အမြန်ရေယာဉ်များအား ကုန်စည်သီးသန့် တင်ဆောင်ပြေးဆွဲခွင့်မပြုသဖြင့် ဆုံးရှုံးနစ်နာမှုများ များစွာကြုံနေရဟုဆို

113

 

က​လေး၊ ​အောက်တိုဘာ ၂၇

ချင်းတွင်းမြစ်ကြောင်းအတွင်း အမြန်ရေယာဉ်များအား ခရီးသည်တင်ဆောင် ပြေးဆွဲခြင်းကို ယာယီရပ်ဆိုင်းထားစဉ် ကာလအတွင်း ကုန်စည် သီးသန့်တင်ဆောင်၍ ပြေးဆွဲခွင့်ပြုစေလိုပြီး ယခုအခါ ကုန်စည်ရေယာဉ်များအား တစ်ဆင့်ငှားရမ်း ပြေးဆွဲနေရသည့်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့နေရကြောင်း အမြန်ရေယာဉ်အသင်းများထံမှ စုံစမ်းသိရသည်။

“အမြန်ရေယာဉ်တွေကို အခု Covid-19 ဒုတိယလှိုင်းဖြစ်တော့ ထပ်ရပ်ခိုင်းတယ်၊ ကုန်စည်ရေယာဉ်တွေကိုတော့ သွားလာခွင့်ပေးတယ်ပေါ့၊ အဲဒီမှာ ကျွန်တော်တို့က အမြန်ရေယာဉ်တွေလည်း ခရီးသည်မပါဘဲနဲ့ ကုန်ပစ္စည်းသီးသန့်တင်ဆောင်ပြီး သွားလာချင်ပါတယ်ဆိုပြီး တင်ပြပေမဲ့ ခွင့်မပေးဘူးပေါ့၊ ခွင့်မပေးတော့ ကုန်စည်ရေယာဉ်တွေကို တစ်ဆင့်ပြန်ငှားပြီးမှ သွားလာရတဲ့အချိန်မှာ ကုန်ကျစရိတ်တွေ အများကြီးပိုကုန်သွားသလို အရှုံးခံပြေးဆွဲနေရတဲ့ အနေအထားကို ရောက်နေတယ်၊ ဖြစ်နိုင်ရင် အမြန်ရေယာဉ်တွေနဲ့ ကုန်စည်သီးသန့် တင်ဆောင် ပြေးဆွဲခွင့်ပေးစေချင်တယ်” ဟု ရွှေနဒီ အမြန်ရေယာဉ်အသင်းမှ ဂိတ်တာ၀န်ခံ ကိုမျိုးက ပြောကြားသည်။

အမြန်ရေယာဉ်အသင်းများ ပြေးဆွဲမှု ရပ်နားထားရသဖြင့် မုံရွာမြို့မှ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသော မြို့များသို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ကြက်ဥနှင့် သား၊ ငါးများ၊ ဟင်းသီးဟင်းရွက် ကုန်စိမ်းများ၊ လိုအပ်သော ဆေးဝါးနှင့် အခြေခံလူသုံးကုန်များအား ဒေသလိုအပ်ချက်အရ အမြဲပို့ဆောင်နေရန် လိုအပ်သည့်အတွက် ကုန်စည်ပို့ဆောင်ရေး ရေယာဉ်များ ငှားရမ်း၍ ပြေးဆွဲနေရကြောင်း၊ ထိုသို့ ပြေးဆွဲရာတွင် ကုန်တင်ရေယာဉ်များသည် မုံရွာမှ ခန္တီးသို့ သုံးညအိပ် ​လေးရက်ခရီးပင် မရောက်ရှိသည့်အတွက် သား၊ ငါးများနှင့် ကုန်စိမ်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ကာ မော်တော်ယာဉ်ပိုင်ရှင်များက လျော်ကြေး အမြဲပေးနေရသည့်အတွက် အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် အမြန်ရေယာဉ်များအား ကုန်စည်သီးသန့်ဖြင့် သွားလာခွင့်ပေးစေလိုကြောင်း အဆိုပါအသင်းများမှ သိရသည်။

“ကုန်ပစ္စည်း ပို့ချင်တဲ့သူတွေလည်းရှိတော့ မိတ်မပျက်အောင်ဆိုပြီး ကုန်စည်ပို့ဆောင်ရေး ရေယာဉ်တွေကို တစ်ခေါက်ကို ခုနစ်သိန်း၊ ရှစ်သိန်းပေးပြီး ငှားရတယ်၊ ဆီဖိုးက တစ်ကြောင်းကို ရှစ်သိန်းလောက်ကုန်တယ်၊ လမ်းမှာ စားစရိတ် အပါအ၀င် အထွေထွေကုန်ကျစရိတ်နဲ့ဆို သိန်း နှစ်ဆယ်နီးပါး ကပ်နေပြီ၊ အဲဒီအချိန်မှာ ကုန်စည်ရေယာဉ်တွေက ခရီးမတွင်ဘူး၊ ပုံမှန်က သုံးညအိပ် ​လေးရက် ရောက်ရမယ်ဆိုပေမဲ့ မရောက်နိုင်တော့ သား၊ ငါးတွေက ပုပ်ကုန်ရော၊ အဲဒီမှာတင် အများကြီး လျော်ရတယ်၊ အခေါက်တိုင်းနီးပါး လျော်နေရတော့ အရှုံးခံပြေးဆွဲနေရတဲ့ အနေအထားဖြစ်လာတယ်၊ ဒါကြောင့် အမြန်ရေယာဉ်တွေနဲ့သာ ကုန်စည်သီးသန့် တင်ဆောင်ပြေးမယ်ဆိုရင် မုံရွာ-ခန္တီးက မြန်မြန်ဆန်ဆန်လည်းရောက်တဲ့အတွက် ပြေးဆွဲခွင့်ပေးပါဆိုပြီး အမြန်ရေယာဉ် ​ခြောက်သင်းစုပေါင်းပြီး တိုင်း၀န်ကြီးချုပ်ဆီ အောက်တိုဘာ ၂၀ ရက်ကပဲ တင်ပြထားတယ်၊ ခုချိန်ထိ ဘာမှအကြောင်းမပြန်ပေးသေးဘူး” ဟု ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသော အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အမြန်ရေယာဉ်များအား ခရီးသည်တင်ဆောင်ပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုပေးနိုင်ခြင်း မရှိသေးပါက ကုန်စည်သီးသန့် တင်ဆောင် ပြေးဆွဲခွင့်ပေးစေလိုကာ အကယ်၍ ခွင့်ပြုပေးပါက ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေကြသည့် အမြန်ရေယာဉ်အသင်းများက တညီတညွတ်တည်း ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသော အမြန်ရေယာဉ်တစ်စီးအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here