‘ အစ်မတို့ဆိုင်မှာက ကားတစ်စီးဝယ်သွားရင် ၂၄ နာရီအတွင်း ကြိုက်တဲ့ကားနဲ့ ပြန်လာလဲခွင့်ပေးထားတယ် ‘ ‘ အဲဒီလိုလာလဲလို့ တစ်ပြားမှ ပေးစရာမလိုဘူး၊ ကားတန်ဖိုးအတိုင်းပဲ ပေးချေရင် ရပြီ ‘

1275

 

မန္တလေးမြို့ စိမ်းဝါရောင် ကားအရောင်းစင်တာ

Managing Director မမာမာဆွေနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် ကားတွေ တစ်ဦးချင်း စတင်တင်သွင်းခွင့်ပေးတဲ့အချိန်ကစပြီး ရန်ကုန်မြို့မှာရော မန္တလေးမြို့မှာပါ ကားအရောင်းစင်တာတွေ ပေါ်လာပါတယ်။ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိ ကားအရောင်းစင်တာတွေမှာ ကားမျိုးစုံ ရောင်းကောင်းခဲ့ကြပေမဲ့ လက်ရှိအစိုးရသစ်လက်ထက်မှာတော့ ကားအရောင်းစင်တာ အများအပြား ညည်းညူကြတာ များလာပါတယ်။ အဲဒီလို ညည်းညူနေကြတဲ့အထဲက အခု ၂ဝ၁၈ ခုနှစ်အထိ ကားရောင်းအား လျော့နည်းသွားပေမဲ့ မိတ်ဆွေအပေါင်းအသင်းနဲ့ ဝန်ဆောင်မှုကောင်းတွေကြောင့် ရောင်းကောင်းနေဆဲ Car Sales Center တွေထဲမှာ မန္တလေးမြို့က စိမ်းဝါရောင် ကားအရောင်းစင်တာလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရသစ်လက်ထက် ပေါ်လစီပြောင်းလဲမှုတွေအကြား ဘယ်လိုမျိုး ရုန်းကန်နေရတယ်၊ ကားရောင်းကောင်းအောင် ဘယ်လိုဝန်ဆောင်မှုတွေ ပေးထားတယ်၊ လက်ရှိထွက်ပေါ်နေတဲ့ ပေါ်လစီမူဝါဒတွေအပေါ် ဘယ်လိုမြင်သလဲ စတဲ့ သုံးသပ်ချက်တွေကို မန္တလေးမြို့ စိမ်းဝါရောင်ကား အရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာ မမာမာဆွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ကျော်ကျော်အောင် တွေ ့ဆုံမေးမြန်းသည်

 

Automobile :              စိမ်းဝါရောင် Car Sales Center ကို ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့တာပါလဲ။ လက်ရှိရော                                 Sale Center ဘယ်နှခု ဖွင့်လှစ်ထားပါသလဲ …

U.L.L.T      :   ၂ဝ၁၁-၂ဝ၁၂ ခုနှစ်ကစပြီး စိမ်းဝါရောင် Car Sales Center ကို စဖွင့်ခဲ့တယ်။ လက်ရှိကတော့ မန္တလေးမြို့ မှာပဲ အရောင်းပြခန်း နှစ်ခု ဖွင့်လှစ်ထားပါတယ်။ နှစ်ဆိုင်လုံး ၆၂ လမ်းမှာပဲ ဖွင့်လှစ်ထားတာပါ။

Automobile :  ဘာကားအမျိုးအစားတွေ အဓိက ရောင်းချပါသလဲ …

U.L.L.T     :    အဓိကကတော့ လုပ်ငန်းသုံးဖြစ်တဲ့ Truck တွေ ရောင်းပေးဖြစ်တယ်။ တစ်တန်၊ နှစ်တန် ခွေးဘီလူးကားတွေပေါ့။ ပြီးတော့ အများသုံးဖြစ်တဲ့ ၁၃ဝဝ စီစီ ကားလေးတွေ ရောင်းပေးဖြစ်တယ်။ ၁၃ဝဝ စီစီမှာဆိုရင် အများ သုံးနိုင်တဲ့ Saloon လေးတွေ၊ Honda Fit တို့၊ Insight တို့၊ Volkswagen တို့ စတဲ့ ကားအမျိုးအစားတွေ ရောင်းချပေးဖြစ်ပါတယ်။

Automobile  :             ဘယ်ကားအမျိုးအစားက အရောင်းရဆုံးလဲ။ ဘယ် ဒေသတွေက လာဝယ်တာများလဲ။ အဲဒီလို ဝယ်ယူတဲ့ အခါမှာရော လက်ငင်းနဲ့ အရစ်ကျ ဘယ်ဟာက ပိုပြီး ရောင်းချရပါသလဲ …

U.L.L.T      :   ကျွန်မတို့ရောင်းတာကလည်း အများသုံးနိုင်တဲ့ ကားလေးတွေပဲ ရောင်းတာဖြစ်တဲ့အတွက် အကုန်လုံးကတော့ ရောင်းရပါတယ်။ အရောင်းရဆုံးကားကတော့ ခွေးဘီလူးပေါ့။ ၁၃ဝဝ စီစီထဲမှာဆိုရင် အကုန်လုံးက မျှနေတယ်။ လာဝယ်တဲ့ထဲမှာ ၅ဝ ရာခိုင်နှုန်းက မန္တလေးက၊ ကျန်တာက အထက်မြန်မာပြည်အနှံ့ပေါ့။ မြင်းခြံ၊ ကလေး၊ ထီးချိုင့် စတဲ့ နယ်ဝေးတွေကအစ လာဝယ်ကြတယ်။ လာဝယ်တဲ့ထဲမှာလည်း ၅ဝ ရာခိုင်နှုန်းက လက်ငင်း၊ ကျန်တဲ့ ၅ဝ ရာခိုင်နှုန်းက အရစ်ကျ လာဝယ်ကြတယ်။

Automobile :  အခုဆိုရင် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင် နှုန်း၊ ၇ ရာခိုင်နှုန်းအထိ လာမယ့် ဘတ်ဂျက်နှစ်ကစပြီး လျှော့ချတော့မယ်ဆိုပြီး သတင်းတွေထွက်နေတယ်ပေါ့နော်။ တကယ်လို့သာ အဲဒီလို ဝင်ငွေခွန်ရာခိုင်နှုန်း လျှော့ချလိုက်ရင် ကားစျေးတွေ ကျသွားနိုင်လား …

U.L.L.T      :   အစ်မရောင်းနေတဲ့ ကားတွေပေါ်မှာတော့ သိပ်ပြီးမှ မရိုက်ခတ်နိုင်ဘူး။ အစ်မတို့ရောင်းတာက ၂ဝ၁၁ ခုနှစ် မှာ အစိုးရကImportတွေ စလုပ်ခိုင်းတဲ့အချိန်ကတည်းက အခွန်အများကြီးမထိနိုင်တဲ့ လမ်းကြောင်းကို ရွေးထားဖြစ်တယ်။ အဲဒီအတွက် အစ်မတို့ကားလေးတွေအနေနဲ့ သိပ်ပြီး မရိုက်ခတ်နိုင်ဘူး။ ခွေးဘီလူးလေးတွေဆို ဝင်ငွေခွန်က ၃ ရာခိုင်နှုန်းပေါ့။ အစ်မတို့ ရွေးချယ်ဖြစ်တာလည်း အခွန်ကျသွားခဲ့လည်း ၃ ရာခိုင်နှုန်းအောက် ဆိုတာ သိပ်မရှိဘူး။ တက်ရင်တော့ တက်စျေးပေါ့။ ကားလေးတွေမှာက သိပ်အပြောင်းအလဲမရှိဘူး။ အခုလည်း ၁၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းကျမယ့် သတင်းတွေကြားနေတယ်။ ၁၃ဝဝ စီစီမှာက လက်ရှိ ဒေါ်လာ ငါးထောင် မြန်မာငွေ ကျပ်သိန်း ခုနစ်ဆယ် ဝန်းကျင်ပေါ့။ အဲဒီ ခုနစ်ဆယ်အပေါ်မှာ သတ်မှတ်လိုက်ရင် အများကြီး မသိသာနိုင်ဘူးလို့ ထင်တယ်။ ဘယ်မှာ သွား သိသာမလဲဆိုရင် အင်ဂျင်ပါဝါကြီးတဲ့ကားတွေ CIF များတဲ့ကားတွေ အဲဒီမှာ သွားသက်ရောက်နိုင်မယ်။ အဲဒီအတိုင်း တကယ်သာ လျှော့ချလိုက်မယ်ဆိုရင် အမြင့်ကားတွေက စျေးတော်တော်များများကျသွားမှာ။  အမှန် ဝင်ငွေခွန်မှာ ၁၅ ကနေ ၇ ရာခိုင်နှုန်းဆို တွက်ကြည့် ရင် ၅ဝ ရာခိုင်နှုန်းပေါ့။ အစ်မတို့ အခုဝင်ငွေခွန် ၁၂ သိန်း ဆောင်နေရတယ်။ ၅ဝ ရာခိုင်နှုန်း လျှော့လိုက် ရင် ခြောက်သိန်းပဲလေ။ အဲဒါကိုတော့ စျေးရိုက်ခတ်တယ်လို့ မမြင်ဘူးပေါ့။ ဒါကတော့ ကိုယ်ရောင်းနေတဲ့ကားအပေါ်မှာ သုံးသပ်တာပေါ့နော်။ အမြင့်ကားတွေနဲ့ CIF နှစ်သောင်း၊ သုံးသောင်းတွေ ဖြစ်သွားတဲ့ကားတွေကျတော့ တော်တော်ကြီးကို နာမှာ။ ပုံမှန်ဝင်ငွေခွန် သိန်းငါးရာ ဆောင်နေရတဲ့သူသည် ၅ဝ ရာခိုင်နှုန်းသာ ကျသွားကြည့်၊ သိန်း ၂၅ဝ လျော့သွားပြီ။  အဲဒီကားတွေအတွက်တော့ အထိနာနိုင်တယ်။

