အနှေးယာဉ်လုပ်သားတို့၏ အနာဂတ်

66

 

အော်တိုမိုဘိုင်းဂျာနယ်၊ အတွဲ-၈၊ အမှတ်(၄၇)၏ စာမျက်နှာ-၂ တွင် ကျော်ကျော်အောင်(ကလေးမြို့)ရေးထားသည့် သတင်းတိုတစ်ပုဒ်ဖတ်ရ သည်။ ခရီးသည်တင်သုံးဘီးဆိုင်ကယ်တွေကို အတိုးမဲ့၊ အရစ်ကျငွေပေး ချေစနစ်ဖြင့် ရောင်းချမည်ဆိုသည့်သတင်းဖြစ်သည်။ အဆင့်မြင့် အီတလီ နည်းပညာဖြင့် အိန္ဒိယနိုင်ငံကထုတ်လုပ်သည့် PIAGGIO အမျိုးအစား ခရီးသည်တင်သုံးဘီးဆိုင်ကယ်လေးတွေကို ကျပ် ၄၇ သိန်းဖြင့် မန္တလေး မြို့မှာ ရောင်းချနေပြီဆိုသည့်သတင်း ဖြစ်သည်။
ဒီသတင်းက ခရီးသည်တင်သုံးဘီးဆိုင်ကယ်လို့ ရေးထားသည်။ သုံးဘီးယာဉ်ငယ်၏ပုံ ဖော်ပြထားသည်။ ဈေးနှုန်းနှင့် မည်ကဲ့သို့ ဝယ်ယူ နိုင်သည်ဆိုတာကိုသာ ဖော်ပြထားသည်။ အင်ဂျင်ပါဝါ၊ ဆီစားနှုန်း၊ ဝန် ဆောင်နိုင်မှုအလေးချိန် ဘယ်လောက်ဆိုတာ ဖော်ပြမထား။ အရေးအကြီး ဆုံးဖြစ်သည့် မောင်းနှင်ခွင့်လိုင်စင်ကို မည်သို့ထုတ်ပေးသည်ဆိုတာ ဖော် ပြမထား။ ရန်ကုန်မှာလည်း ဝယ်လို့ရ/မရဆိုတာ ရေးပြမထားလို့ တိတိ ကျကျမသိရ ဖြစ်နေသည်။
ဒီသတင်းမှာ စိတ်ဝင်စားစရာကောင်းတာက ခရီးသည်တင် သုံးဘီး ယာဉ်ဆိုသည့်စကားဖြစ်သည်။ ခရီးသည်တင်ယာဉ်ဆိုသည့်အတွက် ခရီးသည်တင်ပြီး မောင်းနှင်နိုင်သည့်ယာဉ်ငယ်လေးဖြစ်သည်။ ပုံကိုပြထား သည်။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်လောက်အထိရှိခဲ့သေး သည့် ဂျပန်နိုင်ငံလုပ် ဟမ်းဘီးအမျိုးအစားသုံးဘီးနဲ့တူသည်။ မော်တော် ဆိုင်ကယ်လက်ကိုင်နဲ့ဖြစ်မည်။ အင်ဂျင်ပါဝါ ဝ ဒသမ ၂၅၀ ဖြစ်နိုင်သည်။ ဆီစားသက်သာမည်။ မောင်းသူအပါအဝင် ငါးယောက် တင်ဆောင်နိုင်တာ ဖြစ်မည်။ ဒီယာဉ်လေးကို ခရီးသည်တင်ဖို့ပဲ ခွင့်ပြုသလား၊ မိသားစုအိမ် သုံးအဖြစ် ခွင့်ပြုသလား၊ မပြုသလား ဖော်ပြမထားသည့်အတွက် မသိရ သေးဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် ခရီးသည်တင် သုံးဘီးဆိုင်ကယ်ဆိုသည့် စကားက စိတ်ဝင်စားစရာဖြစ်နေသည်။
ခရီးသည်တင် သုံးဘီးဆိုင်ကယ်ပေါ်လာခြင်းသည် မြန်မာတစ်နိုင်ငံ လုံးက အနှေးယာဉ်(ဆိုက်ကား)တွေနှင့် အနှေးယာဉ်လုပ်သား(ဆိုက်ကား နင်းသူ)တို့၏ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေသည်။ သုံးဘီးဆိုင်ကယ် တွေကို ခရီးသည် တင်ဆောင်မောင်းနှင်ခွင့်ပြုမည်ဆိုပါက ဆိုက်ကားတွေ ကို ဖျက်သိမ်းတော့မလားလို့ တွေးစရာဖြစ်လာသည်။ ဆိုက်ကားဆိုသည့် အနှေးယာဉ်ကလည်း