အမည်ပြောင်းကိစ္စရပ်များကြောင့် အမြင့်ကားများ အရောင်းအဝယ် အေးသွားသည့် နိုဝင်ဘာလဆန်း ကားစျေးကွက်

338
Page(Test)

မဖြစ်မနေ အမည်ပြောင်းပြုလုပ်ရမည့် ကိစ္စရပ်များကြောင့် နယ်အဝယ် အဆင်းနည်းသွားသလို အရောင်းအဝယ်လည်း ငြိမ်သက်သွားခဲ့သည်။ အမြင့်ကားများ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကျပ်သိန်း နှစ်ရာဝန်းကျင် Toyota Vitz ၊ Honda Fit ၊ Toyota Belta ၊ Toyota Probox စသည့် ၁၃ဝဝ စီစီကားများသာ အဝယ်ရှိသည်။ ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် ၁၃ဝဝ စီစီကားများ အရောင်းအဝယ် ကောင်း နေသလို ၆၆ဝ စီစီ လုပ်ငန်းသုံး ပစ်ကပ်များလည်း အဝယ်ပြန်လိုက် လာသည်။

“ညာမောင်းကားတွေထဲမှာ ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၃ဝဝ စီစီ ကားတွေလောက်ပဲ အဝယ်ရှိပါတယ်၊ မိုဒယ်မြင့် ဘယ်မောင်းကားတွေနဲ့ အမြင့်ကားတွေကတော့ အရောင်းအဝယ် ပြန်အေးသွားပါတယ်၊ နယ် အဝယ်လည်း အဆင်းနည်းသွားတဲ့အတွက် ပြီးခဲ့တဲ့ လလောက်တော့ အရောင်းအဝယ် မကောင်းပါဘူး၊ ကားတွေကို အမည်ပေါက် ပြုလုပ်ရ မယ်ဆိုတဲ့ကိစ္စနဲ့ ကားအရောင်းစင်တာ၊ ကားအရောင်းပြခန်းတွေက ကား တွေကို Sale Invoice အတိုင်း ကောက်ခံမယ်ဆိုတဲ့ ကိစ္စတွေကြောင့် သို့လော သို့လောနဲ့ မရောင်းရဲ မဝယ်ရဲ ဖြစ်နေပါတယ်၊ လာမယ့်နှစ်အတွက် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်ကလည်း ထူးထူးခြားခြား မဟုတ် ဘဲ ပုံမှန်အတိုင်း Model Year တစ်နှစ်စီ ခုန်သွားတာဖြစ်လို့ စျေးကွက် အပေါ် သက်ရောက်မှုမရှိတာ တွေ့ရပါတယ်၊ ကြေညာချက်တွေနဲ့ လုံးဝ မသက်ဆိုင်တဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားတွေကတော့ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ အခုအချိန်မှာ အရစ်ကျစနစ်နဲ့ ဝယ်ချင်တဲ့သူ များတဲ့အတွက် ညာမောင်းကားတွေထက်စာရင် SKD ကား တွေက ပိုပြီးရောင်းရပါတယ်”ဟု MMM ကားအရောင်းစင်တာမှ ကိုမင်း မင်းမောင်က ပြောသည်။

၂ဝ၂ဝ ပြည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များအရ လူစီးကားများ တင်သွင်းရာတွင် ၂ဝ၁၇ မိုဒယ်နှင့် အထက် ဘယ်မောင်းကားများကိုသာ ခွင့်ပြုထားသဖြင့် ရွေးချယ်စရာ ကားနည်းသွားသလို မူရင်းကားတန်ဖိုးများလည်း များသွားမည် ဖြစ်သည်။ လာမည့်နှစ်စပိုင်းတွင် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ်ကို စတင်ကျင့်သုံးမည်ဟု သတင်းများထွက်ပေါ်နေပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါက ဘယ်မောင်းကား တင်သွင်းမှု များ အားကောင်းလာနိုင်ဖွယ် ရှိနေသည်။

