အလျင်မြန်ဆုံး အရှိန်မြှင့်တင်နိုင်တဲ့ ဇိမ်ခံဆီဒန်ကား 2018 Tesla Model S P100D

970

အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ လျှပ်စစ်စွမ်းအင်အပြည့်သုံး အရွယ်အစားပြည့် ဇိမ်ခံကားမိုဒယ် Model S ကို ၂ဝ၁၂ ခုနှစ်ကတည်းက ထုတ်လုပ်စျေးကွက်တင်ခဲ့တာဖြစ်ပြီး ၂ဝ၁၃ ခုနှစ်မှာတော့ တစ်နှစ်တာအတွက် အကောင်းဆုံးကားဆု၊ အကောင်းဆုံး Green Car ဆုနဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံးကားဆုအပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။ ၂ဝ၁၅ နဲ့ ၂ဝ၁၆ ခုနှစ်မှာ ရောင်းအားအကောင်းဆုံး Plug-in လျှပ်စစ်ကားဖြစ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် နှစ်ကုန်အထိ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး လျှပ်စစ်ကားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ Model S ရဲ့ ဒီဇိုင်းကို ထပ်တိုးမွမ်းမံခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလမှာတော့ 2018 Tesla Model S အတွက် 75D ၊ 100D နဲ့ အဆင့်အမြင့်ဆုံး P100D ဗားရှင်းတွေကိုပါ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။

စက်စွမ်းရည်

လေးဘီးယက်စနစ်သုံး Model S P100D မှာ 100kWh Battery နဲ့ လျှပ်စစ်မိုတာနှစ်လုံး တပ်ဆင်ပေးထားပြီး တခြားဗားရှင်းနှစ်ခုထက် စွမ်းအားပိုပြည့်ဝတာကြောင့် မြင်းကောင်ရေ ၆၈ဝ အားအထိ ထုတ်လုပ်ပေးနိုင်သလို လျှပ်စစ်ဓာတ်အားအပြည့်သွင်းထားရင် ၃၁၅ မိုင်အထိ မရပ်မနား အသုံးပြုမောင်းနှင်နိုင်မှာပါ။ လျှပ်စစ်ကားတစ်စီးဖြစ်ပေမဲ့ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ ၁၅၅ မိုင်နှုန်းဖြစ်ပြီး ၂ ဒသမ ၅ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်တာကြောင့် ကမ္ဘာမှာ အလျင်မြန်ဆုံး အရှိန်မြှင့်တင်နိုင်တဲ့ ဇိမ်ခံဆီဒန်ကားလို့တောင် ဆိုနိုင်ပါတယ်။ ဘက်ထရီ အားသွင်းတဲ့အခါ 75 kWh အား Home Wall Charger မှာဆိုရင် မိုင်တစ်ရာစာခရီးအတွက် သုံးနာရီကြာအားသွင်းရပြီး 100 kWh အား Wall Charger မှာတော့ မိုင်တစ်ရာသွားလာနိုင်ဖို့အတွက် အားသွင်းချိန် နှစ်နာရီပဲကြာမှာပါ။ ဒါပေမဲ့ Tesla Supercharger နဲ့ အားသွင်းမယ် ဆိုရင်တော့ မိုင်တစ်ရာစာခရီးအတွက် အားသွင်းချိန် ၁၅ မိနစ်လောက်ပဲ ပေးရမှာဖြစ်ပါတယ်။ ဗားရှင်းတိုင်းမှာ One-Speed ဂီယာ တပ်ဆင်ထားပြီး စတီယာရင်ကိုလည်း လျှပ်စစ်ကားတစ်စီးနဲ့ အလိုက်ဖက်ဆုံး ဖြစ်အောင် စီမံတပ်ဆင်ထားပါတယ်။ ဘရိတ်နဲ့ Air Suspension ကိုလည်း အကောင်းဆုံးမွမ်းမံထားပြီး မောင်းနှင်ရတာလည်း ငြိမ်သက်မှုရှိတာကြောင့် လမ်းမျက်နှာပြင်အတော်များများမှာ ဇိမ်ကျသက်သာစွာ မောင်းနှင်အသုံးပြုနိုင်ပါတယ်။