မရှိသင့်တော့သည့်ယာဉ် ဖြစ်သည်။ ကမ္ဘာမှာ လူဆွဲ သည့်ယာဉ်၊ လူအင်အားဖြင့် ရုန်းသည့်ယာဉ်တွေကို မသုံးတော့တာ သတိထားမိသည်။ မြန်မာနိုင်ငံမှာရှိခဲ့ဖူးသည့် လန်ချားကို အိန္ဒိယမှ တွေ့ ခဲ့ဖူးသေးသည်။ စင်ကာပူနှင့် ဟောင်ကောင်မှာပင် ၁၉၇၀ ပြည့်နှစ်လောက် အထိ ရှိနေသေးတာကို သတိထားမိသည်။ အခုတော့ မရှိတော့ဘူးလို့ သိရသည်။
မြန်မာနိုင်ငံမှာ ဆိုက်ကားဆိုသည့်အနှေးယာဉ် ဘယ်အချိန်ကစပြီး ရှိနေသလဲဆိုတာကို ကျွန်တော်မသိပါ။ ပြည်တော်သာခေတ်မှာ ရန်ကုန်မြို့ကို ကျွန်တော်စတင်ရောက်သည့်အချိန်မှာ မြင်းလှည်းတွေတောင် ရှိ သေးသည်။ ဓာတ်ရထားကတော့ ရပ်ဆိုင်းထားပြီးဖြစ်သည်။ လန်ချား ကတော့ လွတ်လပ်ရေးရသည့်အချိန်မှာ စတင်ဖျက်သိမ်းခံရသည်ဟု ယူ ဆရသည်။ ဆိုက်ကားသည် ဓာတ်ရထား၊ မြင်းလှည်း၊ လန်ချားတို့နှင့် ခေတ်ပြိုင်ပေါ်ခဲ့တာဖြစ်မည်။ မြန်မာနိုင်ငံက ဆိုက်ကား၏ပုံစံဒီဇိုင်းကို ဘယ်သူတီထွင်သည် မသိ။ ခရီးသည်နှစ်ယောက် ကျောချင်းကပ်ထိုင်စီးရ သည့်ပုံစံဖြစ်အောင် တီထွင်ခဲ့သည်။ အနံမကျယ်ဘဲ ပေါင်ကျဉ်းသွား အောင် တီထွင်ခဲ့တာဖြစ်မည်။ ကမ္ဘာ့နိုင်ငံတချို့မှာလည်း ဆိုက်ကားရှိ သည်။ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ တွေ့ခဲ့သည်။ မြန်မာနိုင်ငံ မှာလို ခရီးသည်နှစ်ယောက် ကျောချင်းကပ်ထိုင်လိုက်ရသည့်ပုံစံမဟုတ်၊ ထူးခြားသည့်ပုံစံတွေဖြစ်သည်။
မြန်မာနိုင်ငံမှာတောင် အချို့ဒေသမြို့တွေက ဆိုက်ကားတွေသည် ခရီးသည်နှစ်ယောက် ဘေးချင်းယှဉ်စီးလိုက်ရသည့် ဆိုက်ကားတွေကို တီထွင်ပြီး ခရီးသည်ပို့ဆောင်ပေးနေသည်။ မြန်အောင်၊ ကြံခင်းမြို့တွေနှင့် အနီးအနား မြို့ရွာတွေနှင့် ခရမ်း၊ သုံးခွမြို့အနီးအနားမြို့ရွာတွေက ဆိုက် ကားတွေသည် ခရီးသည်နှစ်ယောက် ဘေးတိုက် ယှဉ်ထိုင်စီးကြရသည့် ဆိုက်ကားတွေဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်က ဆိုက်ကားတွေသည် သုံးဘီးဆိုင်ကယ်ပုံစံဖြစ် သည်။ နင်းသူက ရှေ့ကနင်းသည်။ ခရီးသည်နှစ်ယောက်က နောက်က အမိုးပါသည့်ထိုင်ခုံမှ ထိုင်လိုက်ကြရသည်။ သိကြသည့်အတိုင်းပေါ့။ ထိုင်ခုံကို အထူးပြုလုပ်ထားသည့် အမိုးဖြင့် မိုးထားသည်။ အဲဒီအမိုး၏ အထက်၊ အောက်၊ ဘေးဝဲယာနှစ်ဖက်မှာ အရောင်စုံသည့် ပန်းတွေဖြင့် အလှဆင်ထားသည်။ မီးပွိုင့်မိလို့ ဆိုက်ကားတွေ တန်းစီနေလျှင် ရဟန်း ခံ၊ ရှင်ပြုပွဲလှည့်လာသလို၊ မင်္ဂလာဆောင်အိမ်တက်လှည့်လာသလို ထင် ရသည်။ ဆိုက်ကားတွေအားလုံးမှာ ရောင်စုံပန်းတွေ၊ ဆေးရေးပန်းချီပန်း တွေဖြင့် ဝေဆာနေသည်။ စီးရတာ ရှက်စရာတောင် ကောင်းသည်။ နောက်က ထိုင်လိုက်ရသည့်အတွက် ဆိုက်ကားနင်းသူ၏ ချွေးနံ့ချိုင်းပတ် စော်နံတာကို အောင့်ခံ လိုက်ကြရသည်။
