အများပြည်သူများ  လုံခြုံစိတ်ချစွာ  သွားလာနိုင်ရေး  မန္တလေးတိုင်းအစိုးရအဖွဲ့မှ အထူးအလေးပေး  ဆောင်ရွက်ပေးရန်အဆိုကို  အတည်ပြု

596

မန္တလေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုများအပါအဝင် မှုခင်းများ လျော့နည်းပပျောက်စေရေးနှင့် အများပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး မန္တလေးတိုင်းအစိုးရအဖွဲ့မှ အထူးအလေးပေး ဆောင်ရွက်ပေးရန် အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၄၇ မဲဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

 

”မန္တလေးတိုင်းအတွင်း တရားဥပဒေစိုးမိုးမှုရှိအောင်၊ ပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ လုံခြုံမှုရှိစွာသွား လာနိုင်အောင်၊ လုယက်မှု၊ ခိုးမှု၊ မုဒိမ်းမှုတွေ လျော့နည်းပပျောက်အောင်ဆိုပြီး မန္တလေးတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းတဲ့အခါမှာ နယ်စပ်ရေးရာ ဝန်ကြီးကတော့ မှတ်တမ်းတင်အဖြစ်သာ ထားရှိသင့်ကြောင်း တင်ပြတယ်၊ အခုကျွန်တော်တင်ပြတာကလည်း မန္တလေးတိုင်းထဲမှာ အမှုအခင်းတွေတကယ် ဖြစ်ပွားနေတာဖြစ်လို့ စိတ်ကူးယဉ်တင်ပြတာမဟုတ်ဘူး ဆိုတာပြောပြီး လွှတ်တော်ဥက္ကဌနေ တစ်ဆင့် မဲခွဲအတည်ပြုပေးဖို့ တင်ပြတဲ့အခါမှာ ထောက်ခံမဲ ၄၇ မဲ၊ ကန့်ကွက်မဲ ၂၄ မဲမှာ ထောက်ခံသူ ထက်ဝက်ကျော်လို့ အဆိုကို အတည်ပြုနိုင်ခဲ့ပါတယ်၊ အခုလို အဆိုအတည်ပြုမှသာ အများပြည် သူသွားလာရေး လုံခြုံမှုမှာ ထိထိ ရောက်ရောက်အစိုးရက ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ယင်းအဆိုကို တင်သွင်းခဲ့သူ ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုများ၊ ခိုးမှု၊ မုဒိမ်းမှုများ ဖြစ်ပွားနေသည် ဆိုသော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ စံနှုန်းအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင် ပြည်သူဦးရေလေးရာ လုံခြုံမှုပေး နိုင်ရမည်ဟု ဆိုထားကာ လက်ရှိ မန္တလေးခရိုင်တွင် ပြည်သူ ၁၅ သိန်းကျော်ရှိပြီး ရဲတပ်ဖွဲ့ဝင် အင်အားမှာ ဦးရေ ၁,၁၂ဝ သာရှိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ရဲဝန်ထမ်းလေးဦးစာ နယ်မြေလူထုလူခြုံရေးကို ဆောင်ရွက်နေရကြောင်း၊ အဆိုရှင်တင်ပြရာတွင် ရဲအင်အားနည်း၍ လုံခြုံရေးဆောင်ရွက်မှု အားနည်းသည်ဟု တွေ့ရှိရပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း ခေတ်မီနည်းပညာများ၊ အထောက်အကူပစ္စည်းများ စသည်တို့ကို ထောက်ပံ့နိုင်မှု အားနည်းနေကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ရှင်းလင်းပြောဆိုခဲ့သည်။

 

”ရဲတပ်ဖွဲ့မှာကလည်း ခေတ်မီနည်းပညာတွေ၊ အထောက်အကူ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မှုအား နည်းပါတယ်၊ ထောက်ပံ့ပေးနိုင်မှု အားနည်းသလို အင်အားကနည်း တော့ ဆောင်ရွက်ပေးနိုင်မှု အား နည်းတာ မှန်ပါတယ်၊ ဒါပေမဲ့ အဆိုရှင်က အင်အားနည်းတယ်ဆို တာက လက်မခံနိုင်တဲ့အနေအထား မျိုး တွေ့ရပါတယ်၊ နယ်မြေလုံခြုံ ရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းတွေ၊ ပိတ်ဆို့ရှာဖွေတာတွေနေ့စဉ် ဆောင်ရွက်နေသလို ပုံသေ လုံခြုံ ရေးနေရာ ၁၉ နေရာမှာလည်း ရဲအင် အား ၆၉ ဦးနဲ့ ၂၄ နာရီ ဆောင် ရွက်ပေးနေပါတယ်၊ လက်ရှိမှာ လည်း ရာသီအလိုက်ပွဲတော်တွေ၊ ဘုရားပွဲတွေ၊ စျေးတွေမှာကအစ လုံခြုံစွာ သွားလာနိုင်တဲ့အတွက် တရားဥပဒေစိုးမိုးမှု ရှိပါတယ်၊ ဒါကြောင့် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်အဖြစ်သာ ထားရှိသင့်ပါတယ်”ဟု ၎င်းက ဒီဇင်ဘာ ၁၁ ရက်က ကျင်းပခဲ့သော မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ငါးရက်မြောက်နေ့)တွင် ရှင်းလင်းပြောဆိုခဲ့သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here