“ဒီရက်ပိုင်းမှာ ကားအရောင်းအဝယ် ပြန်အေးသွားပါတယ်၊ ပွင့် လင်းရာသီဖြစ်ပြီး စပါးနဲ့ ကောက်ပဲသီးနှံတွေ ပေါ်တဲ့ရာသီဖြစ်ပေမဲ့ သီးနှံစျေးတွေ မကောင်းတဲ့အတွက် နယ်ဘက်က ကားအဝယ်တွေ အရင် နှစ်ကလောက် မဆင်းပါဘူး၊ နယ်အဝယ်ဆင်းတာ နည်းတဲ့အတွက်လည်း ညာမောင်းကားတွေ အဝယ်အေးနေပြီး အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရတဲ့ ှကဖကုင ကားတွေလောက်ပဲ အရောင်းအဝယ် ဖြစ်ပါတယ်၊ လတ်တ လောမှာ အမြင့်ကားစျေးကွက်ကတော့ သိသိသာသာ အေးနေပါတယ်၊ အခုအချိန်မှာ ဂျပန်ကားကြိုက်တဲ့သူက ကျပ်သိန်း သုံးရာအောက်ကား ကို ရှာဝယ်ပြီး အရစ်ကျစနစ်နဲ့ ကားသစ်စီးချင်တဲ့ သူတွေကတော့ SKD ကားတွေကို ရွေးချယ်လာကြပါတယ်”ဟု United Eleven ကားအရောင်း စင်တာမှ ဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

ကားစျေးကွက်အတွင်း နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှာ ဝယ်လိုအားများနေပြီး Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်း ဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ် ၁၉၅ သိန်းဝန်းကျင် တွင် အရောင်းအဝယ် ဖြစ်နေသည်။ အမြင့်ကားထဲမှ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၁ဝ ဝန်းကျင်၊ Honda CR-V၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ငါးရာဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၅ဝ ဝန်းကျင်တို့တွင် အရောင်းအဝယ် ဖြစ်သည်။

“ရန်ကုန်အဝယ်ရော၊ နယ်အဝယ်ပါ အဆင်းနည်းတဲ့အတွက် ယာဉ် ရောင်းဝယ်ရေးစခန်းတွေမှာတော့ ထင်သလောက် အရောင်းအဝယ် မကောင်းပါဘူး၊ အခွန်ကိစ္စကြောင့် ညာမောင်းကားတွေက ရောင်းရခက် ဝယ်ရခက် ဖြစ်နေတဲ့အချိန်မှာ တချို့ကလည်း အမည်ပေါက်ရပြီး အရစ် ကျစနစ်နဲ့ ဝယ်လိုရတဲ့ကားသစ်တွေကို စိတ်ဝင်စားမှု ပိုများသွားပါတယ်၊ Suzuki SKD ကားတွေဆိုရင် ခုနစ်နှစ်အထိ အရစ်ကျစနစ်နဲ့ ဝယ်လို့ရ သလို ကားဟောင်းနဲ့လည်း အလဲအထပ် လုပ်လို့ရတဲ့အတွက် အရောင်း အဝယ်အကောင်းဆုံး ဖြစ်နေပါတယ်၊ လက်ရှိ မိုဒယ်သတ်မှတ်ချက်တွေနဲ့ ကားအသစ် တင်သွင်းမယ်ဆိုရင် လုံးဝ မကိုက်တော့တ့ဲအတွက် နံပါတ် ထွက်ပြီးသား ကားဟောင်းတွေကိုပဲ လှည့်ပတ်ဝယ်ပြီး အရောင်းအဝယ် ပြုလုပ်နေရပါတယ်”ဟု ကားဝယ်/ရောင်း ကိုသီဟက ပြောသည်။

စလစ်ဝယ်လိုအား နည်းသော်လည်း အပ်ကားရှားပါးခြင်းကြောင့် ရန်ကုန်လိုင်စင်နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၂၈ သိန်း ဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၁၈ သိန်းဝန်းကျင်တွင် ပေါက် စျေးရှိကြောင်း ကားစျေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here