အမေရိကန်ထုတ်  Titan Pick-up  ကားများ တရုတ်သို့ တင်ပို့ရောင်းချရန် Nissan  စီစဉ်

850

စီးပွားရေးနှင့် ဆောက်လုပ်ရေးဖွံ့ဖြိုးလျက်ရှိသော တရုတ်စျေးကွက်တွင် ခြေကုပ်ရယူနိုင်ရေး မျှော်လင့်ချက်ဖြင့် အမေရိကန်ထုတ် Titan Pick-up  ကားများကို မြောက်အမေရိက Nissan က တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း Auto News ကားသတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

အဓိကကျသည့် အမေရိကန် စျေးကွက်တွင် Toyota နှင့် အမေရိကန် ကြီးသုံးကြီးဖြစ်သည့် Ford ၊ GM ၊ Chrysler တို့ကို မယှဉ်ပြိုင် နိုင်ဖြစ်နေသည့် Full-size Titan ကားများအတွက် စျေးကွက်ဝေစုပိုမို ချဲ့ထွင်နိုင်ရန် Nissan ကုမ္ပဏီက ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး တရုတ်ပြည်၏ အမေရိကန်စတိုင်လ် Pick-up မောင်းနှင်လိုခြင်း အာသီသ ကို ဖြည့်ဆည်းပေးရန်လည်း ရည်ရွယ်ခြင်းဖြစ်သည်။  အမေရိကန်၌ အောက်တိုဘာလကုန်အထိ Titan ကား ၃၉,၆၆၃ စီး ရောင်းချနိုင်ခဲ့ပြီး ရောင်းအား ၁၈ဝ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့သော်လည်း  Ford  ၏ ရောင်းအားအကောင်းဆုံး F-series Pick-up ကားများ၏ သုံးပတ်အတွင်း ရောင်းအားထက် နည်းပါးနေသေးကြောင်း သိရသည်။ စက်ရုံမှ လက်ရှိထုတ်လုပ်နိုင်သည့် ပမာဏမှာ နည်းပါးနေသေးသည့်အတွက် တရုတ်နိုင်ငံသို့ ကနဦး တင်ပို့နိုင်မည့် အရေအတွက်ကိုမူ Nissan က ထုတ်ဖော်ပြောကြား ခြင်း မရှိသေးပေ။ လက်ရှိ Titan Pick-up  ကားရောင်းအားမှာ Ford ၊ General Motors ၊ Fiat Chrysler နှင့် Toyota တို့ထက် နည်းပါးနေသေးသော်လည်း အမေရိကန် Nissan စက်ရုံတွင် အမှာစာများ မြင့်တက်လျက်ရှိကြောင်း မြောက်အမေရိက Nissan အကြီးအကဲ Jose Munoz က ဆိုသည်။ Titan ကို တရုတ်နိုင်ငံတစ်ဝန်း မိတ်ဆက်ရာ၌ Pick-up ထက် လူစီး ကားများကိုသာ ကာလရှည်အသား ကျနေခဲ့သည့် Nissan အရောင်းကိုယ်စားလှယ်များကို pick-up ကားရောင်းချမှုနှင့် ဝန်ဆောင်မှုများ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

”သူတို့က လူစီးကားအရောင်း ကိုယ်စားလှယ်တွေဖြစ်လို့ ပစ်ကပ် ကားတွေအကြောင်း သိပ်မသိကြဘူး၊ Pick-up ကျွမ်းကျင်ပညာရှင်တွေ သူတို့ ခန့်ထားပြီးပါပြီ၊ Pick-up ကားပြုပြင်တာ၊ ရောင်းချတာကို သူတို့ လေ့ကျင့်သင်ကြားထားပေမဲ့ သင်တန်းတွေ ထပ်ပေးဖို့ ကျွန်တော်တို့ကို တောင်းဆိုထားတယ်၊ သူတို့ဘက်က ယုံကြည်မှု ပိုရှိလာရင် ကျွန်တော်တို့ဆီကို ကားအရေအတွက်တွေ ပိုတိုးပြီးမှာကြမှာပါ၊ ကျွန်တော်တို့က စျေးကွက် ၅ ရာခိုင်နှုန်းလောက်ရဖို့ မှန်းထားတာပါ” ဟု Munoz က ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလ တစ်လလုံးတွင် အမေရိကန် အရွယ်အစားကြီး Pick-up ကား စျေးကွက်၌ Titan မှာ စျေးကွက်ဝေစု ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရထားကြောင်း သိရသည်။ လက်ရှိတွင် မြောက်အမေရိက Nissan အနေဖြင့် တရုတ်စျေးကွက်အပြင် အခြား ကမ္ဘာ့စျေးကွက်အသီးသီးမှလည်း အမှာစာများစွာ လက်ခံရရှိနေကြောင်း သိရသည်။

Ref: Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here