အစိုးရနှစ်ဆက်နီးပါးတိုင် မအောင်မြင်သေးသည့် ကလေးမြို့မှ ကုန်တင်/ကုန်ချ ကားကြီးကွင်း

84

 

“ကလေးမြို့မှာ ကုန်တင်/ကုန်ချကွင်းရဖို့ တောင်းဆိုလာတာ အရင် အစိုးရလက်ထက်ကတည်းက၊ အခု ကွင်းနေရာတော့ ရှိပါရဲ့၊ အသက် မဝင်သေးဘူး ဖြစ်နေတယ်၊ ဖြစ်နိုင်ရင် မြန်မြန်တည်ဆောက်စေချင်တယ်” ဟု ဆိုလာသူက ကလေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်သည့် အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ စီမံကိန်းဒါရိုက် တာ ကိုကျော်သက်ဝင်း။
အထက်ချင်းတွင်းဒေသသွားရာ လမ်းဆုံမြို့လည်းဖြစ်သည့်အပြင် စစ်ကိုင်းတိုင်း၏ တတိယအစည်ကားဆုံးမြို့ဖြစ်သော ကလေးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ဖြတ်သန်းရာမြို့လည်းဖြစ် သည့်အတွက် ရောက်ဖူးသူတိုင်း ပျော်မွေ့ကြသူက များသည်။ မန္တလေး၊ မုံရွာ စသော အခြားမြို့များမှ ရောက်ဖူးသူတိုင်း ပျော်မွေ့ကြသည့်အထဲတွင် ဒေသ၏ စီးပွားရေးလုပ်ငန်းများကြောင့်လည်းဖြစ်ကာ ထိုထဲတွင် ကုန်စည် စီးဆင်းမှုကဏ္ဍလည်း ပါဝင်သည်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှုနှင့် စိုက်ပျိုးရေး၊ တွင်းထွက်သယံဇာတ စသည်တို့ အားထားရာမြို့ဖြစ်သဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အသုံးပြုလျက်ရှိသော ကုန်တင်ကားကြီးများလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာသည်။ ယခင်က ခြောက်ဘီး၊ ၁၂ ဘီးကားများသာ ရှိခဲ့သော်လည်း ယခုအခါ တွဲကားကြီးများ ဖြတ်သန်းရာ၊ ရပ်နားရာနှင့် ခေတ္တနားခိုရာမြို့လည်း ဖြစ်လာသည်။ ထိုသို့ ကုန်တင်ကားကြီးများ အဆမတန်များလာသော်လည်း ကလေးမြို့တွင် ကုန်တင်/ကုန်ချကွင်းကို အသုံးမပြုနိုင်သေးဘဲ အသက်မဝင်ဖြစ် နေသည်မှာ ယနေ့တိုင်ဖြစ်သည်။
“ကုန်တင်/ကုန်ချကွင်းအတွက် မြေနေရာရထားပေမဲ့ အခုအချိန်ထိ မတည်ဆောက်နိုင်ဘူး၊ ဒါကို သက်ဆိုင်ရာဌာနက မြန်မြန်အကောင် အထည်ဖော်ဖို့ ကျွန်တော်တို့က လိုလားတယ်၊ ဘာလို့လဲဆို ကုန်ချကွင်းရှိမှ ကလေးမြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့နည်းသွားမယ်၊ ယာဉ်အန္တရာယ်လျော့ကျသွားမယ်” ဟု ကိုကျော်သက်ဝင်းက ထပ်မံ ဆိုလာသည်။
