အနာဂတ်ကာလမှာ အစားအသောက်တွေကို ကားနဲ့လှည့်လည်ရောင်းချ တဲ့ ဈေးကွက်က လူကြိုက်များရေပန်းစားလာမှာဖြစ်လို့ အစားအသောက် ရောင်းတဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေဟာ အခုကတည်းက ဈေးကွက်ဝေစု ပိုရဖို့ ကြိုးပမ်းနေကြပါတယ်။ သူတို့ ရည်မှန်းချက်အောင်မြင်ဖို့ အထောက် အကူပေးမယ့် နမူနာရှေ့ပြေး ဈေးကားမိုဒယ်ကို ကျောင်းသားခြောက်ဦးက မကြာသေးခင်က ဖန်တီးမိတ်ဆက်ပေးခဲ့ပါတယ်။ Culinary Coach လို့ အမည်ပေးထားတဲ့ ပီဇာအဓိကရောင်းချပေးမယ့်ကားဟာ ထရပ်ကားပုံစံ ဖြစ်ပြီး အလေးချိန်ပေါ့အောင် ဖိုင်ဘာဂလပ်စ်နဲ့ပဲ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကားအမိုးကလည်း မှန်အပြည့်နဲ့ပြုလုပ်ထားလို့ အတွင်းပိုင်း ကို နေရောင်အပြည့်အဝ ဝင်ရောက်စေပြီး အလင်းရောင်ရစေ သလို စွမ်းအင်ထုတ်ပေးတဲ့ ဘက်ထရီတွေကို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
Culinary Coach ညာဘက်ဘေးမှာချထားတဲ့ ဆင်ခြေ လျှော ခြေနင်းပြားကနေ အတွင်းပိုင်းဆီဝင်လာတဲ့ စားသုံးသူဟာ အစားအစာတွေ ချက်ပြုတ်ပေးမယ့် မီးဖိုချောင်နဲ့စားဖိုမှူးကို တွေ့ရ မှာမဟုတ်ဘဲ အဲဒီအစား ရနိုင်မယ့်အစားအစာစာရင်း(Menu)၊ ပိုက် ဆံထည့်လိုက်ရင် လိုချင်တဲ့ အစားအစာချက်ပေးမယ့် စက်(Vending Machine ) တပ်ထားတဲ့ Touch Screen စားပွဲကိုပဲမြင်ရမှာပါ။ စားသုံးသူက ပိုက်ဆံထည့်ပြီး ပီဇာစားမယ်လို့ မှာလိုက်တာနဲ့ Vending Machine ဟာ ဂျုံနဲ့ တခြားလိုအပ်တာတွေ ရောမွှေပေါင်းစပ်ပြီး သုံးမိနစ် အတွင်း အပြီးပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပီဇာလုပ်နေချိန်မှာ စားသုံးသူက ကားညာဘက် နောက်ခြမ်းမှာရှိတဲ့ ဖျော်ရည်စက်ကနေ အလိုရှိရာ မှာ ယူသောက်သုံးပြီး စောင့်နေရုံပါပဲ။ ပီဇာအပေါ်မှာ ဖြူးမယ့် အဆာပလာ တွေကိုတော့ Touch Screen ကနေတစ်ဆင့် စားသုံးသူကိုယ်တိုင် စိတ် ကြိုက်ရွေးချယ် ထည့်သွင်းနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ စက် ခါးပတ်ကြိုး (Conveyor Belt )ကနေ ပူပူနွေးနွေးပီဇာ ထွက်လာပြီဆိုရင် စားသုံးသူအနေနဲ့ ကားနောက်ဘက်ထွက်ပေါက်က ပြန်ဆင်းသွားလို့ ရပါ ပြီ။ စားသုံးသူတွေ အဆင်ပြေအောင် ကားခေါင်းခန်းမှာ Barman တစ် ယောက်ရှိမှာ ဖြစ်ပါတယ်။ ထွက်ပေါက်နားမှာ အမှိုက်ပုံးထားပေးထား သလို အဲဒီအမှိုက်ပုံးမှာ ပြန်လည်သုံးစွဲနိုင်တဲ့ ပစ္စည်း(Recycle)နဲ့ ပြန် မသုံးနိုင်တဲ့ပစ္စည်း (Non-Recycle )ဆိုပြီး ခွဲခြားစွန့်ပစ်နိုင်တဲ့ အပေါက်နှစ် ပေါက်ကိုလည်း လုပ်ပေးထားပါတယ်။ Culinary Coach ရဲ့ အားနည်း ချက်က ရောင်းချတဲ့ အစားအစာစာရင်းကို များများစားစား မစီစဉ်နိုင်သေး တာပါပဲ။ ဒါပေမဲ့ လူကိုယ်တိုင်ထိတွေ့ခြင်းမရှိဘဲ စက်နဲ့ချက်ပြုတ်ပေး တာဖြစ်လို့ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ပိုသင့်တော်မှုရှိနေပါတယ်။ Culinary Coach မှာ သုံးထားတဲ့ လျှပ်စစ်မိုတာ၊ လျှပ်စစ်စွမ်းအင်ထုတ် ပေးတဲ့ Photovoltaic မှန်တွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိသလို စားသုံးသူတွေ သက်သောင့်သက်သာနဲ့ အလိုရှိရာ အစားအစာကို လျင်လျင်မြန်မြန်ရအောင် စီစဉ်ထားနိုင်မှုတို့ကြောင့် တီ ထွင်ဖန်တီးတဲ့ ကျောင်းသားခြောက်ယောက်အဖွဲ့ဟာ Core 77 Design Awards 2017 ရဲ့ Student Notable Transportation Award ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။