အဓိကလမ်းမကြီးပေါ်တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ အချိန်တိုးချဲ့ပြေးဆွဲပေးမည်

627

ရန်ကုန်၊ ဖေဖော်ဝါရီ
မြို့တွင်း လူစည်ကားရာ အဓိက လမ်းမကြီးတစ်လျှောက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ အချိန်တိုးမြင့် ပြေးဆွဲပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင်းကို အခြေပြု ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်လေးခုခွဲ၍ ပြေးဆွဲနေသည့်ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ အချိန်တိုးမြင့်ပြေးဆွဲရန် စီမံချက်ရေးဆွဲနေပြီး မတ်လအတွင်း စတင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

”ညဘက် လူစည်ကားတဲ့ အဓိကလမ်းမကြီးတစ်လျှောက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ည ၁ဝ နာရီအထိ အချိန်တိုးချဲ့ပြေးဆွဲပေးဖို့ စီမံချက်ရေးနေပါပြီ၊ လှည်းတန်း၊ သမိုင်းလမ်းဆုံ၊ စံပြစျေး၊ တာမွေတို့လို လူစည်ကားတဲ့နေရာတွေကို အဓိကထားပြေးဆွဲပေးမှာပါ၊ ယာဉ်လိုင်း ၁ဝ လိုင်းကနေ ၁၂ လိုင်းအထိ ပြေးဆွဲပေးမှာပါ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတာနဲ့ ပြေးဆွဲမှုစတင်မှာ ဖြစ်ပါတယ်၊ မတ်လထဲမှာ ပြေးဆွဲနိုင်ဖို့အတွက်လည်း စီစဉ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ သိရသည်။

ညအချိန် တိုးမြင့်ပြေးဆွဲရန် အတွက် အဓိကလမ်းမကြီးတစ် လျှောက်ပြေးဆွဲနေသည့် ကုမ္ပဏီပိုင် ယာဉ်လိုင်းများကို စိစစ်နေပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ရသည်နှင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဉ်များ ပြေးဆွဲချိန်ကို ညကိုးနာရီအထိ သတ်မှတ်ထားသော်လည်း ခရီးသွားများ အဆင်ပြေစေရန်အတွက် လူစည်ကားသည့် နေရာများကို အချိန်တိုးမြင့် ပြေးဆွဲပေးခြင်းဖြစ်ပြီး လိုအပ်ပါက ကျန်ရှိသည့်ယာဉ်လိုင်းများကိုလည်း အချိန်တိုးမြင့်ပြေးဆွဲ ပေးရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here