အဆင့်မြင့်မီးပွိုင့်များ တပ်ဆင်ထားပြီးဖြစ်သော်လည်း လိုအပ်သည့်စနစ်များ ထည့်သွင်းနေ၍ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ရန် အချိန်ကြန့်ကြာနေ

771

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်များကို အဆင့်မြင့်မီးပွိုင့်များ တပ်ဆင်ထားပြီးဖြစ်သော်လည်း လိုအပ်သည့်စနစ်များ ထည့်သွင်းနေ၍ လိုင်စင်မဲ့ယာဉ်များနှင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ရန် အချိန်ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်ပေါင်း ၁၉ဝ ကျော်၌ ယာဉ်သွားလာမှု အများဆုံးနှင့် လူစည်ကားသည့် နေရာများတွင်ရှိသော မီးပွိုင့် ၁၅၄ ခုကို နိုင်ငံတကာအဆင့်မီ မီးပွိုင့်များ တပ်ဆင်ထားပြီးဖြစ်သော်လည်း စည်းကမ်းပျက်ယာဉ်များအပါအဝင် လိုင်စင်မဲ့ယာဉ်များကိုပါ စောင့်ကြည့်၍ ဖမ်းဆီးအရေးယူနိုင်ရန် Control Center ဖြင့် ချိတ်ဆက်ခြင်းနှင့် လိုအပ်သည့် ကင်မရာများ ထပ်မံတပ်ဆင်ပြီးပါက ဖမ်းဆီးအရေးယူခြင်းကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

”မီးပွိုင့် ၁၅၄ ခုလုံး တပ်ဆင် ပြီးပါပြီ၊ Control Center နဲ့ ချိတ်ဖို့ရယ် ကင်မရာတွေကို လိုအပ်တဲ့နေရာတွေမှာ ထပ်မံတပ်ဆင်တာ နဲ့ တခြားနည်းပညာပိုင်း လိုအပ်ချက်တွေကို လုပ်ဆောင်နေတာကြောင့် ကြန့်ကြာနေရတာပါ၊ အားလုံးပြီးတာနဲ့ စမ်းသပ်ကာလတစ်ခု သတ်မှတ်ပြီး အရေးယူမှုတွေ စတင်ပြုလုပ်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်-၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့တွင်း အရှေ့ပိုင်းခရိုင်ရှိ မီးပွိုင့် ၅၂ ခု၊ အနောက် ပိုင်းခရိုင်ရှိမီးပွိုင့် ၈၉ ခုနှင့် မြောက် ပိုင်းခရိုင်ရှိမီးပွိုင့် ၁၃ ခုမှ မီးပွိုင့် ကိုးဆယ်ကျော်ကို အဆင့်မြင့်မီးပွိုင့် စနစ်များအဖြစ် အစားထိုး တပ်ဆင်ထားပြီးဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

 

အဆင့်မြင့်မီးပွိုင့်စနစ် တပ်ဆင်မှုကို ၂ဝ၁၆ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာရွှေယဉ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ၂ဝ၁၇ ခုနှစ်၊ မေ ၁၅ ရက် တွင် အပြီးသတ်ဆောက်လုပ်ရမည် ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်းမရှိသည့်အတွက် တစ်ရက်လျှင် ဒဏ်ကြေးတစ်သိန်း ပေးဆောင်ပြီး ရာနှုန်းပြည့်ပြီးစီးအောင် ဆက်လက်ဆောက်လုပ်နေရကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here