အလှဘုရင်မ မာရီလင်မွန်ရိုးရဲ့ တစ်ချိန်က စီးတော်ယာဉ်များအကြောင်း တစေ့တစောင်း

1377

 

မာရီလင်မွန်ရိုး(Marilyn Monroe) လို့ ဆိုလိုက်ရင် အထူးအထွေ မိတ်ဆက်နေစရာ မလိုလောက်အောင် နာမည်ကျော်ကြားခဲ့တဲ့ အမေရိကန် မင်းသမီးတစ်လက်မှန်း လူတိုင်းနီးပါး သိရှိကြပါတယ်။ ၁၉၅ဝ ပြည့်လွန်နှစ်တွေရဲ့ အကျော်ကြားဆုံး လိင်ဆွဲဆောင်မှုသင်္ကေတတစ်ခုဖြစ်တဲ့ မွန်ရိုးဟာ ခေတ်တစ်ခေတ်ရဲ့ ညှို့ငင်အားပြည့် ပြယုဂ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ လူမှုဘဝပြဿနာတွေ ရှုပ်ထွေးလွန်းတဲ့ မွန်ရိုးဟာ စိတ်ကျဝေဒနာ၊ မူးယစ်ဆေးအလွဲသုံးမှုတွေနဲ့ လုံးချာလည်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် ၁၉၆၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပေမဲ့ ရာစုနှစ်တစ်ဝက်ကျော်တဲ့အထိ အထင်ကရ ရေပန်းစားပုဂ္ဂိုလ်အဖြစ် ထင်ကျန်နေဆဲ ဖြစ်ပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အကျော်ကြားဆုံး ရွေအိုရောင်ဆံနွယ်ရှင် မွန်ရိုးရဲ့လူနေမှုဘဝမှာ လူသိများထင်ရှားတဲ့ အရာတစ်ခုကတော့ ကားတွေကို နှစ်ခြိုက်သဘောကျတတ်တာပါပဲ။ အခုခေတ်လို ကားတွေမပေါများ သေးတဲ့ အဲဒီခေတ်အခါမှာတောင် မွန်ရိုးဟာ ရေပန်းစားကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ပီပီ အလန်းစားမော်တော်ကား များစွာကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

မွန်ရိုးပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးကားကတော့ ၁၉၄၈ မိုဒယ် Ford Super Deluxe Convertible အမိုးဖွင့်ကား ပါပဲ။ အဲဒီတုန်းက သူ့ရဲ့ ပထမဆုံးထုတ်လုပ်သူက အဲဒီကားနဲ့အတူ ဓာတ်ပုံရိုက်ဖို့ နာမည်သိပ်မကြီးသေးတဲ့ မွန်ရိုးကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ ကားတွေကို နှစ်ခြိုက်တဲ့ မွန်ရိုးဟာ အဲဒီကားကို သူ့အတွက် ကိုယ်ပိုင်ဝယ်ယူခဲ့ပြီး ကားအတွက် အဖိုးအခပေးချေနိုင်ဖို့ ပုရိသအကြိုက် ဓာတ်ပုံတွေကိုတောင် အရိုက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူနာမည်ကြီးလာပြီး ဝင်ငွေကောင်းလာချိန်မှာတော့ မွန်ရိုးတစ်ယောက် ၁၉၅၄ မိုဒယ် Cadillac Convertible အမိုးဖွင့် ကားတစ်စီးကို ဝယ်ယူအသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ဒုတိယမြောက်ခင်ပွန်း နာမည်ကျော် ဘေ့စ်ဘောအားကစားသမား Joe DiMaggio နဲ့ အိမ်ထောင်ကျပြီး နောက်မှာတော့ ခင်ပွန်းဖြစ်သူလက်ဆောင်ပေးတဲ့ Cadillac El Dorado ကားကို အသုံးပြုခဲ့ပါတယ်။ ဒါ့ပြင် နီဗားဒါသဲကန္တာရမှာ အကြမ်းခံတဲ့ Land Rover Series I ကိုမောင်းပြီး အပန်းဖြေရတာကိုလည်း သူနှစ်သက်ပါတယ်။ တတိယမြောက်ခင်ပွန်း စာရေးဆရာ Arthur Miller နဲ့ ငါးနှစ်တာ အိမ်ထောင်သက်အတွင်းမှာတော့ မွန်ရိုးရဲ့ ကားဂိုဒေါင်ထဲမှာ လှပတဲ့ Jaguar XK 140 Cabriolet အမိုးဖွင့်ပြိုင်ကားလေးတစ်စီး ထပ်တိုးလာခဲ့ပါတယ်။ မွန်ရိုးဟာ ဥရောပထုတ်ကားတွေကို သိပ်ကြိုက်နှစ်သက်ဟန် မတူပေမဲ့ Mercedes 220 S Cabrio တစ်စီးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ မွန်ရိုးနှစ်သက်မြတ်နိုးမှုအရှိဆုံး ကားတစ်စီးကတော့ Ford Thunderbird ဖြစ်ပြီး Miller ဆီကနေ လက်ဆောင်ရရှိထားတာပါ။ ၁၉၆၁ ခုနှစ် The Misfits ရုပ်ရှင်ရိုက်ကူးချိန်မှာလည်း မွန်ရိုးဟာ Chrysler ကနေ Chrysler 300 Convertible 1962 ကားသစ်တစ်စီး ရရှိခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုတွေမှာ ကားတွေနဲ့မကင်းသလို တကယ့်လက်တွေ့ ဘဝမှာလည်း ကားတွေနဲ့ ကားမောင်းခြင်းကို သဘောကျတဲ့ အလှဘုရင်မ မွန်ရိုးဟာ သူ့ပတ်ဝန်းကျင်မှာ ဖိအားတွေများလာတဲ့အခါ စိတ်ဖိစီးမှုကနေ ခဏတာလွတ်မြောက်ဖို့အတွက် ကားလျှောက်မောင်းလေ့ ရှိပါတယ်။ ထူးခြားချက်အနေနဲ့ မွန်ရိုးဟာ ကြေးရတတ် နာမည်ကျော်အနုပညာရှင်တစ်ယောက် ဖြစ်ပေမဲ့ အဲဒီခေတ်က တခြားနာမည်ကျော်တွေလို အပိုဆာဒါးအဆောင် အယောင်တွေကို နှစ်ခြိုက်သူမဟုတ်ဘဲ ကားတွေကိုလည်း မူရင်းသဘာဝ ပုံစံအတိုင်းပဲ ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ အဲဒါကြောင့် သူပိုင်ကားအတော်များများရဲ့ ကိုယ်ထည်အရောင်ဟာ အများအားဖြင့် အဖြူနဲ့ အနက်နှစ်ရောင်ပဲ ဖြစ်ပါတယ်။ မွန်ရိုး ကွယ်လွန်ပြီးတဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ သူပိုင်ကားတစ်စီးကိုမှ ထပ်မမြင်ရတော့ဘူးလို့ ဆိုပါတယ်။ Miller ရဲ့ Thunderbird ကားဟာ ပျောက်ဆုံးနေသလို 1954 Eldorado Convertible ကိုလည်း ထပ်မတွေ့ ကြရပါဘူး။ လေလံတင်ရောင်းချလိုက်တာ၊ ဒါမှမဟုတ် လက်ပြောင်းလက်လွှဲနဲ့ ပိုင်ရှင်ပြောင်းသွားတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here