အင်ဒိုနီးရှားဆိုက်ကားကတော့ ခရီးသည်နှစ်ယောက်ကို ရှေ့မှာထား ပြီး နင်းသူက နောက်ကနင်းသည်။ ခရီးသည်နှစ်ယောက်ကို တင်ထား သည့် ထိုင်ခုံနောက်က လက်ကိုင် တန်းကို လိုသလို တွန်းပြီးလှည့် သည်။ နင်းသူ နောက်ဘီးတစ်လုံး တည်းပေါ်က ထိုင်ခုံပေါ်မှာ ထိုင်ပြီးနင်းသည်။ မျက်နှာ ချင်းဆိုင် ယာဉ်တိုက်မှုဖြစ် လျှင် ရှေ့ကထိုင်လိုက်နေသည့် ခရီးသည်နှစ် ယောက်သာ သေမည်။ ဆိုက်ကားနင်းသူက နောက် မှာနေသည့်အတွက် သက်သာမည်ဖြစ်သည်။ ကမ္ဘာ့ ဆိုက်ကားပုံစံတွေကို ဒီနှစ်မျိုးသာတွေ့ဖူးသည်။ မြန်မာနိုင်ငံက ပုံစံမျိုးတွေကိုတော့ ကမ္ဘာ့ မည်သည့်နိုင်ငံမှာမှ မတွေ့ခဲ့ဖူးပါ။ မြန်မာ နိုင်ငံမှာသာ ခရီးသည်ကျောချင်း ကပ်ထိုင်နှင့် ဘေးချင်းယှဉ် ထိုင်ရှိတာဖြစ်သည်။
မြန်အောင်မြို့၊ ကြံခင်းမြို့ အပါအဝင် ပတ်ဝန်းကျင်နှင့် ခရမ်းမြို့၊ သုံးခွမြို့ အပါအဝင် ပတ်ဝန်းကျင်မြို့ရွာတွေက ဆိုက်ကားတွေသည် ခရီး သည်နှစ်ယောက် ဘေးချင်းယှဉ်ထိုင်နိုင်အောင် ဘေးတွဲကို တွဲချိတ်ထား ရသည့်အတွက် ဘေးကို လေးပေလောက် ကျယ်ထွက်နေသည်။ အတော် နေရာယူသည့် ဆိုက်ကားတွေဖြစ်သည်။ ခရီးသည်တင်ရာမှာ ဆွေမတော် မျိုးမတော်သည့် အမျိုးသားနှင့် အမျိုးသမီး ခရီးသည်နှစ်ယောက်ဆိုလျှင် ဘေးချင်းယှဉ် ထိုင်စီးရတာ အတော်ကသိကအောက်ဖြစ်မည်။ ဇနီးမောင် နှံဆိုပါက အဆင်ပြေသည်။
ခရမ်းမြို့က မိတ်ဆွေတစ်ယောက် ပြောဖူးသည်။ သူတို့မြို့က ဂုဏ် သရေရှိလူကြီးလူကောင်းတစ်ယောက်နှင့် အမျိုးသမီးကြီးတစ်ယောက် ဆိုက်ကားအတူစီးကြတဲ့အကြောင်း ပြောပြဖူးသည်။ လူကြီးလူကောင်း က ပညာတတ်၊ ရုပ်ဖြောင့်၊ ရုပ်သန့်၊ ဥပဓိရုပ်ကောင်းကောင်း၊ ထောင် ထောင်မောင်းမောင်း၊ ကျန်းမာရေးကလည်းကောင်းတော့ အသက် ခုနစ် ဆယ်ကျော်ပေမဲ့ ငါးဆယ်ကျော်လောက်ပဲထင်ရသည်။ အပျော်အပါးလည်း ဝါသနာပါသည်။ ငွေကြေးကလည်းပြည့်စုံတော့ လုပ်ချင်ရာလုပ်သည့်လူကြီး ဖြစ်သည်။ အသက် ၁၅ နှစ်အရွယ် အိမ်ဖော်ကလေးမကို မလွှဲမရှောင် သာလို့ လက်ထပ်ယူလိုက်ရသည့်အတွက် မိသားစုက မောင်းချထားသူ ဖြစ်သည်။
