အမြန်လမ်းပေါ်တွင် အရှိန်ပြင်းမောင်းနှင်မှုများကိုထိန်းချုပ်ပေးသော Intelligent Speed Adaptation နည်းပညာ

410

ပြင်းထန်တဲ့ယာဉ်တိုက်မှုတွေ ဖြစ်ရတဲ့အကြောင်းရင်း ကတော့ အရှိန်ပြင်းမောင်းပြီး မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်သွားရတဲ့ အခြေအနေမျိုး ရောက်သွားလို့ပါပဲ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ယာဉ်ကြောရှင်းပြီး လမ်းကလည်း ကောင်းတာကြောင့် စိတ်လွတ်ကိုယ်လွတ် အရှိန်တင်ပြီး မောင်းကြပါတယ်။ အဲဒီအခါ မမျှော်လင့်ဘဲ ရုတ်တရက် ပေါ်လာတဲ့ အခြေအနေ တစ်မျိုးမျိုးနဲ့ ရင်ဆိုင်တွေ့ရတဲ့အချိန်မှာတော့ ကိုယ်မောင်းလာတဲ့အရှိန်ကို ကိုယ်မနိုင်တော့ပါဘူး။ နောက်ဆုံး ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်ပြီး အန္တရာယ်နဲ့ တွေ့တော့တာပါပဲ။ သတင်းမီဒီယာတွေမှာ နေ့စဉ်နီးပါး ယာဉ်တိုက်မှုသတင်းတွေ တက်နေပါတယ်။ မြို့တွင်း လမ်းမကြီးတွေမှာပဲဖြစ်ဖြစ်၊ မြို့ပြင်လမ်းမကြီးမှာပဲဖြစ်ဖြစ် အန္တရာယ်ဖြစ်နိုင်တဲ့အမြန်နှုန်းကို သက်ဆိုင်ရာက ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းသူ အများစုက မလိုက်နာကြပါဘူး။

အမြန်လမ်းမကြီးတွေပေါ်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရှိန်ပြင်းမောင်းနှင်သူတွေကို ကန့်သတ်ထိန်းချုပ်နိုင်ဖို့ Intelligent Speed Adaptation စနစ်ကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ သုတေသန ပြုလုပ်ပြီး လေ့လာတွေ့ရှိချက်တွေအရ အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် (10 mph) ပိုပြီးမောင်းပါက မတော်တဆဖြစ်နိုင်ခြေ အခွင့်အလမ်း နှစ်ဆကျော် တက်လာပါတယ်။ အရှိန်ပြင်း မောင်းလို့ ယာဉ်တိုက်မှုတစ်ခုဖြစ်ပြီ ဆိုတာနဲ့ ဆုံးရှုံးမှုတန်ဖိုးက ကြီးမားပါတယ်။ ကားလည်း လုံးဝပျက်စီးပြီး လူလည်း အသက်ဆုံးရှုံးရပါတယ်။ ကံကောင်းလို့ မသေရင်တောင် မသန်စွမ်းဘဝ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အရှိန်ပြင်းမောင်းလို့ ဖြစ်ပေါ်နေရတဲ့ ယာဉ်မတော်တဆမှုတွေကို ခေတ်မီနည်းပညာတွေ သုံးပြီး ဘယ်လိုထိန်းချုပ်ကြမလဲ။

နိုင်ငံတကာ အမြန်လမ်းမကြီးတွေမှာ ယာဉ်မတော်တဆမှုတွေ၊ ယာဉ်အန္တရာယ်တွေ လျော့ကျသွားအောင် Intelligent Speed Adaptation (ISA) နည်းပညာကို အသုံးချပြီး ထိန်းချုပ်နေကြပါတယ်။ ဂြိုဟ်တု ဆက်သွယ်ရေး GPS စနစ် (Intelligent Speed Adaption) နည်းပညာကို အခြေခံ စနစ်လေးမျိုးနဲ့ တည်ဆောက်ထားပါတယ်။

– GPS Data (ဂြိုဟ်တုဆက်သွယ်ရေးတည်နေရာ ပြ သတင်းအချက်အလက်)

– Radio Beacons (ရေဒီယိုအချက်ပြ အသံ လွှင့်စက်)

– Optical Recognition Systems

– Dead Recognizing (ပုံသေလက်ခံထားသော အချက်အလက်)

ISA (Intelligent Speed Adaptation) စနစ်မှာ အဓိကကျတဲ့ အရာကတော့ ဂြိုဟ်တုဆက်သွယ်ရေးစနစ် သုံး အခြေခံအဆောက်အအုံ (Infrastructure) ပြည့် စုံကောင်းမွန်ဖို့ လိုအပ်ပါတယ်။ GPS Data တွေ လက်ခံရရှိရေးအတွက် GPS Receiver သုံးရပါတယ်။ GPS Data မှာ မော်တော်ယာဉ်တစ်စီး ရွေ့လျားနေတဲ့ အမြန်နှုန်း(Speed) နှင့် မြေပြင်တည်နေရာတို့ကို ညွှန်ပြပေးနိုင်ပါတယ်။