တည်ဆောက်ပုံ

Model S ရဲ့ တံခါးငါးပေါက်နဲ့ Liftback ပုံစံ ကားကိုယ်ထည်ဟာ ၂ဝ၁၆ ခုနှစ်တုန်းက အသေးစားဒီဇိုင်းမွမ်းမံပြီးဖြစ်တာကြောင့် ၂ဝ၁၈ မိုဒယ်မှာတော့ ထူးထူးခြားခြား ကိုယ်ထည်ဒီဇိုင်းကွဲပြားမှု မရှိသလောက် နည်းပါးပါတယ်။ ကားကိုယ်ထည်မှာ ပိုပြီးရှင်းလင်းလှပတဲ့ ကောက်ကြောင်းလိုင်းတွေကို တွေ့မြင်ရပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းကစလို့ ပြောင်းလဲသွားတဲ့ ရှဲလ်(Grille) ဒီဇိုင်းကတော့  ရှဲလ်ကွက်တွေမပါတော့ဘဲ Tesla လိုဂိုကိုပဲ အစားထိုးတပ်ဆင်ပေးထားတာက ထူးခြားချက်တစ်ခုပါပဲ။ အဲဒီလို ရှဲလ်နဲ့ ကားအနောက်ဘက်မှာ အိပ်ဇောပိုက်တွေ မပါတော့တဲ့အချက်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ လျှပ်စစ်ကားစစ်စစ်တစ်စီးရဲ့သွင်ပြင်ကို ပိုပြီးထင်ရှားသိသာစေပါတယ်။ အချိုးအစားကျနစွာ တည်ဆောက်ဖန်တီးထားတဲ့ ကားကိုယ်ထည်မှာ ရှဲလ်ကို အသားမပေးဘဲ အသစ်မွမ်းမံထားတဲ့ ကားရှေ့မျက်နှာစာဟာ အရင်က Model S ဆီဒန်ကားတွေနဲ့မတူဘဲ တစ်မူထူးခြား ကွဲထွက်နေပါတယ်။ သေသပ်လှပတဲ့ ကားဘေးဘက်မှာတော့ Tesla လိုဂိုပါဝင်တဲ့ ၂၁ လက်မအရွယ် ကားဘီးတွေကို လိုက်ဖက်ညီစွာ တပ်ဆင်ထားပါတယ်။ Model S ကို လေခွင်းအားကောင်းကောင်း၊ ပြည့်ဝတဲ့စွမ်းဆောင်ရည်နဲ့ အဆင့်မြင့်လှပမှုတို့ ပေါင်းစပ်ပြီး လျင်လျင်မြန်မြန်နဲ့ အကောင်းဆုံးမောင်းနှင်အသုံးပြုနိုင်အောင် ဒီဇိုင်းထွင်ဖန်တီးထားသလို ကားကိုယ်ထည်တစ်ခုလုံးရဲ့ အလေးချိန်ကတော့ ၄,၉၄၁ ပေါင် ဖြစ်ပါတယ်။ ခပ်တိုတို ခပ်လျှောလျှောအနေအထားရှိတဲ့ ကားအနောက်ဘက်မှာ အရွယ်အစားကြီးမားတဲ့ ကားနောက်မီးတစ်စုံကို ခပ်ထူထူ ခရိုမီယမ်ဘားတန်းတစ်ခုက သွယ်ဆက်ထားပြီး အဲဒီဘားတန်းရဲ့အပေါ် ကားစက်ဖုံး အစွန်းမှာတော့ Tesla အမှတ်တံဆိပ်လိုဂို ပါဝင်ပါတယ်။ Model S ရဲ့ P100D ဗားရှင်းမှာဆိုရင် ကားမီးတစ်ဖက်ရဲ့ အောက်ဘက်ထောင့်စွန်းတစ်နေရာမှာ P100D စာလုံးကြီးကို အထင်အရှား ရေးထိုးတပ်ဆင်ထားပါတယ်။

အတွင်းခန်း

Model S ရဲ့ အတွင်းခန်းဟာ သူ့လိုအမျိုးအစားတူကားတွေထဲက အတွင်းခန်းအကျယ်ဝန်းဆုံးကားတွေထဲမှာ တစ်စီးအပါအဝင်ဖြစ်ပြီး စုစုပေါင်းခရီးသည်ငါးယောက်နဲ့ ကလေးနှစ်ယောက်လောက်အထိ လုံလုံလောက်လောက် လိုက်ပါစီးနင်းနိုင်ပါတယ်။ဒါ့ပြင် ပစ္စည်းထားစရာ နေရာကလည်း အတော်လေးကျယ်ဝန်းပါတယ်။ ကားအတွင်းကို အသံလုံအောင်လည်း ဖန်တီးထားတာကြောင့် ကျယ်ဝန်းဇိမ်ကျတဲ့ အတွင်းခန်းမှာ ပြင်ပကဆူညံသံတွေ ကင်းဝေးပြီး အေးဆေးငြိမ်သက်စွာ လိုက်ပါစီးနင်းနိုင်မှာပါ။ ကားတာယာသံနဲ့ စက်သံတွေကို မကြားရဘဲ အရှိန်မြှင့်မောင်းနှင်မယ်ဆိုရင်တောင် အသံနည်းနည်းပါးပါးပဲ ကြားရမှာပါ။ ကားအတွင်းမှာ Driver Display နဲ့အတူ ၁၇ လက်မအရွယ် Touch Screen ဖန်သားပြင်တစ်ခုလည်း တပ်ဆင်ပေးထားပါတယ်။ ဒီဇိုင်းရိုးရှင်းသလောက် အဆင့်မြင့်ခေတ်မီတဲ့ ကားအတွင်းခန်းဟာ သူနဲ့စျေးနှုန်းချင်းတူတဲ့ကားတွေထဲမှာတော့ အတွင်းခန်းပစ္စည်း အသုံးအဆောင်တွေရဲ့ အရည်အသွေးမြင့်မားပြီး P100D ဗားရှင်းဟာဆိုရင် အခြေခံ Model S ထက် ပိုဇိမ်ကျတဲ့အဆင့်မြင့်အသုံးအဆောင်တွေ ပါဝင်ပါတယ်။

စျေးနှုန်းနှင့် အာမခံ

၂ဝ၁၈ မိုဒယ် Tesla Model S ရဲ့ စျေးကို ဗားရှင်းအလိုက် ခွဲခြားသတ်မှတ်ထားရာမှာ အခြေခံမိုဒယ် 75D ရဲ့ စျေးက အမေရိကန်ဒေါ်လာတစ်သိန်းနဲ့အထက်ဖြစ်ပြီး အဆင့်အမြင့်ဆုံး Model S P100D ဗားရှင်းဆိုရင်တော့ ဒေါ်လာ ၁၃၅,ဝဝဝ နဲ့အထက် ဖြစ်ပါတယ်။ ကားသစ်အတွက် အာမခံအနေနဲ့ အချိန်လေးနှစ် ပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here