အလုပ်ထွက်ပြီးနောက် ကျောင်းကားတစ်စီးကို Mobile Home အဖြစ် ပြုပြင်ပြောင်းလဲကာ ကနေဒါစုံတွဲတစ်တွဲ ခရီးရှည်ထွက်ခွာ

444

ကနေဒါနိုင်ငံသား စုံတွဲတစ်တွဲသည် ၎င်းတို့၏ လက်ရှိအလုပ်များမှ နုတ်ထွက်ပြီး ကနေဒါနိုင်ငံမှ တောင်အမေရိကအထိ မိုင်ပေါင်း ၃၈,ဝဝဝ ကျော် ခရီးထွက်ရန် ကျောင်းကား ဟောင်းတစ်စီးကို ဝယ်ယူကာ ကားအိမ် (Mobile Home) အဖြစ် မွမ်းမံ ပြောင်းလဲခဲ့ကြောင်း ဇူလိုင် ၂ ရက် တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
ကနေဒါနိုင်ငံ၊ Quebec နယ်၊ Magog မြို့တွင် နေထိုင် သည့် အသက် ၃၅ နှစ်အရွယ် လျှပ်စစ်ပညာရှင် Patrick Maille နှင့် အသက် ၂၉ နှစ်အရွယ် Catherine L’ltalien တို့ စုံတွဲသည် ၎င်းတို့၏ နေ့စဉ်နေထိုင်မှု ဘဝကို ငြီးငွေ့လာသောကြောင့် ခရီးသွားလိုသည့်ဆန္ဒ ဖြစ်ပေါ်ခဲ့ပြီး ၂ဝဝ၆ မိုဒယ် GMC Savana ကျောင်းကားဟောင်း တစ်စီးကို အမေရိကန်ဒေါ်လာ ၄,၉ဝဝ ဖြင့် ဝယ်ယူ၍ ပြုပြင်မွမ်းမံခဲ့ခြင်း ဖြစ် သည်။ ထိုကျောင်းကားကို အချိန် ခြောက်လအတွင်း ရွေ့လျားကား အိမ်အဖြစ် ပြုပြင်ပြောင်းလဲရန် နောက်ထပ် ဒေါ်လာ ၇,၄ဝဝ ထပ်မံ အကုန်အကျ ခံခဲ့ရသည်။ ထို့ပြင် အဆိုပါစုံတွဲသည် မော်တော်ကား ပြုပြင်ပြောင်းလဲစရိတ် ကာမိစေရန် အတွက် ၎င်းတို့ခရီးထွက်နေသည့် ကာလအတွင်းတွင် ၎င်းတို့နေထိုင် ရာအိမ်ကို အငှားချထားခဲ့ပြီး လတ်တလော အသုံးမလိုသည့် အိုးခွက် ပန်းကန်များကိုလည်း အခြားသူ များထံ ပေးကမ်းခဲ့သည်။
၎င်းတို့စုံတွဲသည် ကနဦးတွင် ရွက်လှေတစ်စင်းဝယ်ယူပြီး ရွက်လွင့်ခရီးထွက်ရန် အကြံရှိခဲ့သော် လည်း နောက်ပိုင်းတွင် ရွက်လွင့် သွားလာရမည့် အခက်အခဲများ ကြောင့် ကားတစ်စီးဝယ်ယူကာ ခရီးဆန့်ခဲ့ခြင်း ဖြစ်သည်။ ကားခရီးစဉ်ပြီးဆုံးလျှင် မူလအကြံအစည် ဖြစ်သည့် ရွက်လှေခရီးစဉ်ကို ပြန်လည် အကောင်အထည်ဖော်ရန် စိတ်ကူးရှိသည့် Catherine က ဗန်ကားထဲတွင် အိမ်လုပ်၍ နေထိုင် သွားလာခြင်းသည် နေစရာနေရာ ရှာရန် မလိုအပ်သကဲ့သို့ ကားလည်း စောင့်ဆိုင်းရန် မလိုအပ်ကြောင်း၊ ခရီးဝေးသွားသည့်အခါ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ် နိုင်သလို နေထိုင်စရာနေရာနှင့် သွားလာစရိတ်အတွက် အပိုငွေ ကုန်ကျမှု သက်သာကြောင်းပြောကြား ခဲ့သည်။

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here