အလိုအလျောက်မောင်းနှင်ခြင်းစနစ်သုံး ကားများအတွက် V2X နည်းပညာ

866

 

အလိုအလျောက်မောင်းနှင်ခြင်း စနစ်သုံးကားများ (Self Driving Car) အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် များအနက် V2X Technology သည် အပါအဝင်ဖြစ်ပြီး ယင်းစနစ်သည် ယာဉ်နှင့်လမ်းမအထက်ရှိ ဆက်စပ်သော အရာအားလုံးအကြား ချိတ်ဆက်ပေးသည့် နည်းပညာဖြစ်သည်။ Autonomous Vehicle(AV)များအတွက် လုံခြုံစိတ်ချပြီး ထိရောက်မှုရှိသည့်လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရန် အရေးကြီးသည့် Player ဖြစ်သည်။ AV ယာဉ်များအတွက် ပြည့်စုံမှုရှိသည့် အဆင့်(၄) အလိုအလျောက်မောင်းနှင်ခြင်းစနစ်ကို ယခုအချိန်မှ လာမည့် ငါးနှစ်အတွင်း အင်ဂျင်နီယာများမှ ဖန်တီးမည်ဖြစ်ကြောင်း မော်တော်ယာဉ်အင်ဂျင်နီယာများအသင်းနှင့် အမေရိကန်အခြေစိုက် အမျိုးသားအဆင့် လမ်းအသုံးပြုမှုလုံခြုံရေးစီမံခန့်ခွဲမှုများအဖွဲ့မှ ကတိပြုပြောကြားခဲ့ပြီး ယင်းအဆင့်(၄) သည်သာ အခြေအနေမျိုးစုံအတွက် လုံလောက်သည့် Self Driving ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ၎င်းတို့အနက် မြို့တွင်းမောင်းနှင်မှုများအတွက် လိုအပ်သည့် ခရီးစဉ်နှင့် အခြားအချက်များကို လူသားယာဉ်မောင်း၏ တာဝန်ယူ ထိန်းချုပ်ခြင်း၊ လမ်းကြောင်းစီစဉ်ပေးခြင်းတို့ဖြင့် ဆက်လက်လုပ်ဆောင်မည် ဖြစ်သည်။

အဆင့်(၅) အလိုအလျောက်မောင်းနှင်ခြင်းစနစ်တွင်မူ အခြေအနေအားလုံး၊ နေရာဒေသအားလုံး၌ Self Driving လုပ်ဆောင်နိုင်မည်ဖြစ်ပြီး လူသားယာဉ်မောင်း၏ ထိန်းချုပ်မှု မလိုအပ်ဘဲ လူသားမှ စောင့်ကြည့်အနေအထားသာ ပြုလုပ်ပေးရမည် ဖြစ်သည်။ သို့သော် အချို့သော AV Brand များအနေဖြင့် ၎င်းတို့၏ အလိုအလျောက်မောင်းနှင်မှုစနစ်၏ အဆင့်(၄)နှင့် အဆင့်(၅) တို့အကြား၌ လမ်းမကြီးများ၏ ဥပဒေ များ၊ အာမခံဆိုင်ရာစည်းမျဉ်းများ၊ ပြီးပြည့်စုံစွာရေးဆွဲထားသည့် ဂြိုဟ်တုအခြေခံ GPS လမ်းပြမြေပုံများသည် ကြီးမားသောအခက်အခဲများ ဖြစ်လာနိုင်မည်ဟု သုံးသပ်ထားကြသည်။ အထူးအားဖြင့် အဆင့်(၄) မှ အဆင့်(၅) သို့ ကူးပြောင်းမှုအတွက် အဓိကအရေးကြီးသည့် ဖြစ်နိုင်ဖွယ်အချက်မှာ AV ယာဉ်များမှ အခြားယာဉ်များသို့ ယာဉ်အချင်းချင်း ချိတ်ဆက်ခြင်း(V2V Communication) ပုံစံဖြင့် ဆက်သွယ်မှု၊ ယာဉ်မှ လမ်းဆိုင်ရာအခြေခံအဆောက်အအုံကို ချိတ်ဆက်ခြင်း (V2I) ပုံစံဖြင့် ဆက်သွယ်မှု နှစ်ခုတို့ကို မဖြစ်မနေအသုံးပြုရမည်ဖြစ်သည်။ အဆိုပါ V2V နှင့် V2I တို့ပေါင်းစပ်ထားသော ယာဉ်မှ အားလုံးသို့ ချိတ်ဆက်မှုစနစ်(V2X Communication) ကို အသုံးပြုနိုင်ခဲ့ပါက အကောင်းဆုံးရလဒ် ဖြစ်ပေါ်စေနိုင်မည်ဟု AV Brand များမှ ယုံကြည်ထားပါသည်။