မိသားစုက အကပ်မခံလို့ မယားငယ်ငယ်လေးနှင့်အတူ အိမ်ခွဲနေ သော်လည်း တစ်မြို့တည်း အတူနေရသည့်အတွက် မတော်တဆတွေ့မှာ ဆုံမှာစိုးလို့ သတိဖြင့် သွားလာနေရသည်။ သူ့မယားငယ်ငယ်လေးကို သူ့မိသားစုတွေ့လျှင် ဆွဲလား၊ ရိုက်လားလုပ်မည်စိုးလို့ သူကိုယ်တိုင် လမ်းထွက်၊ ဈေးသွားလုပ်နေရသည်။ ဂျော်ကီဦးထုပ်၊ စပို့ရှပ်အင်္ကျီ၊ ဘောင်းဘီရှည်တို့ဖြင့် စမတ်ကျကျဝတ်ပြီး လမ်းထွက်သည်၊ လက်ဖက် ရည်ဆိုင်ထိုင်သည်၊ ဈေးသွားသည်။
တစ်နေ့မှာတော့ ဆိုက်ကားတစ်စီးမှာ ရုပ်သန့်သန့်အမျိုးသမီးကြီးတစ် ယောက်တည်း စီးလာတာမြင်လို့ အဲဒီဆိုက်ကားကိုလက်ပြတားလိုက် သည်။ ဆိုက်ကားဆရာက ရပ်ပေးတော့ အမျိုးသမီးကြီးဘေးမှာ ကပ်ပြီး ထိုင်ချလိုက်သည်။ သူ တက်ထိုင်လိုက်ကတည်း က အမျိုးသမီးကြီးက မျက်နှာကို တစ်ဖက်လှည့်သွားသည်။ သူကလည်း လိုအပ်တာထက်ပိုပြီး ကပ်ထိုင် သည့်အတွက် အမျိုးသမီး ကြီးက နည်းနည်း ရွှေ့ထိုင်လိုက် သည်။ အမျိုးသမီး ကြီး၏ မျက်နှာက သူ့ဘက် ကို မလှည့်သော်လည်း အ နည်းငယ် စောင်းငဲ့ကြည့်လိုက် ရုံဖြင့် ရုပ်သန့်သန့်အမျိုးသမီးကြီး ဆိုတာ သိသာသည်။ ဝတ်ဆင် ထားတာကလည်း သန့်ပြန့်သပ်ရပ် သည်။ အဆင့်အတန်း ရှိသည့် ရေမွှေးကို ဆွတ်ဖျန်းထား သည့်အတွက် ကိုယ်သင်း ရနံ့က ဆွဲဆောင်မှုရှိ သည်။ မိတ်ဖြစ်ဆွေဖြစ် နှုတ်ဆက်ပြီး မိတ်ဆွေဖွဲ့ဦး မည်ဟု ဆုံးဖြတ်လိုက် သည်။ မိတ်ဆွေဖြစ်သွားလို့ လွတ်လွတ်လပ်လပ်ဆိုပါ က သာမန်မိတ်ဆွေအဆင့် ထက် ကျော်လွန်သည့် ပျော် စရာအခြေအနေကို ဖန်တီး မည်ဟု ရည်ရွယ်သည်။ အမျိုး သမီးကြီးဘက်ကို အသာလှည့်ကြည့်ပြီး အသံသာသာဖြင့် မေးလိုက်သည်။
“ဒီက ကိုယ့်နှမကြီးက ဘယ်ကိုသွားမလို့ပါလိမ့်”
“မသိဘူး၊ မသိဘူး၊ ဘာမှလာမမေးနဲ့”
ဒီအသံနှင့် လေယူလေသိမ်းကိုသိနေလို့ သေသေချာချာကြည့်လိုက် တော့ အလန့်တကြားဖြစ်ပြီး ဆိုက်ကားပေါ်က ခုန်ချထွက်ပြေးခဲ့ရသည်။ ဆိုက်ကားစီးလာသည့် အမျိုးသမီးကြီးသည် သူ့ဇနီးကြီးဖြစ်နေသည်။ အတူစီးရမည့် ခရီးသည်ကို သေသေချာချာမကြည့်ဘဲ မစီးသင့်သည့် အကြောင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ သုံးဘီးဆိုင်ကယ်တွေဖြင့် ခရီးသည် တင်ခွင့်ပြုမည်ဆိုပါက ဆိုက်ကားတို့၏ အနာဂတ်သည် ရင်လေးစရာ ဖြစ်သည်။ ရန်ကုန်တိုင်းက မှော်ဘီ၊ တိုက်ကြီးလိုမြို့တွေမှာတောင် ကယ်ရီလို့ခေါ်သည့် မော်တော်ဆိုင်ကယ်တွေ ပေါ်လာသည့်အတွက် ဆိုက်ကားတွေ ခရီးသည်မရဖြစ်နေကြသည်။ ဆိုက်ကားတို့၏ အနာဂတ် သည် စိုးရိမ်စရာဖြစ်လာနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here