အဆင့်မြင့်အသေးစား ဆီဒန်ကားတစ်စီးရဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားတဲ့ 2018 Acura ILX Special Edition

1212

ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Honda ပိုင် ဇိမ်ခံကား အမှတ်တံဆိပ်လုပ်ငန်းခွဲ Acura ဟာ ၂ဝ၁၂ ခုနှစ်မှာ Honda Civic ရဲ့ နဝမမြောက် မျိုးဆက်မိုဒယ်ကို အခြေခံပြီး အရွယ်အစားသေးငယ်တဲ့ အဆင့်မြင့် စပို့ဆီဒန်ကားမိုဒယ် ILX ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပါတယ်။TSX မိုဒယ်ကို အစားထိုးထုတ်လုပ်ခဲ့ပြီး သင့်လျော်တဲ့စျေးနှုန်းနဲ့ အဆင့်မြင့် အသေးစား ဆီဒန်ကားတစ်စီးရဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းထားတဲ့ ILX  ရဲ့ ၂ဝ၁၆ မိုဒယ်သစ်ကို ၂ဝ၁၄ ခုနှစ် အယ်လ်အေကားပြပွဲမှာ မွမ်းမံပြသခဲ့ပါတယ်။၂ဝ၁၈ ခုနှစ်မှာလည်း ILX  မိုဒယ်ကို အသစ်မွမ်းမံခဲ့ပြီး Special Edition ဆိုတဲ့ Trim Level အသစ်တစ်ခု ထပ်တိုးပါဝင်လာပါတယ်။

စက်စွမ်းရည်

ILX Special Edition မိုဒယ်အနေနဲ့ စက်စွမ်းရည်ပိုင်းမှာ တခြားမိုဒယ်တွေနဲ့ ထူးခြားကွဲပြားသွားတာမျိုးမရှိဘဲ မြင်းကောင်ရေ ၂ဝ၁ ကောင်အား 2.4 Liter ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကိုပဲ တိုက်ရိုက်ဆီဖျန်းစနစ်၊ Dual Overhead Cams ၊ i-VTEC Variable Timing System တိုနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Dual-Clutch Auto ဂီယာရှစ်ချက်ကနေတစ်ဆင့် ကားရှေ့ဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာဖြစ်ပြီး ဂီယာကို စတီယာရင်မှာ တပ်ဆင်ပေးထားတဲ့ Paddle Shifter လေးတွေကနေလည်း ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ ကားကို ညက်ညောညင်သာစွာ မောင်းနှင်အသုံးပြုနိုင်အောင် မွမ်းမံဖန်တီးထားတဲ့ ILX  မိုဒယ်သစ်ရဲ့ ဆီစားနှုန်းကတော့ မပြောင်းလဲဘဲ အရင်လို မြို့တွင်း တစ်ဂါလန် ၂၅ မိုင်နဲ့ အဝေးပြေးလမ်း တစ်ဂါလန် ၃၅ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းဆိုရင် တစ်ဂါလန် ၂၉ မိုင်နှုန်းအထိ အသုံးပြုနိုင်ပါတယ်။

