အရောင်းအဝယ်ပြန်ဖြစ်လာသည့် စျေးကွက်အကြိုက် ညာမောင်းကားများနှင့် အရစ်ကျစနစ်ဖြင့် ပိုမိုအားကောင်းလာသည့် SKD ကားသစ်စျေးကွက်

468
Page(Test)

ကားစျေးကွက်တွင် ရန်ကုန်အဝယ်နှင့် နယ်အဝယ်များပါ ပြန်လိုက်သော ကြောင့် ဘယ်မောင်းကားသစ်များနှင့်အတူ စျေးကွက်အကြိုက် နံပါတ် ထွက်ပြီးကားများပါ အရောင်းအဝယ် ပြန်လိုက်လာသည်။ အဝယ်အများစု ကြိုက်နှစ်သက်သည့် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ရောင်းကားများမှာ ယခင်တက်စျေးများ ပြန်ချ၍ ရောင်းလာသောကြောင့် အဝယ်များနေပြီး ကျပ်သိန်း ခြောက်ရာအောက် ညာမောင်း အမြင့်ကား အချို့လည်း အဝယ်ပြန်ကောင်းလာသည်။ ရန်ကုန်အဝယ်ရော နယ် အဝယ်ပါ ပြန်ဆင်းသောကြောင့် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသားများ နည်းတူ နယ်လိုင်စင်ကားလည်း အဝယ်ပြန်လိုက်လာသည်။ ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေ သော အခွန်နှုန်းထားများ လျှော့ချကောက်ခံခဲ့ခြင်းကြောင့် ယခင် ကျပ် သိန်းသုံးရာတန် Brand New ကားတစ်စီးကို ဝင်ငွေခွန် ကျပ် ၄၅ သိန်း ပေးဆောင်ခဲ့ရာမှ ယခုအခါ ကျပ်ကိုးသိန်းဝန်းကျင်သာ ကျသင့်မည်ဖြစ်ရာ ကားသစ်စျေးကွက်မှာ ပိုမိုအားကောင်းလာသည်။ ကားသစ် စျေးကွက်တွင် ဝင်ငွေခွန်နှင့် ကညနမှတ်ပုံတင်ကြေးသာ ပေးဆောင်ရသော ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD ကားစျေးကွက် အားကောင်းနေပြီး အရစ် ကျဖြင့် ဝယ်ယူနိုင်သောကြောင့် ပို၍အားကောင်းလာဖွယ်ရှိကြောင်း ကား တင်သွင်းသူများက သုံးသပ်ကြသည်။

“တန်ဆောင်တိုင် ရုံးပိတ်ရက်တွေအပြီးမှာ အဝယ်တွေ ပြန်ဆင်း ကြပါတယ်၊ ဒီလိုကာလတွေက ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ သီတင်းကျွတ်မတိုင်ခင်မှာ အဝယ်လိုက်လေ့ရှိပြီး နောက်ပိုင်းမှာ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေ ကုန်တဲ့အထိ အဝယ်အေးတယ်၊ အဲဒီရက်နောက်ပိုင်းကတော့ အဝယ်ပြန် လိုက်လေ့ ရှိပါတယ်၊ အခုနံပါတ်ထွက်ပြီးသား ညာမောင်းကားတွေမှာ သိန်းခြောက်ရာအောက် နယ်လိုင်စင်ရော ရန်ကုန်လိုင်စင်ကားတွေပါ တော်တော်လေး အဝယ်ပြန်လိုက်တယ်၊ အဲဒီထဲမှာ သိန်း ၃၅ဝ နဲ့ ၆၅ဝ ကြားဆိုရင် ကားအသစ်ဘက်ကို ပိုရွေးလာကြတယ်၊ နောက်ပြီး ညာမောင်း တွေက ကားကောင်းရှားလာလို့ ကားသစ်တွေလောက် စျေးကွက်မှာ ထင်သလောက် အရောင်းအဝယ်မဖြစ်ဘူး၊ ပွင့်လင်းရာသီ ရောက်လာလို့ လုပ်ငန်းသုံးကားတွေလည်း အဝယ်ပြန်ပြီးလိုက်ပါတယ်၊ ဘယ်မောင်း ကားသစ် စျေးကွက်မှာလည်း အခွန်သက်သာမှုနဲ့ ရန်ကုန်လိုင်စင်ရရှိမှုကွာလို့ SKD တွေက အဝယ်ပိုများနေပါတယ်၊ ခြုံပြီးကြည့်ရင်တော့ အဝယ် အတော်လေး ပြန်လိုက်လာပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