Automobile  : အခုဆိုရင် အစိုးရက Brand New ကားစျေးကွက်ကို ဦးတည်လာတော့ နောက်ပိုင်းကာလတွေမှာ Used Car စျေးကွက်က ဘယ်လိုဖြစ်သွားနိုင်မလဲ။ အစ်မ အမြင်လေး ပြောပြပေးပါဦး …

U.L.L.T      :   အစ်မတို့ရောင်းနေတာကတော့ Used Car ပေါ့နော်။ အခုဟာက Brand New ဘက်ကို ဦးတည်နေတော့ Brand New တွေကတော့ အားသာချက်ဖြစ်နေတယ်ပေါ့နော်။ ဘာကြောင့်လဲဆို ဒီဘက် Used Car သွင်းတဲ့လမ်းကြောင်းကို ပိတ်ပစ်တာကိုး။ အားသာချက်၊ အားနည်းချက်က ပေါ်လစီအပေါ်မှာပဲ သက်ဆိုင်နေတယ်။ အစကတည်းက Meeting လုပ်ပြီး တစ်ပြိုင်တည်း ဆုံးဖြတ်ပြီးလုပ်တာမဟုတ်ဘဲ ဟိုဘက်က ယိုပေါက်လေးတွေ့ရင် လိုက်ပိတ်၊ ဒီဘက်ယိုပေါက်လေးရှိနေရင် ဒီဘက်လိုက်ပိတ်နဲ့ဆိုတော့ အရမ်းကြီးကို သိသာတယ်ပေါ့နော်။ အဲဒီမှာ ပေါ်လစီက ထပ်ချလိုက်တယ်။ ၂ဝ၁၄ ညာမောင်းတွေ လုံးဝမသွင်းတော့ဘူး။ ၂ဝ၁၅ ဘယ်မောင်းရတယ်၊ ၂ဝ၁၆ ရတယ်။ အစ်မတို့ Used Car တွေလည်း ဘောင်အတွင်းကနေ လုပ်တာဖြစ်တယ်။ ၁၃ဝဝ စီစီတွေဆို ဒေါ်လာ ငါးထောင် သတ်မှတ်တယ်။ ကြိုက်တဲ့ကားသွင်းလို့ ပြောထားပြီးသား။ ဘယ်မောင်းဖြစ်သွားတာကို အစ်မတို့က လက်ခံတယ်။ ဂျာမနီကား ဘယ်မောင်းတွေ ရှိသေးတော့ အဆင်ပြေတယ်ပေါ့။ အစ်မတို့အတွက် စျေးကွက်ကိုက်သေးတယ် ဆိုပြီး ကြိုးစားတယ်။ ကြိုးစားတော့ နောက်ထပ် ဘာလိုက်ပြန်ပိတ်လဲ ဆိုတော့ ၂ဝ၁၅-၂ဝ၁၆ ဘယ်မောင်း ဂျာမနီကားတွေသည် ဟိုဘက်နိုင်ငံမှာကို သိန်းသုံးရာ လောက်ရှိနေတယ်။ အဲဒီမှာ ပေါ်လစီက ဒေါ်လာ ငါးထောင်စျေးနဲ့ မပေးတော့ပါဘူး။ မူရင်းနိုင်ငံစျေးနဲ့ပါလို့ ထပ်လုပ်တယ်။ မူရင်းနိုင်ငံစျေးနဲ့ပါလို့ ထပ်လုပ်တော့ ပထမ သိန်းငါးထောင်တန်သည် ဂျူတီ ခုနစ်ဆယ် ဆောင်ရတယ်ဆိုရင် သူက လေးဆ တက်သွားပြီလေ။ အခွန် ခုနစ်ဆယ်ဆောင်ရပြီဆိုရင် ကျပ်သိန်း ၂၈ဝ ဖြစ်သွားတော့ အစ်မတို့က သွင်းလို့မရပြန်ဘူး။ မေးတဲ့မေးခွန်းကို ပြန်ပြောရရင် ဘယ်လိုရပ်တည်မလဲဆိုတော့ လက်ရှိမှာ ရောင်းတာက ရောင်းနေရတယ်။ အစ်မတို့ လက်ထဲမှာ Stock မရှိတော့ဘူးဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတာတော့ တွေးမိတယ်။ ရောင်းနေရပေမဲ့ စျေးကွက်က အေးသွားတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလရှေ့ပိုင်းနဲ့ ဒီ ၂ဝ၁၈ ခုနှစ်ထဲဆို ရောင်းအားက ၅ဝ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ဒါလက်ရှိ အခြေအနေပေါ့။ Used Car တွေသည် နောက်ခြောက်လအထိ သွင်းခွင့်ရတဲ့သူ ရှိသေး တယ်လေ။ ခြောက်လနေရင် ပြုံရောက်လာမယ့်ကား တွေလည်း ရှိသေးတော့ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် အတွင်းတော့ Used Car တွေက အလုပ်ဖြစ်နေလိမ့်ဦးမယ်။ နောက်ပိုင်း Used Car သွင်းဖို့ အခက်အခဲရှိလာခဲ့ရင်တော့ အစ်မထင်တယ်၊ သုံးစွဲသူအပေါ်မှာမူတည်ပြီး ပြန်သုံးသပ်ရလိမ့်မယ်။ သေချာတာကတော့ အစ်မတို့ Demand ကတော့ လျော့သွားပြီ။ သေချာပေါက်ကတော့ ဘယ်မောင်းဘက် ရွေ့သွားတာ များလာနိုင်မယ်။ အစ်မ တို့ Used Car ကတော့ သွင်းလို့မရတာပဲဖြစ်ဖြစ်၊ ကုန်သွားတာပဲ ဖြစ်ဖြစ် အဲဒီလိုဆို ရပ်သွားမှာပဲ။ အစ်မ တို့ ဘယ်လို ရပ်တည်မလဲလို့မေးရင် ကိုယ့်ရဲ့ Customer တောင်းဆိုမှုအရ ရောင်းနေဦးမှာပဲ။ ကားရောင်းတဲ့သူ သည် ကားရောင်းနေရဦးမှာပဲ။ ဒီ Customer မှာတာ က Brand New ဖြစ်လို့ အစ်မတို့က မရောင်းဘူးလို့မှ မရှိတာ။ အစ်မတို့သည် အရောင်းသမားဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Customer Needs and Wantsပေါ့။ Customer က Zero ကီလိုမီတာနဲ့ လိုချင်ပါတယ် ဆိုရင် အစ်မတို့ ရောင်းပေးရမှာပဲ။ Customer က Used Car ပဲ လိုချင်ပါတယ်ဆိုရင်လည်း Used Car ကို ရှာပေးနေရဦးမှာပဲ။ ဒါကြောင့် အစ်မတို့သည် လက်ရှိမှာ Sales Center ဖြစ်သွားပေမဲ့ နောင်တစ်ချိန် မှာ ပွဲစားဆန်ဆန်ဖြစ်သွားလိမ့်မယ်။ အဲဒီလိုမဖြစ်အောင် ဆိုရင်တော့ Brand New ကို Authorized Dealer ယူမယ်ပေါ့။ Authorized Dealer ယူမှပဲ အလုပ်ဖြစ်တော့မယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားတာပဲ။ နောင်တစ်ချိန်မှာ Brand New ပဲ ရောင်းချဖြစ်လာနိုင်တယ်။ အဲဒီအတွက်လည်း Customer ရဲ့ လိုအပ်ချက်နဲ့ တောင်းဆိုမှုအပေါ် မူတည်ပြီး ဒီတစ်နှစ်အတွင်း သုံးသပ်သွားမယ်၊ အများ စိတ်ဝင်စားတဲ့ဘက်ကို ရွှေ့ရလိမ့်မယ်။ တရုတ်ကားရှိရင် တရုတ်ကား၊ ကိုရီးယားကားရှိရင် ကိုရီးယားကား စျေးကွက်လိုအပ်ချက်အပေါ် မူတည်ပြီး ကားရောင်းတဲ့သူကတော့ ကားရောင်းနေရ ဦးမှာပဲ။

