အဝေးပြေးကားကြီးတွေ အရေးပေါ်ရပ်တန့်ဖို့ ဖန်တီးထားတဲ့ Runaway Truck Ramp တွေအကြောင်း တစေ့တစောင်း

545

တောင်ကုန်း/တောင်တန်းထူထပ်တဲ့အရပ်ဒေသကို ဖြတ်သန်းဖောက်လုပ် ထားတဲ့ အဝေးပြေးလမ်းပေါ် မောင်းနေတဲ့ ကုန်အပြည့်နဲ့ထရပ်ကားတစ်စီး သာ မတော်တဆဘရိတ်ပေါက်သွားရင် အန္တရာယ်ကင်းကင်း ရပ်တန့်ဖို့ ဆိုတာ အလွန်ခက်ခဲမှာပါ။ အလေးချိန် ပေါင်ရှစ်သောင်းရှိတဲ့ ကုန်တွေ တင်ပြီး တစ်နာရီ မိုင်တစ်ရာနှုန်း မောင်းလာတဲ့ ထရပ်ကားတစ်စီးသာ ကုန်းဆင်းလမ်းမှာ ဘရိတ်ပေါက်သွားခဲ့ရင် ရှေ့ဘက်မှာရှိတဲ့ တခြား ကားသေးလေးတွေအတွက် မတွေးရဲစရာပါပဲ။ အဲဒီလို အဝေးပြေးလမ်းမှာ ကုန်တင်ထရပ်ကား၊ ဒါမှမဟုတ် ဘတ်စ်ကားတို့လို ကားကြီးတွေ အကြောင်းကြောင်းကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်တဲ့အခါ အရေးပေါ် ရပ်တန့်ဖို့ ဖန်တီးပေးထားတဲ့နေရာဖြစ်တဲ့ Runaway Truck Ramp တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Runaway Truck Ramp ဆိုတာ ကားကြီးတွေရဲ့ အရွေ့စွမ်းအင် (Kinetic Energy) ကို ဖြည်းဖြည်းချင်းထိန်းချုပ်လျှော့ချပြီး အထိအခိုက် မရှိဘဲ ရပ်လို့ရအောင် ဒီဇိုင်းထုတ်ဖန်တီးထားတာပါ။ တောင်ထူထပ်တဲ့ ဧရိယာတွေမှာသာ အမြဲလိုလိုရှိတတ်တဲ့ Runaway Truck Ramp ဟာ ပုံမှန်အားဖြင့် ရှည်မျောမျောဖြစ်ပြီး သဲ၊ ဒါမှမဟုတ် ကျောက်စရစ်ခင်းထား တဲ့ မတ်စောက်တဲ့ဆင်ခြေလျှောလမ်းမျိုး ဖြစ်ပါတယ်။ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တဲ့ ကားကြီးအနေနဲ့ Runaway Truck Ramp ထဲ ဝင်လိုက်ရင် သဲ၊ ဒါမှမဟုတ် ကျောက်စရစ်တွေရဲ့ ပွတ်တိုက်မှုကြောင့် ဘီးလည်အားနှေးသွားသလို အပေါ်ဘက် မတ်စောက်ထားတဲ့ လမ်းဒီဇိုင်း ကြောင့် ကမ္ဘာမြေဆွဲအား လျော့ပါးသွားတဲ့ အကျိုးသက်ရောက်ပြီး ပြင်း ထန်စွာထိခိုက်ခြင်းမရှိဘဲ ရပ်တန့်သွားမှာပါ။
Runaway Truck Ramp တွေဟာ တစ်ခုနဲ့တစ်ခု ထပ်တူညီခြင်း မရှိဘဲ တည်ဆောက်ပုံ၊ အသုံးပြုတဲ့ပစ္စည်း၊ အရပ်ဒေသနဲ့ အကျိုး သက်ရောက်မှုအလိုက် ဒီဇိုင်းပုံစံ ကွာခြားပါတယ်။ အတွေ့ရများတဲ့ Runaway Truck Ramp ဒီဇိုင်းတွေက Arrester Bed ၊ Gravity Escape Ramp ၊ Sand Pile Escape Ramp ၊ Mechanical-arrester Escape Ramp နဲ့ Alternatives တို့ဖြစ်ပါတယ်။ Arrester Bed က ကျောက်စရစ်ခင်းထားတဲ့ ဆင်ခြေလျှော မျက်နှာပြင်ဖြစ်ပြီး အသုံးပြုမယ့် ကားကြီးတွေရဲ့ အလေး ချိန်၊ မြန်နှုန်းအလိုက် မတ်စောက်မှု၊ လမ်းအရှည်တွေ ပုံဖော်ထားတတ် ပါတယ်။ Gravity Escape Ramp က အဝေးပြေးလမ်းနဲ့အပြိုင် အပေါ်ဘက်မတ်ထားတဲ့ လမ်းရှည်မျိုးဖြစ်ပြီး ကားကြီးအနေနဲ့ ရပ်သွား ပြီးမှ နောက်ပြန်လျှောကျတတ်တဲ့ပြသနာ ကြုံတတ်ပါတယ်။ Sand Pile Escape Ramp က သဲဖုံးထားတဲ့ လမ်းတိုမျိုးဖြစ်ပြီး Gravity Ramp ထက်တိုတဲ့ Mechanical-arrester Escape Ramp က ကွန်ကရစ်လမ်းဖြစ်သလို ကားကြီးအရှိန်သတ်သွားအောင် Stainless-steel ပိုက်ကွန်နဲ့ တားဆီးပေးထားပါတယ်။ ဒီစနစ်က ကုန်ကျစရိတ် များပေမဲ့ ထိခိုက်ပျက်စီးမှုကိုတော့ အကောင်းဆုံးကာကွယ်ပေးပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တိကပ်ပြည်နယ်မှာရှိတဲ့ Mechanical-arrester Escape Ramp ဆိုရင် ကွန်ကရစ်လမ်းပေါ် နှင်းနဲ့ ရေခဲတွေမရှိအောင် လျှပ်စစ်ဓာတ်အား အပူပေးစနစ်ပါ ထည့်သွင်းထား ပါတယ်။ Alternatives ကတော့ ကားကြီးကို တားယူဖမ်းဆီးပေးမယ့် အကာအရံတပ်ထားတာပဲ ဖြစ်ပါတယ်။
Runaway Truck Ramp တွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ စတင်တည်ဆောက်ခဲ့သလဲဆိုတာ အတိအကျ မသိပေမဲ့ တောင်ထူထပ် တဲ့ဒေသတွေမှာ ၁၉၆၅ ခုနှစ် ဝန်းကျင်က စတင်တည်ဆောက်ခဲ့တယ်လို့ ယေဘုယျ လက်ခံထားကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here