 

 

 

 

 

Vehicle to Vehicle – V2V

ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော အလိုအလျောက် မောင်းနှင်ခြင်းနည်းပညာ စနစ်သုံး (Autonomous Technology) ကားများ စမ်းသပ်မောင်းနှင်ခြင်းဖြစ်စဉ် နှစ်ခု၌ V2V နည်းပညာအထောက်အကူဖြင့် များစွာအကာအကွယ်ရရှိခဲ့သည်ကို ပညာရှင်များလေ့လာတွေ့ရှိခဲ့သည်။ ပထမဖြစ်စဉ်မှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၌ စမ်းသပ်ခဲ့သည့် ကမ္ဘာကျော် Tesla ၏ Autopilot Program ဖြစ်ပြီး စမ်းသပ်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ Semi Tractor Trailer ဖြင့် ဝင်ရောက်တိုက်ခိုက်မိခြင်းဖြစ်သည်။ ဒုတိယဖြစ်စဉ်မှာ Uber မှ တာဝန်ယူစမ်းသပ်သည့် Volvo AV စမ်းသပ်မှုဖြစ်ပြီး စမ်းသပ်မောင်းနှင်နေစဉ် အလိုအလျောက်စနစ် မှ ရုတ်တရက် ထောက်လှမ်းမှု လုံးဝရပ်တန့်သွားခဲ့၍ ယာဉ်၏မျက်နှာချင်းဆိုင်ရှိ လူသားယာဉ်မောင်းပါဝင်သော စမ်းသပ်ယာဉ်မှာ ဘေးသို့ချက်ချင်းရှောင်လိုက်သည့်အတွက် ထိခိုက်မှုမရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ကာ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်နှစ်ခုစလုံးတွင် တူညီသည့်အချက်မှာ မျက်နှာချင်းဆိုင်ရှိ ယာဉ်များ၌ ချိတ်ဆက်ထားသည့်စနစ်များပါရှိသည့်အတွက် တစ်ဖက်မှ ချက်ချင်းတုန့်ပြန်နိုင်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့၍ V2V သည် များစွာအသုံးဝင်သည့်စနစ်ပင်ဖြစ်သည်။

အခြားသောစမ်းသပ်မှုဖြစ်သည့် မြို့တွင်းလမ်းများ၌ စမ်းသပ်မောင်းနှင်ခြင်းတွင် လူသားယာဉ်မောင်း ပါဝင်သည့်ယာဉ်သည် မီးပွိုင့်မှထွက်ရာ၌ AV စမ်းသပ်ယာဉ်များကို ကန့်လန့်ဖြတ် ဝင်ရောက်တိုက်မိခြင်းကို တွေ့ရှိရသည်။ အကြောင်းမှာ AV စမ်းသပ်ယာဉ်များ ပတ်လည်၌ တပ်ဆင်ထားသည့် အာရုံခံကိရိယာ ဆင်ဆာများသည် ယာဉ်ကွေ့လိုက်သည့်ဘက်ရှိ လမ်းကြောင်းအခြေအနေကို အာရုံခံနိုင်မှုမရှိခြင်း၊ သို့မဟုတ် မီးပွိုင့်၏ အဝါ၊ အနီ၊ အစိမ်းအပေါ် လူသားယာဉ်မောင်းကဲ့သို့ မှန်ကန်၊ မြန်ဆန်စွာတုံ့ပြန်မှု မပေးနိုင်ခြင်းတို့ ဖြစ်၍ တစ်ဖက်ယာဉ်ကြောရှိ လူသားပါဝင်သည့်စမ်းသပ်ယာဉ်မှ ဝင်ရောက်တိုက်ခိုက်မိခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များတွင် V2V နည်းပညာတို့ကို ထည့်သွင်းထားပါက ယင်းနည်းပညာမှ ယာဉ်၏ပတ်လည်ရှိ ယာဉ်ကြောအခြေအနေများ ထုတ်လွှတ်ပေးမည်ဖြစ်ပြီး တစ်ဖက်ယာဉ်ထံသို့လည်း သတိပေးခြင်း ဆောင်ရွက်ပေးပါမည်။ အဆိုပါ ဆက်သွယ်မှု၌ မြို့တွင်းရှိ မီးပွိုင့်များ၊ ယာဉ်ကြောပိတ်ဆို့ခြင်းများ၊ လမ်းပြင်နေသည့် အခြေအနေများ အပါအဝင် မြေပြင်အခြေအနေအားလုံးကို ယာဉ်အချင်းချင်းချိတ်ဆက်၍ သတင်းပို့ပေးခြင်းဖြင့် မတော်တဆမှုများကို ကြိုတင်ကာကွယ်နိုင်မည် ဖြစ်သည်။

 

 

 

 

