အဆင့်မြင့်မိုဒယ်များအတွက် လိုဂိုအသစ်ဖြင့် BMW စျေးကွက်တင်မည်

1015

 

BMW အနေဖြင့် အဆင့်မြင့်ကားမိုဒယ်များကို ကမ္ဘာတစ်ဝန်းသို့ စျေးကွက်တင်ရာတွင် အဖြူ-အမည်း လိုဂိုအသစ်ကို အသုံးပြုမည်ဖြစ်ကြောင်း Auto News ကားသတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

 

Frandfurt ကားပြပွဲတွင် မိတ်ဆက်ပြသခဲ့သော အဆိုပါ လိုဂိုအသစ်ကို လက်ရှိထုတ်လုပ်နေသော BMW ၏ 7 Series နှင့် i8 Coupe ကားများ၊ မကြာမီထွက်ရှိမည့် 8-Series Coupe နှင့် အမိုးဖွင့်ကားများ၊ i8 Roadster နှင့် X7 အကြီးစား SUV ကားများတွင် တပ်ဆင်အသုံးပြုမည်ဟု သိရသည်။ ယခု လိုဂိုအသစ်တွင် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုအကြာက စတင်အသုံးပြုခဲ့သော BMW လိုဂိုအမှတ်တံဆိပ်ကို အဖြူ-အမည်းပုံစံနှင့် ကုမ္ပဏီ၏ ဂျာမန်အမည်အပြည့်အစုံဖြစ်သော Bayerische Motoren Werke တို့ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။

 

”နှစ်ပေါင်းတစ်ရာ ကြာခဲ့ပြီဖြစ်တဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းနဲ့အတူ တစ်ခုခုလုပ်သင့်တယ်လို့ တွေးမိခဲ့ပါတယ်၊ ဒီလိုဂိုအသစ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိုယ်ပိုင်သကေင်္တသစ်တစ်ခုပါ”ဟု BMW အမှတ်တံဆိပ်၏ အကြီးတန်းဒုတိယ ဥက္ကဌ Hildegard Wortmann က ဆိုသည်။ BMW အနေဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ကုမ္ပဏီထုတ် အဆင့်မြင့် ကားမိုဒယ်များ၏ လိုဂိုတွင် ဂျာမန်စာလုံးပေါင်းဖြင့်ပင် ကုမ္ပဏီအမည်ကို အသုံးပြုသွားမည် ဖြစ်သည်။ ယခုပြောင်းလဲမှုမှာ ဖက်ရှင်လောကတွင် ကျင့်သုံးနေသော အဆင့်အမြင့်ဆုံး ဖက်ရှင်အဝတ်အထည်များတွင် ဒီဇိုင်နာ နာမည်အပြည့်အစုံရေးထိုးကာ စျေးသင့်တော်သည့် ဖက်ရှင် အဝတ်အထည်များတွင် အတိုကောက်သာ ရေးထိုးသည့် နည်းလမ်းနှင့် ဆင်တူသည်ဟု Wortmann က ဆိုသည်။

 

BMW သည် ကုမ္ပဏီထုတ် တန်ဖိုးကြီးအဆင့်မြင့်ကားမိုဒယ် သယ်ယူသူများနှင့် ဆက်ဆံရေးခိုင်မာစေရန် အထူးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ မော်တော်ယာဉ်ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ခြင်းအတွက် အကြို/အပို့ ဝန်ဆောင်မှုပေးခြင်း၊ ကားပိုင်ရှင်များကို အချိန်အပိုင်းအခြား တစ်ခုဖြင့် အခြားသော အဆင့်မြင့် ကားမိုဒယ်တစ်ခုကို စီးနင်းခွင့်ပြုခြင်းများ ဆောင်ရွက်ပေးနေပြီး ဥပမာအားဖြင့် 7-Series ကားပိုင်ရှင်များကို လိုအပ်ပါက လူပိုဆံ့သည့် V7 ကားမျိုးအား တစ်ရက်၊ နှစ်ရက်ကြာ ငှားရမ်းစီးနင်း ခွင့်ပြုခြင်းမျိုးကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

Ref: Auto News

LEAVE A REPLY

Please enter your comment!
Please enter your name here