CBU ဖြင့် တင်သွင်းထားသော Brand New ကားများမှာလည်း ဝင်ငွေခွန် သက်သာသွားသောကြောင့် ယခင်ထက် ဝယ်ရင်းစျေးများ ကျဆင်းသွားသည်။ အခွန်သက်သာသွားခြင်းနှင့်အတူ အခြားသူနာမည်ဖြင့် ငွေဖြူခံပေးခြင်း၊ အောင်ဘာလေထီလက်မှတ် ဝယ်ယူ၍ ငွေဖြူပြခြင်း များလည်း လျော့နည်းသွားမည် ဖြစ်သည်။ Brand New ကားသစ်များ စျေးကျသွားခြင်းကြောင့်လည်း နံပါတ်ထွက်ပြီးသား ညာမောင်းကား အချို့မှာ အထိုက်အလျောက် စျေးများပြန်ကျသွားပြီး နံပါတ်ထွက်ပြီးသား ညာမောင်းကားများကို ကျပ် ငါးသိန်းမှ ၁ဝ သိန်းကြား စျေးချရောင်းနေ ကြသည်။ စျေးကွက်အတွင်း Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ် သိန်း ၁၆ဝ ဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ Toyota Proox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၉၅ သိန်း ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ်သိန်း ၁၉ဝ ဝန်းကျင်တို့တွင် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ပါတယ်၊ နံပါတ် ထွက်ပြီးသား ညာမောင်းကားတွေမှာ သိန်း ၂၅ဝ တွေက အရောင်းအဝယ် ဖြစ်ပါတယ်၊ အဓိကအနေနဲ့စျေးကွက်အကြိုက်ဖြစ်တဲ့ Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Honda Fit GK3 ၊ Honda Insight တွေလည်း အရောင်းအဝယ်ဖြစ်ပါတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း ညာမောင်းတွေမှာ ကားကောင်းရှားလာလို့ ကားသစ်တွေ လောက်တော့ အဝယ်မဆင်းပါဘူး၊ ဖောက်စွပ်ကားတွေကို နှစ် နှစ်ဆယ် စလစ် ထုတ်ပေးပြီးနောက်မှာ စလစ်စျေး ပြန်ကျသွားပါတယ်၊ အရစ်ကျ စနစ်နဲ့ ဝယ်ချင်ကြတာကတစ်ပိုင်း စျေးနှုန်းသင့်တင့်တဲ့ SKD ကားတွေ အစုံ ထွက်လာတာကြောင့်လည်း ကားသစ်စျေးကွက်ပိုပြီး အားကောင်း လာ ပါတယ်”ဟု Shwe Nay La Win Co.,Ltd မှ ဒါရိုက်တာ ကိုကြည်ဆွေ က ဆိုသည်။

ညာမောင်းကား တင်သွင်းမှု ပိတ်ထားခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့် ဖရီးပါမစ်ကား ဝယ်ယူအသုံးပြုခွင့်မရသေးသောကြောင့် ဂျပန်ညာမောင်း ကားများမှာ စျေးနှုန်းသိသိသာသာ ကျဆင်းသွားဖွယ်မရှိဟု ကားလုပ်ငန်း ရှင်များက ဆိုသည်။ Brand New ကားစျေးကွက် တဖြည်းဖြည်း အားကောင်းလာခြင်း၊ ကားသစ်များ၏ ဝယ်ရင်းစျေးနှုန်း ကျသွားသည့် အရှိန်ကြောင့်သာ ကားဟောင်းစျေးများ အနည်းငယ် ပြန်ဆင်းသွားခြင်း ဖြစ်ပြီး တစ်ပတ်အတွင်း ကျပ် ငါးသိန်းမှ ၁ဝ သိန်းကြား ထပ်မံ ကျဆင်း သွားသည်။

“ဝယ်/ရောင်းစခန်းတွေမှာ ဒီရက်ပိုင်း နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီ ညာမောင်းတွေလည်း အဝယ်အေးနေပါတယ်၊ နယ်ရော ရန်ကုန်ပါ အဝယ်ဆင်းပါတယ်၊ အမည်ကိစ္စကြောင့် ညာမောင်းကားစျေးက အနည်း ဆုံး ငါးသိန်းကနေ ၁ဝ သိန်းအထိ ထပ်ဆင်းသွားပါတယ်၊ တချို့ကလည်း ငွေပြန်ဖော်ဖို့အတွက် စျေးလျှော့ပြီး ရောင်းချင်ပေမဲ့လည်း ဝယ်တဲ့အချိန် တုန်းက တက်စျေးမိထားတဲ့အတွက် အများကြီး ချမရောင်းနိုင်ကြပါဘူး၊ လှိုင်ယာဉ်ရောင်းဝယ်ရေး၊ဝင်းထဲမှာလည်း ဒီရက်ပိုင်း အရောင်းတွေများ သလို အဝယ်ကတော့ အလာနည်းနေပါတယ်”ဟု ကားဝယ်/ရောင်း ကို တင်အောင်က ပြောသည်။

စျေးကွက်အတွင်း၌လည်း အပ်ကားရှားပါးနေချိန် ဖောက်စွပ်စလစ် များ ထွက်လာသောကြောင့် နှစ် နှစ်ဆယ်အမည်ပေါက် စလစ်စျေးမှာ ကျပ် ၁၁၅ သိန်းဝန်းကျင်ရှိပြီး တိုက်ကြေစလစ်သည်လည်း ကျပ်သိန်း တစ်ရာဝန်းကျင်အထိ ပေါက်စျေးရှိကြောင်း ကားေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here