Vehicle to Infrastructure – V2I

V2I အတွက် သင့်လျော်သည့် ဥပမာမှာ လက်ရှိ စမ်းသပ်အသုံးပြုနေသော Audi ၏ Traffic Light Information(TLI) စနစ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂတ်စ်မြို့၌ စမ်းသပ်လျက်ရှိပါသည်။ ယင်းစနစ်သည် 4G LTE Tech နှင့် အဆင်ပြေစွာအသုံးပြုနိုင်ပြီး Audi ကားမိုဒယ်အချို့၌ တပ်ဆင်ထားသည်။ စနစ်၏သဘောမှာ မီးပွိုင့်၏ ယာဉ်လွှတ်ခြင်း၊ တားခြင်းများဖြင့် အဓိကချိတ်ဆက်ထားပြီး ယာဉ်မောင်းအနေဖြင့် မီးပွိုင့်နီမည့်အချိန်နှင့် မိမိယာဉ်၏အရှိန်ကို ချိန်ညှိနိုင်သည့်အတွက် တစ်ဖက်မီးပွိုင့်မှ မီးစိမ်း၍ထွက်လာမည့်ယာဉ်များကို ဝင်တိုက်မိခြင်းမှ အကာအကွယ်ရနိုင်ပါမည်။ ထို့ပြင် ယာဉ်၏ GPS စနစ်နှင့်ချိတ်ဆက်ထား၍ မိမိသွားလိုသည့်ခရီးတစ်လျှောက်လုံးရှိ မီးပွိုင့်အခြေအနေများကို သိရှိနိုင်သည့်အတွက် ခရီးကြာမြင့်ချိန်၊ ဆီစားနှုန်းတို့ကို တွက်ချက်မောင်းနှင်နိုင်ပါသည်။ ထို့ ကြောင့် လာ့စ်ဗီးဂတ်စ်မြို့၌ ပြုလုပ်နေသည့် စမ်းသပ်မှုများမှ အထူးထိရောက်သည့် ရလဒ်များပေါ်ထွက်ခဲ့ပါက V2I နည်းပညာကို ကမ္ဘာ့မြို့ကြီးများတွင် နှစ်အနည်းငယ်အတွင်း တွင်ကျယ်စွာအသုံပြုလာနိုင်မည် ဖြစ်ပြီး AV များအတွက်လည်း အထူးထိရောက်သည့် ထောက်ပံ့စနစ်လည်း ဖြစ်လာနိုင်သည်။

 

 

 

 

 

 

 

Vehicle to Everything – V2X

V2X နည်းပညာအတွက် အဓိကကျောရိုးမှာ ပြည့်စုံစွာ တပ်ဆင်ထားသည့်ကိရိယာများနှင့် အခြေခံအဆောက်အအုံများ ဖြစ်သည်။ V2V စနစ်အရ စက်တပ်မော်တော်ယာဉ်အားလုံး၌ အထူးထိရောက်မှုရှိသည့်ချိတ်ဆက်မှုစနစ်များ ပါရှိရမည်။ ဆိုလိုသည်မှာ AV Brand အားလုံး၌ အတိအကျကူညီသည့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာများ ပါရှိရန် လိုအပ်ပြီး ယင်းတို့နှင့်ချိတ်ဆက်အသုံးပြုရန် AV မဟုတ်သည့် အခြားလူသားမောင်းနှင်သည့်ယာဉ်များတွင်လည်း အလားတူစနစ်များပါရှိရမည်ဖြစ်သည်။ ထိုမှသာ လမ်းမအထက်ရှိ ယာဉ်များအချင်းချင်း ချိတ်ဆက်မှု ကောင်းစွာပြုလုပ်နိုင်မည်ဖြစ်၍ AV များနှင့် သာမန်ယာဉ်များ အကြား မတော်တဆမှုများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့်တက်၍ V2I စနစ်ကို AV ယာဉ်များနှင့် သာမန်ယာဉ်များတွင် ထည့်သွင်းထားခြင်းဖြင့် ယာဉ်လမ်းကြောင်း၊ မြို့တွင်းရှိ အခြေခံအအောက်အအုံစသည့်အရာများ အချိုးညီစွာချိတ်ဆက်ပြီး မြန်ဆန်ထိရောက်သည့် ဆက်သွယ်ရေး ကွန်ရက် တည်ထောင်နိုင်သည့် အခြေအနေကို V2X ဟုအဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်သည်။ ထို့ကြောင့် V2X နည်းပညာသည် အလိုအလျောက်မောင်းနှင်ခြင်းစနစ် သုံး(AV) ယာဉ်များအတွက် အဓိကအရေးကြီးသည့် က@တစ်ခုပင် ဖြစ်သည်။

Seagull Myint

LEAVE A REPLY

Please enter your comment!
Please enter your name here