ကလေးမြို့တွင် ကုန်တင်/ကုန်ချကားကွင်းကို ကလေး-ကလေးဝ လမ်းပိုင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ကွင်း အရှေ့ဘက်ကပ်လျက် မြေအကျယ် ၃ ဒသမ ၂၂ ဧကတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် မြေနေရာရရှိထားပြီး ဂိတ်ခန်းများ တည်ဆောက်ရန် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကတည်းက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးက တင်ဒါခေါ်ယူခဲ့သည်။ ထိုသို့ တင်ဒါခေါ်ယူခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီတစ်ခုမှ တင်ဒါအောင်မြင်ခဲ့သည်။ တင်ဒါအောင်ကုမ္ပဏီနှင့် ကလေးမြို့ အခြေစိုက် ကုန်တင်ယာဉ်အသင်းများအကြား ကနဦးသဘောတူညီမှုအရ ပေ ၃ဝဍ ၂ဝ အကျယ်၊ အမိုးပေ လေးဆယ်အရှည်ပါ ရေမီးအစုံ နှစ်ထပ်ဂိတ်ခန်းတစ် ခန်းလျှင် ကျပ်သိန်းလေးရာ ကျသင့်မည်ဖြစ်သည့်အတွက် ကျပ်သိန်း ၁၆ဝ ကို ကနဦးပေးသွင်းကာ ကျန်ငွေအား လေးနှစ် အရစ်ကျစနစ်ဖြင့် ပေးချေရန် ညှိနှိုင်းထားသော်လည်း နောက်ပိုင်းတွင် အစီအစဉ်ပျက်ပြယ် သွားသည်။ အကြောင်းမှာ ကလေးမြို့ပေါ် ရပ်ကွက်များအတွင်း ဂိုဒေါင် များဆောက်၍ ကုန်ပစ္စည်းများသိုလှောင်ရန် ငှားရမ်းထားသော ရပ်ကွက်နေ ပြည်သူလုပ်ငန်းရှင်အချို့ကြောင့်ဟု ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္က႒ ဦးသောင်းရွေက ပြောဆိုသည်။
“ဂိတ်ခန်းတွေတည်ဆောက်ဖို့ ကုန်ကားအသင်း အများစုလည်း သဘောတူကြတယ်၊ အဲဒီမှာ ပထမဆုံး သိန်း ၁၆ဝ အရင်သွင်းရမယ်ဆို တော့ ကုန်ဂိတ်အသင်း လေးသင်းက ချက်ချင်းလာသွင်းကြတယ်၊ အဲဒီ လိုနဲ့ ကြားကာလမှာ ရပ်ကွက်ထဲဂိုဒေါင်ရှိတဲ့သူတွေက ကန့်ကွက်ကြတာ တွေနဲ့ ဆက်မလုပ်ဖြစ်တော့တာ” ဟု ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္က႒ ဦးသောင်းရွေက ထပ်မံဆိုသည်။
ကုန်တင်/ကုန်ချကွင်း ဂိတ်ခန်းများအတွက် ကနဦးကျပ်သိန်း ၁၆ဝ ပေးချေထားသော ကုန်ဂိတ်ပိုင်ရှင်လေးဦးကိုလည်း နောက်ပိုင်းတွင် ငွေပြန်လည်အမ်းပေးခဲ့ပြီး ယခုအစိုးရလက်ထက်အတွင်း တည်ဆောက်ရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“အခုတောင် အစိုးရသက်တမ်းက လေးနှစ်ကျော်နေပြီဆိုတော့ ငါး နှစ်သက်တမ်းအတွင်းမှာတော့ မဖြစ်နိုင်တော့ဘူး၊ ပြီးတော့ အခု ကုန်ချကွင်းနေရာကို ကုန်စိမ်းစျေးပြောင်းလုပ်ဖို့ စီစဉ်နေတာရောဆိုတော့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ကလေးမြို့မှာ ခရိုင်မြို့ဖြစ်သည်နှင့်အညီ ၁ဝ ဘီး၊ ၁၂ ဘီး ကုန်တင်ကားများသာမက တွဲကားများပါ ဝင်ထွက်သွားလာမှု များပြားလာသည့်အတွက် ကုန်တင်/ကုန်ချကွင်းဟု အမည်ခံ မြေနေရာ သာ ထားရှိခြင်းထက် ဂိတ်ခန်းများ၊ စားသောက်ဆိုင်များနှင့် စည်စည် ကားကားဖြစ်ဖို့ အမြန်လုပ်ဆောင်ရန် လိုအပ်လှသည်။ လက်ရှိ ကလေး မြို့ပေါ် ရပ်ကွက်ပေါင်း နှစ်ဆယ်အတွင်း ကုန်တင်ကားကြီးများမှာ ပေ သုံးဆယ်ပင် မကျယ်သည့် ရပ်ကွက်တွင်းလမ်းများသို့ ဝင်ရောက်ရင်း ကုန်တင်/ကုန်ချပြုလုပ်နေမှုက ခရိုင်မြို့အတွက် အကျဉ်းတန်ရုပ်ဆိုး စေရုံသာမက ကလေးငယ်များအတွက် ယာဉ်အန္တရာယ်ပါ စိုးရိမ်လာရ သည်။ ထို့ပြင် ရပ်ကွက်တွင်းလမ်းကြားများသို့ ကုန်တင်ကားကြီးများ ဝင်ရောက်၍ ကုန်အတင်/အချပြုလုပ်တိုင်း ဆိုင်ကယ်တစ်စီးသာ သွား လာ၍ရပြီး လားရာတူကားတစ်စီးလာပါက လုံးဝရှောင်မောင်း၍ မရ တော့ဘဲ နောက်ပြန်ဆုတ်ကာ အခြားလမ်းမှ သွားလာရမည်မှာ လုံးဝ သေချာကြောင်း အောင်သစ္စာရပ်ကွက်အတွင်း နေထိုင်သူများက ပြော ဆိုသည်။
“ကုန်တင်ကားတွေ ရပ်ကွက်ထဲဝင်လာပြီဆိုတာနဲ့ တခြားကားတွေ အဲဒီလမ်းမှာ ဝင်မရတော့ဘူး၊ လမ်းတွေက ကျဉ်းရတဲ့ကြားထဲ သူတို့က တစ်လမ်းလုံးအပိုင်စီးပြီး ကုန်တင်/ကုန်ချလုပ်နေကြတာ၊ အဲဒီလို ရပ်ကွက်တွေထဲ မဝင်အောင်ဆိုရင် ကုန်တင်/ကုန်ချကားကွင်း အမြန်ဆုံး အကောင်အထည်ဖော်မှကိုရမှာ”ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဦးခန့်လင်းသန့်က သုံးသပ်သည်။
ကလေးမြို့သည် ယခုအခါ ယာဉ်စီးရေများလာသည်နှင့်အမျှ ယာဉ် တိုက်မှုများလည်း မကြာခဏဖြစ်နေကာ ယာဉ်ကြောကျပ်တည်းမှု လျော့ကျစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ကုန်တင်/ကုန်ချကွင်းအား ဂိတ်ခန်းများတည်ဆောက်၍ အမြန်ဆုံးအသက်သွင်းရန်မှာ ဒေသခံအများ စုက လိုလားနေကြသည်။ ကုန်တင်/ကုန်ချကားကွင်းမြေနေရာ စတင်ရ ရှိစဉ်က မြို့လူထုကိုယ်စား ပျော်ရွင်ခဲ့ရပြီး ကလေးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ(မစက) ဘဏ္ဍာ ငွေထဲမှ ကျပ်သိန်း တစ်ရာကျော်အကုန်အကျခံ၍ သဲဖို့ခြင်း၊ မြေညှိခြင်းများ ဆောင်ရွက်ပေးခဲ့ကာ ယခုကဲ့သို့ အကောင်အထည်မပေါ်နိုင်မှုအပေါ် များစွာ နှမြောမိကြောင်း အဆိုပါကော်မတီဥက္က႒ ဦးစိုးဝင်းက မှတ်ချက်ပေးသည်။
“ကုန်ကားကွင်းမြေနေရာစရပြီး မကြာဘူး၊ မြေသားမြေခံကောင်း အောင်ဆိုပြီး မစကဘဏ္ဍာငွေထဲကနေ ကျပ်သိန်းတစ်ရာကျော်ဖိုး သဲတွေ ချပေးခဲ့တာ၊ အမှန်တကယ်လည်း မြို့အတွက် ကုန်ချကွင်းဆိုတာ တကယ်လိုအပ်နေတာ၊ အခု ကုန်ချကွင်းကို တိုင်းအစိုးရကနေ သေချာ သတ်မှတ်ပေးပြီးသား၊ ဒါကို ကုန်ချကွင်းနေရာမှာ အခုကုန်စိမ်းစျေး ပြောင်းလုပ်မယ်ဆိုတာက လုံးဝ မဖြစ်သင့်ဘူး၊ အဲဒီနေရာမှာ ကုန်စိမ်းစျေး ဖြစ်သွားရင် ကုန်ချကွင်းအတွက် နောက်ထပ် မြေနေရာသီးသန့်ရှာရတော့ မှာ၊ အခုမြေနေရာရဖို့တောင် နှစ်ပေါင်းများစွာ ကြိုးစားထားရတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိ ကုန်တင်/ကုန်ချကွင်းမြေနေရာ ရရှိထားသောမြေအကျယ် ၃ ဒသမ ၂၂ ဧကသည် ကုန်ကားပိုင်ရှင်အချို့ ဝေဖန်ကြသည့် ကျဉ်းမြောင်းသည်ကို အနည်းငယ်လက်ခံသော်လည်း လက်ရှိမြေနေရာ၏ အရှေ့ဘက်ကပ်လျက်သည် လယ်ကွင်းများဖြစ်သဖြင့် နောင်တစ်ချိန် တိုးချဲ့ဝယ်ယူ၍ရနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“အဓိက စဆောက်လိုက်ဖို့ပဲလိုတာ၊ အကောင်အထည်ပေါ်သွား တာနဲ့ မြေနေရာကျဉ်းတယ်ဆိုရင်လည်း အရှေ့ဘက်ခြမ်းကို တိုးချဲ့ဝယ်ရုံပဲ၊ ဒါကို မြေနေရာကျဉ်းလို့ ဂိတ်ခန်းတွေ မဆောက်တော့ဘူး၊ ကုန်ကားကွင်း အကောင်အထည်မဖော်တော့ဘူးဆိုတာတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
ကလေးမြို့ ကုန်တင်/ကုန်ချကွင်းမြေနေရာရရှိရန် ဒေသခံအရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလာသည်မှာ ယခင်အစိုးရလက်ထက်မှ စ၍ ယခုအစိုးရလက်ထက်အထိ ဖြစ်သည်။ နောက်ပိုင်းတွင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ ကြိုးပမ်းမှု ကြောင့် ကုန်တင်/ကုန်ချကွင်းမြေနေရာ ၃ ဒသမ ၂၂ ဧကကို ရရှိခဲ့ပြီး တင်ဒါလည်း အောင်မြင်စွာခေါ်ယူနိုင်ခဲ့ကာ တည်ဆောက်မည့် ကုမ္ပဏီလည်း အဆင်သင့်ရှိခဲ့သည်။ တည်ဆောက်မည့်ကုမ္ပဏီနှင့် ကုန်ဂိတ် ပိုင်ရှင်များအကြား သဘောတူညီမှုအရ ကနဦးစသွင်းရမည့် ငွေကျပ် သိန်း ၁၆ဝ ကိုလည်း ကုန်တင်ယာဉ်အသင်း လေးသင်းမှ လာရောက်ပေး သွင်းခဲ့သော်လည်း ဂိုဒေါင်များငှားစားနေသော ရပ်ကွက်နေပြည်သူ အချို့၏ ကန့်ကွက်မှုကြောင့်ဟုဆိုကာ ဒေသခံအများစုတောင်းဆိုမှု မအောင်မြင် ဖြစ်ခဲ့သည်။ ထို့ပြင် ယခုမြေနေရာသည် ကလေးမြို့ပြင်တွင် တည်ရှိသည့်အတွက် လက်ရှိ အိန္ဒိယအစိုးရ၏အကူအညီဖြင့် ဆောင်ရွက်နေသည့် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်မှု ပြီးစီးသွားပါက ကုန်တင်ကားကြီးများအားလုံး မြို့ထဲအထိ ဝင်ရောက်စရာ မလိုတော့ဘဲ ကုန်တင်/ကုန်ချကားကြီးကွင်းထဲသို့ တစ်ခါတည်းဝင်ရောက် ဂိတ်ထိုးရုံပင်ဖြစ်သည်။ ထို့ကြောင့် ဂိုဒေါင် ငှားစားလုပ်ကိုင်နေသော ရပ် ကွက်နေပြည်သူအချို့ ကန့်ကွက်မှုထက် ဒေသခံပြည်သူအများစု၏ လို လားမှုနှင့် တောင်းဆိုမှုများကို သက်ဆိုင်ရာဌာနအနေဖြင့် အလေးထား သင့်ကြောင်း ဒေသခံများက ဆိုသည်။
အစိုးရနှစ်ဆက်နီးပါးတိုင် ကုန်တင်/ကုန်ချကွင်းဂိတ်ခန်းများ တည် ဆောက်ရန် အကောင်အထည်မဖော်နိုင်ဘဲ ရပ်ကွက်အတွင်း လမ်းများ၌ ကုန်တင်/ကုန်ချ ပြုလုပ်နေရခြင်းသည် သေချာစေ့ငုမည်ဆိုပါက မြို့တစ်မြို့အနေဖြင့် ရုပ်ဆိုးလှပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here