အပ်ကားစာရင်းထဲတွင်ပါဝင်သည့် သက်တမ်းနှစ်နှစ်ဆယ်ကျော် ကားဟောင်းများ ထပ်ဆောင်းမှတ်ပုံတင်ကြေးကောက်ခံမည့်အစီအစဉ် ပယ်ဖျက်

682

ရန်ကုန်၊ မေ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တောင်းဆိုချက်ကြောင့် YVQC စနစ် ကျင့်သုံးပါက အပ်ကားစာရင်းထဲတွင် ပါဝင်သည့် ထုတ်လုပ်သက်တမ်း နှစ် နှစ်ဆယ်ကျော် ကားဟောင်းများအား ထပ်ဆောင်းမှတ်ပုံတင်ကြေး ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အသုံးပြုမှုကို ထိန်းချုပ်ရာတွင် ပထမစီမံချက်၌ နယ်လိုင်စင်ကားများကို ကန့်သတ်မည်ဖြစ်ပြီး နှစ် နှစ်ဆယ်ကျော် အို/ဟောင်းယာဉ်များကိုလည်း နှစ်လဲ မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်ရာ၌ ထပ်ဆောင်းမှတ်ပုံတင်ကြေး ကောက်ခံရန် စီစဉ်ခဲ့ကြောင်း သိရသည်။ သို့သော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆွေးနွေးတင်ပြမှုကြောင့် သက်တမ်းနှစ် နှစ်ဆယ်ကျော်ကားများအား ထပ်ဆောင်း မှတ်ပုံတင်ကြေး ကောက်ခံမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

”YVQC စနစ် ကျင့်သုံးရင် နယ်ဝင်ကားတွေကို မြို့ဝင်ကြေး ကောက်ခံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်၊ သက်တမ်းနှစ် နှစ်ဆယ်ကျော် ကားဟောင်းတွေကိုတော့ ကညနရဲ့ တောင်းဆိုမှုကြောင့် နှစ်လဲ သက်တမ်းတိုးတဲ့အခါမှာ ထပ်ဆောင်း မှတ်ပုံတင်ကြေး ကောက်ခံမယ့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဖြေလျှော့ပေးခဲ့ပါတယ်”ဟု AADA အသင်း ဒုဥက္ကြ ဦးအေးထွန်းက ဆိုသည်။

ပြည်ပမှ တင်သွင်းထားသော ၁၉၉၈ မိုဒယ်နှင့်အောက် သက်တမ်းနှစ် နှစ်ဆယ်ကျော် ကားဟောင်းအများစုသည် မှတ်ပုံတင်သက်တမ်း ခုနစ်နှစ်ကျော်သာ ရှိသေးပြီး ရန်ကုန်လိုင်စင်ဖြင့် အစီးလေးသောင်းကျော်ရှိကြောင်း သိရသည်။ ထိုကားများကို ရန်ကုန်လိုင်စင် ဖျက်သိမ်းသည်ဖြစ်စေ၊ နှစ်လဲသက်တမ်းတိုးပြုလုပ်ရာ၌ ထပ်စောင်း မှတ်ပုံတင်ကြေး ကောက်ခံသည်ဖြစ်စေ ပြုလုပ်ပါက ယာဉ်ပိုင်ရှင်များအတွက် နစ်နာမှုများ ရှိလာနိုင်သောကြောင့် YVQC မူကြမ်းတွင် ပါရှိသောအချက်ကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here