အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီသည် ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့နှင့်အတူ ညှိနှိုင်းရေးဆွဲရမည်

175

 

ကလေး၊ ဇွန် ၇

ဒုတိယသမ္မတတစ်ဦးဦး ဥက္ကဌအဖြစ် ဦးဆောင်ဖွဲ့စည်းရမည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီသည် ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့နှင့်တူ ညှိနှိုင်းရေးဆွဲရမည်ဖြစ်ကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ ပြဌာန်းချက်များအရ သိရသည်။

အဆိုပါကောင်စီသည် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ စေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေမှအပ အဖွဲ့အစည်းများမှ ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများမှ ရရှိသည့်ငွေဖြင့် တရားဝင်တိုးပွားသည့်ငွေများ စသည်တို့ဖြင့် ရန်ပုံငွေထူထောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ထူထောင်ရာတွင် ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့်အတူ ညှိနှိုင်းရေးဆွဲရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ရန်ပုံငွေလက်ခံခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ ပြုရမည့်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုခံရမည်ဖြစ်ကြောင်း ယင်းဥပဒေပါ ပြဌာန်းချက်များအရ သိရသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီနည်းတူ တိုင်းနှင့် ပြည်နယ်အလိုက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေများလည်း ယင်းကဲ့သို့ ရန်ပုံငွေထူထောင်ရမည့်အပြင် တိုင်းနှင့်ပြည်နယ် ရန်ပုံငွေများလိုအပ်ပါက အမျိုးသားကောင်စီမှ ခွဲဝေပေးနိုင်ကြောင်း အဆိုပါဥပဒေ၏ အခန်း ၁၂ ရန်ပုံငွေထူထောင်ခြင်း၊ လက်ခံရယူခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ပုဒ်မ (၇၄)တွင် ပြဌာန်းထားသည်။

ယခု NLD အစိုးရသစ်လက်ထက်တွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၄၄ မှုခန့်ဖြစ်ပွားနေသည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်း လျော့ကျသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီက ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပြန်ကြေညာထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here