အမြန်လမ်းပေါ် ကုန်စည်တင်ဆောင်သွားလာနေသော ခရီးသည်တင် Express ကားများကို လမ်းအသုံးပြုခကောက်ခံရေးစခန်းများရှိ Weight Bridge များတွင် တန်ပိုစစ်ဆေးသွားမည်

156

 

မန္တလေး၊ နိုဝင်ဘာ ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခု Covid-19 ဒုတိယလှှိုင်းကာလအတွင်း ခရီးသည်တင်မပါသော်လည်း ကုန်စည်သီးသန့်တင်ဆောင်၍ ပြေးဆွဲမှုများရှိနေသည့်အတွက် အဆိုပါကားများကို လမ်းအသုံးပြုခကောက်ခံရေးစခန်းများရှိ Weight Bridge များတွင် တန်ပိုစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်စည်သီးသန့်တင်ဆောင်၍ သွားလာသော်လည်း ခရီးသည်တင် Express ကားများကို ဝင်ရိုးအလိုက် လမ်းဦးစီးဌာနမှ သတ်မှတ်ထားသော တန်ချိန်အတိုင်းသာ ခွင့်ပြုသွားမည်ဖြစ်ပြီး အကယ်၍ သတ်မှတ်တန်ချိန်ထက် ပိုတင်ဆောင်လာပါက ဖြတ်သန်းခွင့်မပြုဘဲ ၎င်းယာဉ်များအား ပြန်လည်စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင် Bus ကားများကို တစ်နာရီ ၈၀ ကီလိုမီတာထက်ပိုမမောင်းရဟုသတ်မှတ်ထားသောကြောင့် သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းခြင်းတွေ့ရှိပါကလည်း အရေးယူသွားမည့်အပြင် သတ်မှတ်ထားသည့် Rest Camp များတွင် စည်းကမ်းတကျရပ်နားခြင်းမရှိသော ယာဉ်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယခင်က ခရီးသည်တင်ကားများကိုသာ သွားလာခွင့်ပေးခဲ့သော်လည်း ယခု Covid-19 ဒုတိယလှှိုင်းကာလအတွင်း ကုန်တင်ယာဉ်များပါ ယာယီပြေးဆွဲခွင့်ပြုထားပြီး ယခုနိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ၁၄ တန်အထက်ယာဉ်များ (တွဲကားများအပါအဝင်) ပြေးဆွဲမှုများကို ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့ပြင် အမြန်လမ်းမကြီးတစ်လျှောက် မောင်းနှင်သွားလာလျက်ရှိသော ယာဉ်များအားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များပါ လိုက်နာကြရန်နှင့ ်ကိုယ်ပိုင်ယာဉ်များကို တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းထက်ပိုမမောင်းရန်၊ Light Truck ယာဉ်များနှင့် ကုန်တင်ယာဉ်များကို တစ်နာရီ ၆၀ ကီလိုမီတာထက် ပိုမမောင်းရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး။

LEAVE A REPLY

Please enter your comment!
Please enter your name here