အမြင့်ကားဈေးကွက် အဝယ်ဆက်ပြီးအေးနေသော်လည်း ကျပ်သိန်းနှစ်ရာဝန်းကျင် အိမ်စီးကားများနှင့် လုပ်ငန်းသုံးယာဉ်ဈေးကွက် အဝယ်ပြန်လှုပ်လာ

174

 

COVID-19 ရောဂါကူးစက်မှုကြောင့် စီးပွားရေးကျဆင်းခြင်းကို ကုစားသည့် အနေဖြင့် အခွန်ကောက်ခံမှုများကို ဖြေလျှော့ပေးရာတွင် အကောက် ခွန်နှင့် ကညနခွန်များကို ယခင်ကောက်ခံသည့်နှုန်းများမှ ထက်ဝက်အထိ လျှော့ချကောက်ခံပြီး နောက်ပိုင်း တင်သွင်းပြီးသော အမြင့်ကားဈေးကွက် မှာ ဈေးနှုန်းတဖြည်းဖြည်းကျဆင်းသွားသလို အဝယ်လည်း တဖြည်းဖြည်း လျော့နည်းသွားသည်။ အခွန်ဖြေလျှော့ပေးထားခြင်းကို ကြေညာချက် အသစ်မထွက်မချင်း ဆက်ပြီးပေးနေဦးမည်ဖြစ်ရာ အိမ်စီးကားဈေးကွက် တွင် အမြင့်ကားဝယ်ယူလိုသူများမှာ တင်သွင်းပြီးကားများထက် ပြည်ပမှ တန်ဖိုးတူပြီး မိုဒယ်မြင့်သော ကားများကို တင်သွင်းရန် ပို၍ စိတ်ဝင်စားလာကြသည်။ အိမ်စီးကားဈေးကွက်ထဲတွင် အရောင်းပြခန်းများမှ တင်သွင်းသော ကျပ်သိန်းလေးရာဝန်းကျင်ကားသစ်များနှင့် အရောင်းစင်တာများမှ တင်သွင်းသော ကျပ်သိန်းလေးရာအောက် မိုဒယ်မြင့်တစ်ပတ် ရစ်ကားများမှာ လူစိတ်ဝင်စားမှု များသော်လည်း COVID-19 ရောဂါ ဂယက်နှင့် ဝန်ထမ်းပါမစ်ဂယက် ရိုက်ခတ်မှုများကြောင့် အဝယ်အနည်း ငယ်ဆက်လက် အေးနေသည်။ ဈေးကွက်ထဲတွင် ကျပ်သိန်းနှစ်ရာဝန်းကျင် ကားဟောင်းများသာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပြီး ကုန်စည်စီး ဆင်းမှုတွင် တွဲကားများဖြင့် ပြေးဆွဲရန် အဆင်မပြေသောကြောင့် ၁၄ ပေ၊ ၁၅ ပေ၊ ၁၆ ပေနှင့် ၂၁ ပေ လုပ်ငန်းသုံးယာဉ်များ အရောင်းအ ဝယ်ဖြစ်လာကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ အိမ်စီးကားတွေ အရောင်းအဝယ်တော်တော်လေး အေးနေပါတယ်၊ လုပ်ငန်းသုံးယာဉ် ဈေးကွက်ကတော့ ဈေးမာပြီး အရောင်းအဝယ်လည်း ကောင်းလာပါတယ်၊ အရောင်းအဝယ် ပြန်လိုက်လာတဲ့ အကြောင်းရင်းက ခရီးသည်တင်ကားတွေ သွားလို့မရသေးသလို တွဲကားကြီးတွေနဲ့လည်း ကုန်စည်ပို့ဆောင်ဖို့ အခက်အခဲရှိသေးတဲ့အတွက် ခေါက်တိုဆွဲလို့ရတဲ့ ၁၄ ပေ၊ ၁၅ ပေ၊ ၁၆ ပေ၊ ၂၁ ပေကားတွေကို ဝယ်လာကြတာ တွေ့ရပါတယ်၊ ဈေးကွက်အကြိုက် ညာမောင်းထရပ်တွေက ပါမစ်မပိတ်ခင်ကသွင်းထားတဲ့ စတိကားတွေ၊ ဈေးကွက်ထဲမှာ ရောင်းကားအနေနဲ့ကျန်တာ အစီးတစ်ရာအောက်လောက်ပဲ ရှိနိုင်ပါတယ်၊ အများစုကတော့ နံပါတ်ယူပြီးသားကားတွေ ဖြစ်ပါတယ်၊ နံပါတ်ယူထားပြီးသား ကားတွေမှာ ကြံ့ခိုင်မှုကောင်းတဲ့အပေါ်မူတည်ပြီး ကားဈေးက ကျပ်သိန်း နှစ်ဆယ်၊ သုံးဆယ်ကနေ ခြောက်ဆယ်အထိ ဈေးကွာဟမှုရှိပါတယ်၊ အများစုဝယ်ယူကြတာကတော့ နံပါတ်အနိမ့်ထဲကရနိုင်တဲ့ ကျပ်သိန်း ၂၅၀ ကနေ သုံးရာအတွင်းကားတွေကို ဝယ်ကြပါတယ်၊ နံပါတ်အသစ်နီးပါး ဖြစ်မယ်၊ ကားအခြေအနေလည်း အရမ်းကောင်းတယ်ဆိုရင်တော့ ကျပ် သိန်းသုံးရာကျော်ကနေ လေးရာအထိ ခေါ်ရောင်းတာ ရှိပါတယ်၊ လုပ်ငန်း သုံးယာဉ်ဈေးကွက်ထဲမှာတော့ အင်ဂျင်ပါဝါကြီးတာကြိုက်ပြီး လုပ်ငန်းတွင် တွင်ကျယ်ကျယ် သုံးချင်တဲ့သူက ညာမောင်းထရပ်တွေကိုပဲ ရွေးဝယ်တာ တွေ့ရပါတယ်၊ အရစ်ကျစနစ်နဲ့ ဝယ်ချင်တဲ့သူ၊ လုပ်ငန်းအသေးစားလုပ်ချင် တဲ့ သူတွေကျတော့ အသစ်ဝင်ရောက်လာတဲ့ Brand New ကားတွေကို မေးတာလည်း တွေ့ရပါတယ်”ဟု High Grade Image Trading Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်က ပြောသည်။