Automobile :  လက်ရှိရော မန္တလေးစလစ်စျေးကွက်အခြေအနေ ဘယ်လိုရှိနေလဲ …

U.L.L.T      :   မန္တလေးစလစ်စျေးကွက်က အခုတော့ စျေးက အောက်ကိုဆင်းနေတယ်။ ဆင်းလာမယ်ဆိုတာလည်း မျှော်လင့်ပြီးသား။ အစ်မတို့ တချို့ စလစ်ကပ်ကားတွေ ဝယ်ထားတာရှိတယ်။ စလစ်တွေတော့ မဝယ်ထားဘူးပေါ့။ အစ်မတို့ ကားစသွင်းတဲ့အချိန်မှာ စလစ်က ကျပ် ၁၃၅ သိန်းပေါက်တယ်။ ဒီပေါ်လစီအရ သုံးသပ်လိုက်ရင် စလစ်ကပ်သွင်းခွင့် မရှိတော့တဲ့ပုံစံ ဖြစ်သွားပြီလေ။ သွင်းခွင့်မရှိတော့ရင် ဒီစလစ်က အလကားပဲလေ။ အလကားပဲ ဖြစ်လာမယ့်အတူတူ စျေးလည်း လျော့လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ ပြီးခဲ့တဲ့ မတ် ၃ ရက် ကနေ ၅ ရက်နေ့အထိ ပြခဲ့တဲ့ ကားပြပွဲမှာဆိုလည်း စလစ်ကပ်ကား ရောင်းလိုက်ရတာတွေ ရှိတယ်။ အဲဒီအချိန်မှာ အပြင်ကနေ စလစ်ဝယ်ရတော့ သိန်းကိုးဆယ်ပဲ ရှိတော့တယ်။ ဆက်ကျဦးမယ်လို့လည်း မြင်တယ်။ ပြန်သုံးရမယ့်နေရာမှ မရှိတော့တာ။ ပေါ်လစီက Format မကျခဲ့တော့ စလစ်စျေးမှာလည်း အပြောင်းအလဲ အမြဲဖြစ်နေတယ်ပေါ့။ တစ်ခါတလေ အစ်မတို့က ကားရောင်းတယ်ဆိုပေမဲ့ ဝယ်တဲ့သူဘက်က ခံစားကြည့်မိတော့ စိတ်မကောင်းဘူး။ ပြောရမယ်ဆိုရင် စလစ်စျေးက အကျပဲ ရှိနိုင်တော့တယ်။

Automobile   : အခုဆိုရင် ရန်ကုန်မှာ နယ်ကားတွေကို ဝင်ကြေးပြန်ကောက်မယ်လို့လည်း သတင်းတွေ ကြားနေရတယ်ပေါ့နော်။ အဲဒီလိုသာ နယ်ကားတွေ ဝင်ကြေးပြန်ကောက်ရင် တချို့နယ်ကားတွေက ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသဘက်ကို ပြန်လာဖို့တွေလည်း ရှိနိုင်တော့ အဲဒီလိုသာဆိုရင် ကားစျေးလှုပ်ခတ်မှုရှိနိုင်မလား  …

