ စာရင်းနဲ့ ခရီးသည်အပေါ်မူတည်ပြီး၊ အခြေအနေကြည့်ပြီး ပြေးဆွဲပေးရမှာပါ၊ သူတို့ရဲ့ စီးပွားရေးလည်းမထိခိုက်အောင်၊ ပြည်သူတွေလည်း အဆင်ပြေအောင် လုပ်ဆောင်ပေးမှာပါ၊ ခရီးသည်အပေါ်မူတည်ပြီး လိုအပ်တဲ့ကားလက်မှတ်ကို အဝေးပြေးကားဝင်းတွေမှာ ဗီနိုင်းထောင်ပြီး တရားဝင်ရောင်းချပေးမှာပါ” ဟု ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ထို့ပြင် သကြင်္န်ကာလအတွင်း အဝေးပြေး ယာဉ်စီးခလက်မှတ် စျေးနှုန်း ပိုမိုရောင်းချသည့် ယာဉ်လိုင်းကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်မည်ဖြစ်ပြီး  ယာဉ်စီးခ လက်မှတ် စျေးနှုန်းပိုမိုရောင်းချခြင်း အတွက် အဝေးပြေး YRTA ရုံးနှင့် Hotline ဖုန်းနံပါတ်များ ဖြစ်သည့်  ဝ၉-၄၄၈ ၁၄၇ ၁၄၉၊ ဝ၉-၄၄၈ ၁၄၇ ၁၅၄၊ ဝ၉-၄၄၈ ၁၄၇ ၁၅၃ တို့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here