အမြင်ဆန်းသစ်တဲ့ ကားအတွင်းခန်းနဲ့ Plug-in Hybrid ပြိုင်ကား 2018 Koenigsegg Regera Ghost Package

1629

ဆွီဒင်ပြိုင်ကားကုမ္ပဏီတစ်ခုဖြစ် တဲ့ Koenigsegg ဟာ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်လုပ်တဲ့ Plug-in Hybrid ပြိုင်ကားမိုဒယ် Regera ကို ၂ဝ၁၅ ခုနှစ် ဂျီနီဗာကားပြပွဲမှာ ပထမဆုံးအကြိမ် ပွဲထုတ်ပြသခဲ့ပါတယ်။ Regera ပြိုင်ကားမိုဒယ်ကို စုစုပေါင်း ကားအစီးရေ ရှစ်ဆယ် ပဲ ထုတ်လုပ်မှာဖြစ်ပြီး အစီးရှစ်ဆယ်စလုံးကိုလည်း ကြိုတင် ရောင်းချထားပြီးပါပြီ။ ကားတစ်စီးစီရဲ့တန်ကြေးကတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းဝန်းကျင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲမှာလည်း အစီးရေ ရှစ်ဆယ်ထဲမှာ အပါအဝင်ဖြစ်မယ့် Regera ပြိုင်ကားသစ်နှစ်စီးကို ထပ်မံပွဲထုတ်လိုက်ပါတယ်။ အဲဒီထဲကတစ်စီးကတော့ Ghost လို့ အမည်ပေးထားတဲ့ လေခွင်းအားအပြင်အဆင်တွေနဲ့ Aerodynamic ပါဝင်တဲ့  Regera Ghost Package မိုဒယ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ကားသစ်နှစ်စီးစလုံးကို ရောင်းချဖို့ ပြသတာတော့ မဟုတ်ပါဘူး။ အကြောင်းက အဲဒီကားနှစ်စီးစလုံးဟာ ကြိုတင်ရောင်းချပြီးဖြစ်တဲ့ Regera ပြိုင်ကား ရှစ်ဆယ်ထဲမှာ ပါဝင်နေလို့ပါပဲ။

