အများပိုင်ကုမ္ပဏီအစစ်အမှန်ဖွဲ့စည်းမည်ဆိုပါက မည်သည့် YBS ကုမ္ပဏီကိုမဆို ဆက်လက်ခွင့်ပြုပေးသွားမည်

749

အများပိုင်ကုမ္ပဏီ အစစ်အမှန် ဖွဲ့စည်းမည် ဆိုပါက မည်သည့် YBS ကုမ္ပဏီကိုမဆို ဆက်လက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS ခရီးသည်တင် ယာဉ် လိုင်းများတွင်ပြေးဆွဲနေသည့် YBS ကုမ္ပဏီများအနေဖြင့် အများပိုင်ကုမ္ပဏီ အစစ်အမှန် ဖွဲ့စည်းမည်ဆိုပါက မည်သည့်ကုမ္ပဏီကိုမဆို ဆက်လက် ခွင့်ပြုပေးသွားမည်ဖြစ် သည်။ လက်ရှိတွင် YBS ကုမ္ပဏီများ ဖွဲ့စည်းခြင်းကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သိရသည်။

 

” YBS ကုမ္ပဏီတွေထဲမှာ ခိုင်မာတဲ့ ကုမ္ပဏီက လေး၊ ငါးခုပဲ ရှိလာမှာပါ၊ ကျန်တဲ့ ကုမ္ပဏီတွေကိုလည်း မပိတ်ပင်ပါဘူး၊ အများပိုင် ကုမ္ပဏီအစစ်အမှန်ဆိုရင် အင်အားအရ ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ အများပိုင်ကုမ္ပဏီအစစ် ဖြစ်ဖို့ပဲ လိုတယ်၊ ကုမ္ပဏီအစစ်ဖြစ်မှပဲ ကိုယ်ရကိုယ်ယူ စနစ်ဆိုတာ ပျောက်မှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

 

လက်ရှိ ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် YBS ကုမ္ပဏီများမှာ အများပိုင်ကုမ္ပဏီများဟု ဆိုသော်လည်း စစ်မှန်သောအများပိုင် ကုမ္ပဏီများ မဖြစ်သေးသည့်အတွက် အများပိုင်ကုမ္ပဏီ အစစ်အမှန်ဖွဲ့စည်းရန် ñွှန်ကြားထားပြီး  အများပိုင်ကုမ္ပဏီ အစစ်အမှန် ဖွဲ့ စည်းထားသည့် ကုမ္ပဏီကိုသာ ဆက်လက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များအားလုံးကို အများပိုင်စနစ်အဖြစ် ပြောင်းလဲပြေးဆွဲမည်ဖြစ်ရာ ပုဂ္ဂလိကပိုင် ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိလက်တွဲလုပ်ကိုင်လိုသည့် ကုမ္ပဏီတွင် ပူပေါင်းပါဝင်ရန် ခွင့်ပြုထားပြီး အများပိုင်စနစ်တွင် ကုမ္ပဏီကို ဝင်ရောက်မည့် တစ်ဦးပိုင်ယာဉ်များကို ရာဖြတ် တန်ဖိုးသတ်မှတ်၍ထိုစျေးနှုန်းအတိုင်းသာအကျိုးအမြတ်ခွဲဝေရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ဝန်ဆောင်မှုနှင့် စည်းကမ်းကောင်းမွန်သည့် YBS ကုမ္ပဏီများ ရွေးချယ်ခြင်းကို ကုမ္ပဏီတစ်ခုချင်းစီအလိုက် စိစစ်၍ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ယခုနှစ်မကုန်မီ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်းကို YBS ယာဉ်လိုင်းပေါင်း ကိုးဆယ်ကျော် ယာဉ်အစီး လေးထောင်ဝန်းကျင်ဖြင့် ပြေးဆွဲနေပြီး ထိုထဲတွင် တစ်ဦးပိုင်ယာဉ် အစီးတစ်ထောင်ဝန်းကျင်ပါရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here