အထက်တန်းကျောင်းသားများက ကျောင်းစားဖိုဆောင်လုပ်သားအမျိုးသမီးကြီးအား ကားသစ်တစ်စီး လက်ဆောင်ပေး

567

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ရှိ Hoover အထက်တန်းကျောင်းမှ ကျောင်းသားများသည် ၎င်းတို့အား အစားအသောက်များ ချက်ပြုတ်ကျွေးမွေးသည့် စားဖိုဆောင်လုပ်သား အမျိုးသမီးကြီးကို ကားသစ်တစ်စီးဖြင့် အံ့သြဝမ်းသာအောင် လုပ်ခဲ့ကြောင်း ဇွန် ၅ ရက်တွင် wwlp ဝက်ဘ်ဆိုက်က CNN သတင်းကို ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။

Hoover အထက်တန်းကျောင်းတွင် စားဖိုဆောင်လုပ်သားအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် Debra Davis ဆိုသူ အမျိုးသမီးကြီးသည် ကျောင်း၏ Auto Body Technician Program တွင် ကျောင်းသားများ မွမ်းမံပြင်ဆင်ပေးသည့် ကားသစ်တစ်စီးကို မထင်မှတ်ဘဲ လက်ခံရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကားမှာ အဖြူရောင် တောက်တောက် Mazda ကားတစ်စီးဖြစ်ပြီး ကားစက်ဖုံးပေါ်တွင် အနီရောင်ဖဲကြိုးကို စည်းနှောင်ထားသည်။ ယခင်က ကျောင်းသွားကျောင်းပြန်အတွက် ၁၉၇၆ မိုဒယ် Chevy Malibu ကားဟောင်းကိုသာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် Davis က ၎င်းအနေဖြင့် ကားအသစ်နှင့်ကျင့်သားမရသေးကြောင်း ဝမ်းသာအားရ ပြောပြခဲ့သည်။

Hoover  အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သူ James Babineau က Davis သည် ကျောင်းသို့လာတိုင်း အမြဲပြုံးနေလေ့ရှိပြီး ကျောင်းသားများအတွက်လည်း မငြီးမငြူ ဝန်ဆောင်မှုပေးတတ်ကြောင်း ပြောကြားခဲ့သည်။ Davis သည် ကျောင်းအလုပ်အပြင် San Diego နယ် တစ်လျှောက် ကားတစ်စီးဖြင့် လှည့်လည်ပြီး အိမ်ရာမဲ့များကို အစားအသောက်များ ကျွေးမွေးခြင်း၊ သူနာပြုဂေဟာများ၌ စေတနာ့ဝန်ထမ်းလုပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ ၎င်း၏ပရဟိတအလုပ်ကြောင့် Recycle Rieds နှင့် Kids for Peace ပရဟိတအဖွဲ့အစည်းများက ပြန်ရှာတွေ့ထားသည့် ခိုးရာပါကားတစ်စီးကို ပြန်လည်ပြင်ဆင်၍ လက်ဆောင်ပေးအပ်ခဲ့ကြခြင်းဖြစ်ပြီး Auto Shop Program တွင် ပါဝင်သော ကျောင်းသားများက ကားကိုအနာအဆာများပျောက်အောင် ပြုပြင်မွမ်းမံပေးခဲ့ခြင်းဖြစ်သည်။

Ref : wwlp

LEAVE A REPLY

Please enter your comment!
Please enter your name here