အင်းစိန်ကညနရုံးတွင် အာမခံရုံးခွဲထားရှိရန် စီစဉ်ထားသော်လည်း ဘတ်ဂျက်မရှိ၍ မဖွင့်လှစ်နိုင်သေး

774

ရန်ကုန်၊ မတ်

လာမည့် ဧပြီလအတွင်း အင်းစိန် ကညနရုံးတွင် အာမခံရုံးခွဲထားရှိရန် စီစဉ်ထားသော်လည်း ဘတ်ဂျက်မရှိသောကြောင့် ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

အင်းစိန် ကညနရုံးတွင် အာမခံရုံးခွဲမရှိသောကြောင့် နှစ်လဲသက်တမ်းတိုး ပြုလုပ်မည့်ကားများမှာ ပရီမီယမ်ကြေးပေးသွင်းရာတွင် ထောက်ကြန့် ကညနရုံးဝင်းအတွင်းရှိ မြန်မာအာမခံရုံးခွဲနှင့် မြန်မာ့အာမခံရုံးချုပ်များသို့ သွားရောက်ပေးဆောင်နေရကြောင်း သိရသည်။

သို့ဖြစ်ရာ အင်းစိန် ကညနရုံးတွင် မြန်မာ့အာမခံရုံးခွဲထားရှိပြီး ပရီမီ ယမ်ကြေးပေးသွင်းနိုင်စေရန်နှင့် အလုံးစုံအာမခံကြေး ပေးဆောင်နိုင်ရန် စီစဉ်ထားသော်လည်း ဘတ်ဂျက်ချပေးခြင်းမရှိသောကြောင့် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။

”အင်းစိန် ကညနရုံးမှာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့အတွက်ပဲ အာမခံရုံး ထားပေးထားတယ်၊ မြောက်ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ မော်တော်ယာဉ်တွေ နှစ်လဲသက်တမ်းပြုလုပ်ဖို့ ပရီမီယမ်ကြေးပေးသွင်းတဲ့အခါ ထောက်ကြန့်ကညနမှာရှိတဲ့ မြန်မာ့အာမခံရုံးခွဲနဲ့ မြန်မာ့အာမခံရုံးချုပ် နှစ်ခု ထဲက နီးစပ်တဲ့ရုံးမှာ ပေးသွင်းကြရတဲ့အတွက် ယာဉ်ပိုင်ရှင်တွေ အခက်အခဲဖြစ်နေကြပါတယ်၊ ဒါကြောင့်မြန်မာ့အာမခံလုပ်ငန်းက အင်းစိန် ကညနဝင်းအတွင်းမှာ ရုံးခွဲသစ်ဖွင့်လှစ်ဖို့ ဆွေးနွေးခဲ့ပြီး မြေနေရာကိုလည်း သတ်မှတ်ခဲ့ပါတယ်၊ ဧပြီ ၁ ရက်မှာ ဖွင့်လှစ်နိုင်ဖို့ လျာထားခဲ့ပေမဲ့လည်း ဘတ်ဂျက်ချထားပေးခြင်းမရှိတဲ့အတွက် ဖွင့်လှစ်နိုင်ဦးမှာ မဟုတ်သေးပါဘူး”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းသည် နှစ်လဲသက်တမ်းတိုးပြုလုပ်မည့်ကားများအတွက် ပရီမီယမ်ကြေး ပေးဆောင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ကညနရုံးများတွင် အာမခံရုံးခွဲ ၃၉ ရုံးအထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

လင်းရံ

LEAVE A REPLY

Please enter your comment!
Please enter your name here