လုပ်ငန်းသုံးယာဉ်ဈေးကွက်ထဲတွင် ညာမောင်းကားဟောင်းများမှာ စိတ်ဝင်စားမှုများနေဆဲဖြစ်ပြီး ၁၄ ပေ၊ ၁၅ ပေ၊ ၁၆ ပေ ကားများမှာ ကျပ်သိန်း ၂၅၀ မှ ကျပ်သိန်း ၃၂၀ အထိ ပေါက်ဈေးရှိပြီး အက္ခရာနှင့် ကားကြံ့ခိုင်မှုအပေါ်မူတည်ကာ ကျပ်သိန်း ၂၀၊ ၃၀ မှ ၆၀ အထိ ကွာဟနေကြောင်း သိရသည်။ ၁၄ ပေ၊ ၁၅ ပေ၊ ၁၆ ပေ လုပ်ငန်းသုံး ယာဉ်များထဲတွင် စတိဆိုပါက ကျပ်သိန်း ၃၅၀ အထက် ပေါက်ဈေးရှိ ကြောင်း သိရသည်။ ထို့ပြင် ၂၁ ပေ ကားများမှာ ကျပ်သိန်း ၃၂၀ မှ ၄၀ဝ အထက် ပေါက်ဈေးရှိကြောင်း သိရသည်။

“လုပ်ငန်းသုံးယာဉ်တွေက နယ်ဈေးကွက်မှာဆိုရင်တော့ ၆၆၀ စီစီ တွေကို ပိုပြီး ဝယ်ယူကြတာ များပါတယ်၊ ဒီကားတွေက ရောင်းကားရှား လာတဲ့အတွက် ၂၀၁၃ မိုဒယ် Hijet Auto ဆိုရင် သိန်းနှစ်ရာဝန်းကျင် လောက်အထိ ခေါ်ရောင်းတာတွေတောင် ရှိပါတယ်၊ နယ်အဝယ်ကျတော့ အိမ်လည်းသုံးမယ်၊ မိသားစုလိုအပ်ချက်အတွက် ဈေးဝယ်တာမျိုးပဲဖြစ်ဖြစ်၊ ခရီးတိုသွားတာမျိုးပဲဖြစ်ဖြစ် ဘက်စုံသုံးလို့ရတဲ့ ၆၆၀ တွေကို တစ်တန် ကားတွေထက် ပိုကြိုက်ပါတယ်၊ အိမ်စီးကားတွေကတော့ အဝယ်ဆက် ပြီးအေးနေပါတယ်၊ နောက်ပြီး စီးပွားရေးတွေ မကောင်းတာရယ်၊ ကိုဗစ်ရောဂါကူးစက်မှုကို စိုးရိမ်ကြတဲ့အတွက် တချို့ကားဝယ်ချင်တဲ့သူတွေ ကျတော့လည်း လက်ထဲမှာ ငွေပဲဆက်ကိုင်ထားချင်တာမျိုးတွေလည်း တွေ့ရပါတယ်”ဟု United Eleven ကားအရောင်းစင်တာမှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့် နှစ်မှစ၍ လုပ်ငန်းသုံးယာဉ်များကို ကုမ္ပဏီလိုင်စင်ဖြင့် ပေးမသွင်းတော့ဘဲ လုပ်ငန်းသုံးအရောင်းစင်တာ/ပြခန်းလိုင်စင်ဖြင့် ပေးသွင်းလျက်ရှိပြီး လက် ရှိတွင် လုပ်ငန်းသုံးယာဉ် ရောင်းချခွင့်အတွက် ကုမ္ပဏီ ၁၄ ခုအား ခွင့်ပြုထားကြောင်း သိရသည်။

“ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ်တွေ အေးနေတာ တွေ့ရပါတယ်၊ အမြင့်ကားဈေးကွက်ကလည်း တဖြည်းဖြည်းနဲ့ ဈေးတွေဆင်းလာတဲ့အတွက် အဝယ်အေးနေပါတယ်၊ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်မှာက ဈေးတက်ရင် လိုက်ဝယ်ပြီး ဈေးကျရင် ဆက်ပြီး စောင့်ကြည့်ချင်ကြတာများပါတယ်၊ ဒါကြောင့်လည်း သိန်းနှစ်ရာအောက်ကားလေးတွေ ပဲ အရောင်းအဝယ်ဖြစ်ပြီး တခြားကားလေးတွေကတော့ အဝယ်ဆက်ပြီး အေးနေပါတယ်”ဟု ကားဝယ်/ရောင်း ကိုအေးကျော်က ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here