နယ်မြေ အရပ်ဒေသတစ်ခုမှာ လမ်းအန္တရာယ် ကင်းအောင် အမြန်နှုန်း (Speed) ကို ကန့်သတ်ထားလေ့ရှိပါတယ်။ သတ်မှတ် အမြန်နှုန်းထက် ပိုပြီးမောင်းတဲ့၊ စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေကို GPS စနစ်နဲ့ အချက်ပြ သတိပေးနိုင်ပါတယ်။ ပြည့်စုံတဲ့ GPS Navigation Unit မှာ ISA Function စနစ်တွေ တစ်ခါတည်း တပ်ဆင်ပေးထားပါတယ်။ ကားတစ်စီး မောင်းနေတဲ့ အမြန်နှုန်းကို Vehicles Speed Sensor က အာရုံခံ သိနိုင်ပြီး သတင်းအချက်အလက် တွေကို အသုံးချကာ အမြန်နှုန်းကို ထိန်းချုပ်နိုင်ပါတယ်။

ISA စနစ်မှာပါတဲ့ ရေဒီယိုအချက်ပြ အသံလွှင့်စက်နှင့် မျက်မြင် (Optical Recognition Device) ကိရိယာတွေသုံးပြီး ကန့်သတ်ထားတဲ့ဇုန်အတွင်းမှာ သတ်မှတ်အမြန်နှုန်းထက် ပိုပြီးမောင်းနေတဲ့ ယာဉ်မောင်းကို သတိပေးနိုင်ပါတယ်။

အရှိန်ပြင်း မောင်းနှင်းမှုတွေကြောင့် ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုကို ထိန်းချုပ်နိုင်ဖို့ အလိုအလျောက် လုပ်ဆောင်ပေးနိုင်တဲ့ Vehicle Speed Control ယူနစ် တပ်ဆင်အသုံးပြုပါတယ်။ ISA စနစ်ဆိုတာ ဒစ်ဂျစ်တယ် ခေတ်သစ်ရဲ့ အမြန်နှုန်း စီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်လာပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ Highway လမ်းမကြီးပေါ်က ယာဉ်မတော်တဆမှုတွေကို ထိန်းချုပ်နိုင်ဖို့ ISA (Intelligent Speed Adaptation) စနစ် ကျင့်သုံးနေပါပြီ။

ဥရောပနိုင်ငံတွေမှာ ISA စနစ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုရင် ဥပဒေအရ သတ်မှတ်ထားတဲ့ အမြန်နှုန်းတစ်ခုအတွင်းမှာ ယာဉ်မောင်းတွေ ထိန်းသိမ်းမောင်းနှင်နိုင်ဖို့အတွက် အထောက်အကူပြုပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ စပိန်၊ ဗြိတိန်၊ ဟန်ဂေရီ စတဲ့ ဥပရောပနိုင်ငံတွေမှာ ISA စနစ်ကို ကျင့်သုံးနေကြပါပြီ။

GPS စနစ်ကို အခြေခံတဲ့  Receiver စနစ်မှာ ဂြိုဟ်တုကွန်ရက်စနစ် အသုံးပြုထားပါတယ်။ ကားတစ်စီး မောင်းနေတဲ့ တည်နေရာနဲ့ ဦးတည်ရာလမ်းကြောင်း စတဲ့ အချက်တွေကို GPS စနစ် သုံးပြီး ခြေရာခံထောက်လှမ်းနိုင်ပါတယ်။

GPSှ စနစ်မှာ ဒစ်ဂျစ်တယ် GIS မြေပုံကို တွဲဖက် အသုံးပြုထားတာကြောင့် နယ်မြေဒေသဧရိယာအတွင်းမှာ ကန့်သတ် အမြန်နှုန်းအတွင်း မောင်းနေတာ ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ပါတယ်။

အဆင့်မြင့် ဒစ်ဂျစ်တယ် မြေပုံမှာ ပကတိအချိန်နဲ့ ကားတစ်စီးရဲ့ တည်နေရာ၊ သွားနေတဲ့ ဦးတည်ရာလမ်း ကြောင်း (Direction)၊ အမြန်နှုန်း (Speed) စတဲ့ အချက်တွေကို သိရှိနိုင်ပါတယ်။ နောက်ပြီး အဲဒီဒေသရဲ့ မိုးလေဝသ နဲ့ ရာသီဥတု သတင်းအချက်အလက် ခန့်မှန်းချက်တွေကိုလည်း ကြိုတင်သိနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားရအောင် သတိပေးနိုင်ပါတယ်။ ဥပမာ-မုန်တိုင်း ကြမ်းမယ်၊ မိုးကြီးလေကြီးလာမယ်၊ နှင်း တွေကျပြီး မြူတွေပိတ်နေမယ်၊ လေဆင် နှာမောင်း ကျရောက်နိုင်တယ်၊ သဲမုန်တိုင်း တွေ လာနိုင်တယ်ဆိုတာမျိုးတွေကို ကြိုတင်သိထားမယ်ဆိုရင် အန္တရာယ်ကို ရှောင်တိမ်းနိုင်ပါတယ်။

မင်းသစ်ထူး

LEAVE A REPLY

Please enter your comment!
Please enter your name here