တည်ဆောက်ပုံ

မိုဒယ်သစ်အနေနဲ့ ခပ်ပါးပါးမွမ်းမံထားတဲ့ ILX မှာ ဘေးဘက် ကိုယ်ထည်အချိုးအစားဟာ ခပ်နိမ်နိမ့် ခေါင်မိုးကောက်ကြောင်းလိုင်းနဲ့ မလိုအပ်ဘဲ အထက်ကိုဆန်တက်သွားတဲ့ အလယ်ပိုင်းကောက်ကြောင်းတွေကြောင့် ခပ်ဆန်းဆန်းအနေအထားမျိုးရှိပြီး ကားနောက်ပိုင်းကတော့ သမားရိုးကျပုံစံ ဖြစ်ပါတယ်။ အခြေခံမိုဒယ်အဆင့်ထက်ပိုသာပြီး ထူးခြားပေါ်လွင်ပြီးသားကိုယ်ထည်ကို ပိုင်ဆိုင်ထားတဲ့ ILX ရဲ့ မိုဒယ်သစ်ဟာ သိပ်ထူးခြားမှုမရှိပေမဲ့ ILX Special Edition မိုဒယ်မှာတော့ ကိုယ်ထည် ဒီဇိုင်းအပြင်အဆင်တွေကို အဆင့်မြှင့်တင် ဖန်တီးထားပါတယ်။ အဲဒီလို အဆင့်မြှင့်တင်ရာမှာ နာမည်ကျော် A-Spec Package ရဲ့ ကား အနောက်ဘက် လေပင့်အားထိန်း တောင်ပံသစ်နဲ့ Side Skirt တို့လို လေခွင်းအား အစိတ်အပိုင်းသစ်တွေကို တပ်ဆင်ထည့်သွင်းထားတာကြောင့် ကားကို ပိုပြီးသွက်လက်ဖျတ်လတ်တဲ့ရုပ်ထွက်မျိုး ရရှိစေပါတယ်။ ဒါ့ပြင် Acura Jewel Eye LED ကားရှေ့မီးတွေ၊ ၁၈ လက်မအရွယ် ကားဘီးဒီဇိုင်းသစ်နဲ့ Special Edition စာသားတံဆိပ်တွေကိုလည်း တပ်ဆင်ပေးထားပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးမှာ အသိသာအပေါ်လွင်ဆုံးကတော့ ဆန်းသစ်လှပတဲ့ ကားရှေ့မျက်နှာစာဖြစ်ပြီး Jewel Eye LED ကားရှေ့မီးတွေ၊ အမြင်အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်လောက်အောင် လှပတဲ့ရှဲလ်(Grille)ဒီဇိုင်းနဲ့ တင့်တယ်လှပတဲ့ အရှေ့နဲ့အနောက်ဘက်က အောက်ပိုင်းမျက်နှာစာတွေကြောင့် ထူးခြားပေါ်လွင်နေပါတယ်။ တစ်တန်းတည်းအသွင် ဖန်တီးထားတဲ့ ရှေ့ မျက်နှာစာ ရှဲလ်နဲ့ ကားရှေ့မီးတွေရဲ့ အောက်ဘက်က ခပ်ချွန်းချွန်းကောက်ကြောင်းတွေဟာ ကားကို ပိုထူးခြားသစ်လွင်စေပြီး အဲဒီ ဧရိယာအောက်ဘက်မှာတော့ ထင်ထင်ရှားရှား ပေါင်ခတ်ဖန်တီးထားတဲ့ လေစုပ်ပေါက်တွေနဲ့ နှင်းခွဲမီးတွေ ပါဝင်ပါတယ်။ သမားရိုးကျဆန်တဲ့ ကားအနောက်ဘက်မှာတော့ စက်ဖုံးအစွန်းမှာ Acura အမှတ်တံဆိပ်လိုဂိုနဲ့ ILX မိုဒယ်အမည်ကို ခရိုမီယမ်ရောင်တောက်ပစွာ တပ်ဆင်ပေးထားပါတယ်။

အတွင်းခန်း

ပြိုင်ကားဆန်ဆန် သွက်လက်ပေါ့ပါးဟန်ပေါက်တဲ့ ကိုယ်ထည်ရုပ်ထွက်ကို ပိုင်ဆိုင်ထားတဲ့ တံခါးလေးပေါက်နဲ့ စပို့ဆီဒန်ကားသစ် ILX Special Edition မှာ ကားအတွင်းခန်းကိုလည်း အဆင့်မြင့်ပစ္စည်းအသုံးအဆောင်တွေနဲ့ မွမ်းမံထားတာကြောင့် ဇိမ်ခံကားတစ်စီးရဲ့အသွင်ကို ရယူထားပါတယ်။ Special Edition အပါအဝင် ILX မိုဒယ်တိုင်းမှာ တစ်ချက်ထိလိုက်ရုံနဲ့ အဖွင့်/အပိတ် ပြုလုပ်ပေးနိုင်မယ့် One-Touch Power Moonroof ၊ သော့မလိုတဲ့ Keyless Entry နဲ့ Push-Button Start ၊ နောက်ကြည့်ကင်မရာ၊ ပုံစံရှစ်မျိုး ပြောင်းလဲချိန်ညှိနိုင်တဲ့ ကားမောင်းသူထိုင်ခုံတို့တင်မက သားရေကွပ် စတီယာရင်နဲ့ Shifter ခလုတ်တွေ ပါဝင်ပါတယ်။ ဒါ့ပြင် ငါးလက်မအရွယ် မြင်ကွင်းစုံဖန်သားပြင်၊ ခေတ်မီလုံခြုံရေးစနစ်တွေနဲ့အတူ လုံခြုံရေးပိုကောင်းစေဖို့ Acura Watch နဲ့ Driver-assistive နည်းပညာတွေကိုလည်း ထည့်သွင်းတပ်ဆင်ထားပါတယ်။

စျေးနှုန်း

၂ဝ၁၈ ခုနှစ် မိုဒယ် Acura ILX ကားသစ်ရဲ့စျေးကို Trim Level အလိုက် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၂၈,၁ဝဝ ကနေ အမြင့်ဆုံး ဒေါ်လာ သုံးသောင်းခွဲနဲ့အထက် သတ်မှတ်ထားပါတယ်။ Trim Level အသစ် ဖြစ်တဲ့ ILX Special Edition ရဲ့ စျေးဟာ ဒေါ်လာ ၂၈,၉ဝဝ နဲ့ အထက် ဖြစ်တာကြောင့် အခြေခံမိုဒယ်ထက် ဒေါ်လာ ရှစ်ရာ စျေးပိုများပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here