Missoin X အမည်ရ အလွတ် လေထီးခုန် စတန့်အဖွဲ့သည် လွန်ခဲ့သည့် လအနည်းငယ်က လေယာဉ်တစ်စီးပေါ် ကားတစ်စီးတင်ဆောင်ကာ အဆိုပါ ကားနှင့်အတူ သဲကန္တာရထဲသို့ အလွတ်လေထီးစတန့် ခုန်ချခဲ့ကြကြောင်း Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ယခုနှစ် သြဂုတ်လက အရီဇိုးနားသဲကန္တာရထဲသို့ Mission X အဖွဲ့ဝင်များက ကားဖြင့် လေထီးစတန့် ခုန်ချခဲ့ကြခြင်း ဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်းများအရ သိရသည်။ Mission X အဖွဲ့သည် လေထီးခုန်ချရာတွင် အသုံးပြုမည့် Toyota Corolla FX ကားကို အရီဇိုးနားပြည်နယ် သို့မပို့မီ တက္ကဆက်ပြည်နယ်တွင် သီတင်းပတ်များစွာ အချိန်ယူကာ ဘေးကင်းနိုင်သမျှ ကင်းအောင် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ တချို့တစ်ဝက် ပါဝင်သည့် Mission X အဖွဲ့သည် လေထီး ခုန်ချမည့် ကားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆံပင်ပုံစံတူ အရုပ်၊ အမေရိကန် အလံ၊ Trump 2020 စာသားတို့ ဖြင့် ဆေးမှုတ်ခြယ်သထားပြီး ကားထဲမှ အင်ဂျင်အလုံးလိုက် ဖယ်ထုတ်ခဲ့သလို လောင်စာဆီ၊ ချောဆီ အစရှိသည့် အရည်များ ကိုဖယ်ရှားကာ ပျံသန်းနိုင်အောင် လုပ်ဆောင်ခဲ့သည်။ အရီဇိုးနား အလွတ်လေထီးခုန် လေယာဉ် ပေါ်တင်ဆောင်လာသည့် ယင်းကားထဲ၌ လူငါးဦးထိုင်လျက် လိုက်ပါကာ အရီဇိုးနားသဲကန္တာရ ထဲအရောက်တွင် အခြားသူနှစ် ဦးက လေယာဉ်ပေါ်မှ ကားကို တွန်းချပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့သည် လေယာဉ်ပေါ်မှ ခုန်ချပြီးနောက် ကားထဲတွင် ၁၅ စက္ကန့်ကြာနေခဲ့ပြီးမှ လေထီးများအသုံးပြုကာ ကားထဲမှ ခုန်ချခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ ခုန်ထွက်ပြီးနောက် ဇောက်ထိုးဖြစ်သွားသည့် ကားမှာ ကန္တာရထဲသို့ ပြုတ်ကျပျက်စီးသွားခဲ့သည်။
ယခု လုပ်ဆောင်ခဲ့သည့် စတန့်ပြကွက်မှာ Mission X အဖွဲ့ဝင်တစ်ဦး၏ ၁ဝ နှစ်ကြာ ကိန်းအောင်းလာခဲ့သည့် အိပ်မက်တစ်ခုဖြစ်ပြီး ကားဟောင်းကားပျက် နှစ်စီး ဝယ်ယူကာ တစ်စီးကို ယခုလို ဆေးရောင်ခြယ်၍ လေထီးခုန်စတန့်ပြကွက်၌ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လေထီးခုန် ဆင်းသက်ရန်အတွက် လျှပ်စစ်ဓာတ်ကြိုးများနှင့် ဝေးကွာသည့် အရီဇိုးနားဧရိယာ ၅၁ ဟု လူသိများသော နေရာအား ရွေးချယ် ခဲ့ကြောင်းလည်း သိရသည်။
Ref: Daily Mail