အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ကားဈေးကွက် ယိမ်းယိုင်နေချိန်တွင် မလေးရှားနိုင်ငံ၏ ကားအသစ်ရောင်းချရမှု မြင့်တက်လာကြောင်း မလေးရှားကားအစည်းအရုံး(MAA)၏ ထုတ်ပြန်ချက်ကို ကိုးကား၍ justauto ဝက်ဘ်ဆိုက်က နိုဝင်ဘာ ၂၃ ရက်တွင် ဖော်ပြသည်။
MAA မှ ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း မလေးရှားတွင် ကားသစ် အစီးရေ ၅၆,၆၇၀ ရောင်းချနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလရောင်းအား အစီးရေ ၅၃,၈၇၀ ထက် ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
မလေးရှားနိုင်ငံ၏ ကားရောင်းအားမှာ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမ ခြောက်လတာကာလအတွင်း ၄၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် မလေးရှားအစိုးရသည် ကားဈေးကွက် ရှေ့သို့တိုးမြင့်စေရန်အတွက် ကားရောင်းခွန်ကို ယခုနှစ် ဇွန်လမှ နှစ်ကုန်အထိ ဆိုင်းငံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ကားကုမ္ပဏီများအနေဖြင့် မိုဒယ်အသစ်များအတွက် အရောင်းမြှင့်တင်ရာတွင် ဈေးနှုန်းများလျှော့ချခြင်း၊ မလေးရှားဗဟိုဘဏ်နှင့် ချိတ်ဆက်ဝယ်ယူသူများအတွက် အတိုးနှုန်း လျှော့ချပေးခြင်းများကြောင့်လည်း ကားရောင်းအား မြင့်တက်လာခြင်းဖြစ်ကြောင်း MAA က ထောက်ပြသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ရောင်းအားအရ အိမ်စီးကား ၅၁,၇၉၅ စီး၊ လုပ်ငန်းသုံးကား ၄,၈၇၅ စီးရောင်းချနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက အိမ်စီးကား ၄၈,၉၈၇ စီး၊ လုပ်ငန်းသုံးကား ၄,၈၈၃ စီး ရောင်းချနိုင်ခဲ့သည်။
မလေးရှားအမှတ်တံဆိပ် Proton က အစီးရေ ၁၁,၃၉၂ စီးရောင်းချကာ ရောင်းအား ၂၀ ရာခိုင်နှုန်း မြင့်တက်လာပြီး မလေးရှား၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီ Perodua ကလည်း ၂၆,၈၅၂ စီး ရောင်းချနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ကုန်ဆုံးရန် နီးကပ်လာချိန်တွင် မလေးရှားနိုင်ငံ၏ ကားရောင်းအား မြင့်တက်လာသော်လည်း ဇန်နဝါရီလမှ အောက်တိုဘာလအထိပထမ ၁၀ လတာရောင်းအားအနေဖြင့် ၃၉၈,၁၅၉ စီးသာရှိကာ ၂၀၁၉ ခုနှစ် ပထမ ၁၀ လတာ ရောင်းအား ၄၉၆,၈၅၅ စီးထက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:justauto