U.L.L.T    : အဲဒီလိုသာ တကယ်ဆိုရင် ကားစျေး လှုပ်ခတ်မှုရှိနိုင်တယ်။ ရှိနိုင်တယ်ဆိုတာက အစ်မတို့ မြန်မာပြည်က လိုအပ်ချက်ကြောင့် ဝယ်တဲ့သူ ရှိသလို မလိုအပ်ဘဲ ဝယ်တဲ့သူတွေလည်း ရှိနေတာကိုး။ အမှန်တကယ် Demand အစစ်မဟုတ်ဘူး၊ အစ်မတို့ဆီမှာတောင် အရမ်းရောင်းကောင်းတယ်ဆိုတဲ့ လတွေရှိသလို  မရောင်းရတဲ့လတွေလည်းရှိတယ်။ ဒါကြီးက စီးပွားရေး အစစ်အမှန်မဟုတ်ဘူး။ အစိုးရက အခုဆို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ လျှော့မယ်လို့လည်း သတင်းလွှင့်လိုက်ရော တချို့စျေးရချင်တဲ့သူတွေက ကားစျေးကျမှာတဲ့ အမြန်ထုတ်ရောင်းဆိုပြီးလည်း ရှိကုန်ရော။ တချို့ကလည်း စျေးတက်တော့မှာဟေ့ဆိုပြီး ရှိသမျှငွေတွေစုပြီး ဝယ်ကြတယ်။ စျေးတက်တော့မယ်ဟေ့လို့ သတင်းထွက်ပြီဆိုရင် အစ်မတို့ဆီမှာ တစ်လ ကို အစီး ခုနစ်ဆယ်၊ ရှစ်ဆယ် ရောင်းရတယ်။ ဒါပေမဲ့ ဒါက Demand အစစ်မဟုတ်ဘူး။ အခုလည်း နယ်နှင်တာ တကယ်နှင်တာ၊ မနှင်တာ အသာထား၊ အသာလေး သတင်းလွှင့်လိုက် စျေးက ကျဦးမှာပဲ။ အသံကြောင့် ဖားသေဆိုသလိုမျိုးပေါ့။ အဲဒီလို အသံလွှင့်တာတွေများရင် စျေးကျမယ်တဲ့၊ ကျမယ်တဲ့နဲ့ နောက်ပိုင်း စျေးကျသွားပြန်ရော ကာလတစ်ခုပြီးမှ စျေးက ပုံမှန်အတိုင်းပြန်ဖြစ်လေ့ရှိတယ်။ မတည်ငြိမ်ဘူး၊ သုံးသပ်ရခက်တယ်။ ယေဘုယျအားဖြင့် ပြောရရင် တကယ်နယ်နှင်ကြည့် ကားစျေးကကျဦးမှာပဲ။ နောက်ပိုင်းပေါ်လစီ အရ ဒီအချိန်က စျေးတက်ရမယ့်အချိန်။ ဒါပေမဲ့ အစ်မ တို့ ကားတွေ စျေးတက်ရောင်းလို့မရဘူး။ ဘာကြောင့်လဲပေါ့။ ကားတစ်စီးသည် စလစ်လည်း ကပ်ခိုင်းတယ်။ ထပ်ပြီးတော့လည်း လိုင်စင်တွေကမရှိတော့ သွားလျှောက်ရင် ငါးသောင်းပဲ ကျတဲ့ဟာ နှစ်သိန်းခွဲတွေ၊ ငါးသိန်း တွေ၊ ၁ဝ သိန်းတွေ ဖြစ်ကုန်ရော။ အဲဒီလိုဆို ကားစျေး က တက်ရောင်းရမှာဖြစ်ပေမဲ့ တက်ရောင်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ်မှာ လည်း မူတည်တယ်။ တစ်ဦးချင်း အလုပ်မဖြစ်ဘူးဆိုတဲ့ ညည်းတာတွေများနေတော့ ပိုက်ဆံရှိမှ ဝယ်နိုင်မှာဖြစ်တဲ့အတွက် ကားစျေးက ဒီထက်တက်ရောင်းလို့မရနိုင်ဘူး။