Regera Ghost Package ပြိုင်ကားမိုဒယ်သစ်ရဲ့ အခြေခံကိုယ်ထည် ဒီဇိုင်းကတော့ ရိုးရိုး Regera ပြိုင်ကားနဲ့ မကွာခြားလှပါဘူး။ အထူးခြားဆုံး ကွဲပြားသွားတာက ကိုယ်ထည်အရောင်အသွေးနဲ့ Ghost Aerodynamic အဖြစ် ထပ်တိုးထည့်သွင်းထားတဲ့ လေခွင်းအား အပြင်အဆင်တွေပါပဲ။ ကားကိုယ်ထည်ကို လှပတဲ့ ခရစ္စတယ်အဖြူရောင်အဖြစ် ဖန်တီးထားပြီး အနက်ရောင်နဲ့ လိမေ္မာ်ရောင်လိုင်းစင်းလေးတွေကို ခပ်ပါးပါး ရောစပ်ပေးထားပါတယ်။ ကားရှေ့စက်ဖုံးအလယ်တည့်တည့်၊ ကားခေါင်မိုးအလယ်နဲ့ ကားနောက်ဖုံးအလယ်တို့ကို အနက်ရောင် ကာဗွန်ဖိုင်ဘာသားဧရိယာအဖြစ် ဖန်တီးထားပြီး အဲဒီအနက်ရောင်ဧရိယာရဲ့ ဘေးအစွန်းနှစ်ဖက်ကို လိမေ္မာ်ရောင် လိုင်းစင်းလေးတွေ ဝန်းရံဆေးခြယ်ထားပါတယ်။ ဒါ့ပြင် ကားရှေ့စက်ဖုံးက အနက်ရောင်ဧရိယာရဲ့ အလယ်တည့်တည့် မှာ လိမေ္မာ်ရောင်ခပ်ပါးပါးလိုင်းစင်းပါဝင်လာပြီး ကားရှေ့မျက်နှာစာလေစုပ်ပေါက်၊ ကားတံခါးအထက်နားက အနက်ရောင်ဧရိယာတို့မှာလည်း လိမေ္မာ်ရောင်လိုင်းသေးသေးလေးတွေ ရောစပ်ထားပါ တယ်။ ကားဘီးအတွင်းက ဘရိတ်တုံးဟာလည်း လိမ္မာ်ရောင် ဖြစ်ပါတယ်။ ဒါပေမဲ့ ကားရဲ့ အဓိက အားသာချက်က ဆန်းပြားသစ်လွင်လွန်းလှတဲ့ အရောင်အသွေးမဟုတ်ဘဲ Ghost Package မှာ ပါဝင်တဲ့ လေခွင်းအားအပြင်အဆင်တွေပဲ ဖြစ်ပါတယ်။ အဲဒီ Package မှာ ရှေ့မျက်နှာစာမှာ သိသိသာသာ ငေါ်ထွက်နေတဲ့ Front Spoiler ၊ ကားရဲ့အရှေ့ဘက် တောင်ပံမှာ တပ်ဆင်ထားတဲ့ လေခွင်း Canard ပြားတွေနဲ့ ကားအနောက်ဘက်ပိုင်းက Winglet တွေ ထပ်တိုးပါဝင်ပါတယ်။ ကားအနောက်ဘက်က ခေါက်သိမ်းနိုင်တဲ့ လေပင့်အားထိန်းတောင်ပံကြီးနဲ့ ကားအရှေ့ ဘက်က Canard ခေါ် လေပင့်အားထိန်းတောင်ပံငယ်တွေဟာ ကားအောက်ပိုင်းလေစီးဆင်းမှုကို ပိုကောင်းမွန်စေပြီး မြေဝပ်အားကိုလည်း ပိုကောင်းစေပါတယ်။ Koenigsegg ကုမ္ပဏီရဲ့ အဆိုအရ မြေဝပ်အား ကောင်းမွန်စေဖို့ Ghost Package တပ်ဆင်ထားတဲ့ Regera ပြိုင်ကားသစ်ရဲ့ မြေဝပ်အားဟာ ပုံမှန်ထက် ၂ဝ ရာခိုင်နှုန်းကျော် ပိုတိုးတက်လာပါတယ်။ ကြီးမားပေါ်လွင်တဲ့ ကားဘီးခုံးတွေအောက်မှာတော့ ကုမ္ပဏီရဲ့ မူပိုင် Tresex ကာဗွန်ဖိုင်ဘာသားဘီးတွေကို Michelin PilotSport 4S တာယာတွေနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ Koenigsegg ရဲ့ Ghost Package ဟာ Regera ကို ပိုကောင်းမွန်တဲ့ မြေဝပ်အား၊ လေခွင်းအားတို့ကို ရရှိစေရုံတင်မကဘဲ ကားကိုယ်ထည် ရုပ်ထွက်ကိုလည်း ပိုပြီးဆန်းသစ်လှပစေပါတယ်။

Regera Ghost Package ပြိုင်ကားသစ်မှာ 5.0 Liter Twin-turbocharged V8 အင်ဂျင်ကို လျှပ်စစ်မိုတာနဲ့ တွဲဖက်တပ်ဆင်ထားပြီး စုစုပေါင်းအနေနဲ့ မြင်းကောင်ရေ ၁၅ဝဝ အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ကားရဲ့အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၂၄၈ မိုင်နှုန်းဖြစ်ပြီး ၁ဝ ဒသမ ၉ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၁၈၆ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ နှစ်ယောက်စီးကားအတွင်းခန်းကို အနက်နဲ့ လိမေ္မာ်ရောင် ပေါင်းစပ်ဖန်တီးထားတာကြောင့် အတော်လေးအမြင်ဆန်းသစ်ပြီး တောက်ပြောင်လှပတဲ့ ကာဗွန်ဖိုင်ဘာသားတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here