Automobile    :  အစ်မရဲ့ စိမ်းဝါရောင် Car Sales Center မှာ လာ ဝယ်တဲ့ Customer တွေကိုရော ဘယ်လိုဝန်ဆောင်မှုတွေ ပေးထားလဲ …

U.L.L.T      :   အဓိကကတော့ ဝယ်ရတာ စိတ်ချမ်းသာမှုရအောင် ဆိုင်ထဲစဝင်လာတာနဲ့ ဝန်ထမ်းကို ရှာစရာမလိုအောင် စီစဉ်ပေးထားတယ်။ အဲဒီ Customer သည် တချို့ ကြည့်ပြီး ပြန်သွားတယ်ထားဦး။ ဒီရောက်လာမှ ကားအကြောင်း တော်တော်များများ သိသွားတယ်လို့ ပြောသွားကြတဲ့သူတွေလည်း ရှိတယ်။ ကားအကြောင်း သိပြီးသားသူလည်း ရှိတယ်။ သိသိ၊ မသိသိ အစ်မတို့က စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ အစ်မတို့ဆိုင်မှာက ကားတစ်စီးဝယ်သွားရင် ၂၄ နာရီအတွင်း ကြိုက်တဲ့ကားနဲ့ ပြန်လာလဲခွင့်ပေးထားတယ်။ အဲဒီလိုလာလဲလို့ တစ်ပြားမှ ပေးစရာမလိုဘူး။ ကားတန်ဖိုးအတိုင်းပဲ ပေးချေရင်ရပြီ။ စဝယ်သွားတုန်းက Honda Fit ပြီးမှ ခွေးဘီလူး လာလဲတယ်ဆိုလည်း ၂၄ နာရီအတွင်းဆို ငွေပြန်အမ်းပေးတယ်။ ဒါကတော့ ဘယ်ဆိုင်မှာမှ မရနိုင်တဲ့ ဝန်ဆောင်မှုပေါ့။ အဲဒါကြောင့်လည်း အစ်မတို့ဆိုင်က နာမည်ပေါက်သွားတာလည်းပါတယ်။ ကား တစ်စီးဝယ်သွားတာနဲ့ ကီလိုမီတာစစ်တယ်၊ ကားနဲ့ပတ် သက်တဲ့ အသေးစိတ်အချက်အလက်တွေ သေချာစစ် ဆေးပေးတယ်။ ပြီးရင် ကြိုက်တဲ့ဝပ်ရှော့မှာ စစ်ဆေးလို့ရတယ်။

Automobile   : နောက်ဆုံးအနေနဲ့ စိမ်းဝါရောင်မှာ လာဝယ်တဲ့ Customer တွေနဲ့ အပြင်မှာ ကားစီးနေသူတွေအတွက် စကားလက်ဆောင် ပြောပေးပါဦး …

U.L.L.T      :   အစ်မဆီက လာဝယ်တဲ့ Customer တွေရော မဝယ် ဘဲနဲ့ လာကြည့်ကြတဲ့သူတွေအားလုံးရော  နံပါတ်တစ် ဆုတောင်းပေးတာသည် အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ကိုယ်တိုင်လည်း ကားရောင်းနေတော့ ကိုယ့်ဆီက ဝယ်သွားတဲ့ကားတွေ အဆင်ပြေချောမွေ့ပါစေ၊ အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးဖြစ်တယ်။ ဝယ်သွားပြီးတဲ့အခါလည်း စိတ်ကျေနပ်မှုရကြမယ်လို့ ယုံကြည်တယ်။ တကယ်လို့ အဆင်မပြေတာရှိခဲ့ရင်လည်း တိုက်ရိုက်ဆက်သွယ်ပြီး ပြောပြစေချင် တယ်။ အကြံဥာဏ်ပေးစေချင်တယ်။။

 

 

စိမ်းဝါရောင် ကားအရောင်းစင်တာကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

၃၂လမ်းနှင့် ၆၂လမ်းထောင့်၊ မန္တလေးမြို့။

ဖုန်း ဝ၉-၉၁၈ဝဝဝဝဝ၊ဝ၉-၉၁၉ဝဝဝဝဝ။

LEAVE A REPLY

Please enter your comment!
Please enter your name here