အင်ဂျင်အတွက် လိုအပ်သော မာစတာဆင်ဆာ ECT Sensor or Master Sensor

92

 

ကွန်ပျူတာထိန်းချုပ်မှုနဲ့ လည်ပတ်အလုပ်လုပ်တဲ့ ခေတ်ပေါ်ကားအင်ဂျင်တွေရဲ့ အတွင်းပိုင်းအပူချိန် အခြေအနေ ဘယ်လောက်ရှိနေသလဲ ဆိုတာကို စောင့်ကြည့်ထောက်လှမ်းပေးနေတဲ့ အာရုံခံကိရိယာကို ECT ဆင်ဆာလို့ ခေါ်ပါတယ်။ Engine Coolant Temperature ကို E C T လို့ အတိုကောက် သတ်မှတ်ပါတယ်။ အင်ဂျင်အအေးခံစနစ်မှာ လည်ပတ်နေတဲ့ အအေးခံရည်ရဲ့အပူချိန် ဘယ်လောက်ရှိနေသလဲဆိုတာကို ကွန်ပျူတာခေါ် PCM (Powertrain Control Module)က သိရှိနေဖို့ အရေးကြီးပါတယ်။ ခေတ်ပေါ် ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ လည်ပတ်လှုပ်ရှားမှုအားလုံးကို PCM ကွန်ပျူတာကပဲ ထိန်းချုပ်ပါတယ်။
အင်ဂျင်ဘလောက်ထဲမှာ အတွင်းပိုင်းအပူတွေကို စုပ်ယူနိုင်ဖို့ ရေလိုင်းတွေရှိပါတယ်။ အင်ဂျင်ဟတ်(Head)နဲ့ ဆလင်ဒါစလစ်ပတ်လည်မှာ အင်ဂျင် မီးလောင်ပေါက်ကွဲရာကနေ ထွက်လာတဲ့အပူကို Coolant အအေးခံရည်က စုပ်ယူပြီး သယ်ဆောင်သွားပါတယ်။ ရေတိုင်ကီထဲရောက်မှ ပြင်ပလေအေးတွေနဲ့ ထိတွေ့ပြီး Coolant အအေးခံရည်တွေ အေးနေသလား၊ ပူနေသလား၊ ပုံမှန်လည်ပတ်နေတဲ့ အပူချိန်မှာပဲ ရှိသလား၊ အပူလွန်ကဲပြီး ရေဆူနေသလား စတဲ့ အပူချိန်အခြေအနေတွေကို အာရုံခံပြီး ကွန်ပျူတာကို သတင်းပို့ပေးနေတာ ECT Sensor ဖြစ်ပါတယ်။
ECT ဆင်ဆာကရတဲ့ အပူချိန် Data တွေဟာ ကွန်ပျူတာ PCM အတွက် အလွန်အရေးကြီးပါတယ်။ အင်ဂျင် Management System တစ်ခုလုံးရဲ့ မဟာဗျူဟာကျတဲ့ ထိန်းချုပ်မှုတွေမှာ တခြားအာရုံခံဆင်ဆာတွေထက် ပိုပြီးအရေးပါနေတာကြောင့် E C T Sensor ကို Master Sensor လို့တောင် ခေါ်ကြပါတယ်။ E C T(Engine Coolant Temperature)ဆင်ဆာက အင်ဂျင်အအေးခံရည်ရဲ့ အပူချိန်အခြေအနေကို မှန်ကန်တိကျစွာ အာရုံခံပြီး ကွန်ပျူတာ PCM ကို သတင်းပို့နိုင်မှသာ အင်ဂျင်လည်ပတ်မှုမှန်ကန်ပြီး အင်ဂျင်စွမ်းဆောင်ရည် အမြင့်ဆုံးရရှိနိုင်ပါသည်။
အင်ဂျင်စက် စပြီးလည်တဲ့အချိန်မှာ အင်ဂျင်အေးနေပါတယ်။ အင်ဂျင် အေးနေတဲ့အချိန်နဲ့ အင်ဂျင်ပူနွေးလာပြီး ပုံမှန် Operating အပူချိန်မှာ အင်ဂျင်လည်ပတ်မှု အခြေအနေတွေ မတူညီနိုင်ပါဘူး။ အင်ဂျင်အေးနေတဲ့ အခြေအနေမှာ လောင်စာဆီရောစပ်တဲ့အချိုးက Rich Fuel Mixture ဖြစ်ဖို့ လိုပါတယ်။ ဒါမှ အင်ဂျင် Idle Speed မှန်မယ်၊ အင်ဂျင်တုန်ခါမှု ဖြစ်တာကို တားဆီးနိုင်မယ်၊ အင်ဂျင်လည်း မြန်မြန်ပူလာမယ်၊ အင်ဂျင် တဖြည်းဖြည်းပူလာပြီး ပုံမှန်လည်ပတ်နိုင်တဲ့ အပူချိန်တစ်ခု ရောက်သွား ရင်လည်း အင်ဂျင်ပူနေပြီဖြစ်ကြောင်း ကွန်ပျူတာ PCM က သိဖို့လို ပါတယ်။ ဒါမှလည်း လောင်စာဆီ ရောစပ်မှုအချိုးကို ပြန်ပြီးချပေးမယ်။ တကယ်လို့ ECT Sensor က မှားယွင်းနေပြီး အပူချိန် အာရုံခံတာကို မှန်ကန်အောင် သတင်းမပို့နိုင်ခဲ့ရင် PCM ကွန်ပျူတာက အင်ဂျင်အေးနေသေးတယ်လို့ပဲ မှတ်ယူပြီး ဆီရောစပ်မှုအချိုးက များနေမယ်။ ဆီစား များမယ်။ အီမစ်ရှင်းတွေ များများထွက်ပြီး လေထုညစ်ညမ်းစေမယ့် အိပ်ဇော ဓာတ်ငွေ့တွေ ထွက်မယ်။ ပိုဆိုးတာက ရေတိုင်ကီ အအေးခံတဲ့ပန်ကာ လည်သင့်တဲ့အချိန်မှာ မလည်သေးဘဲ နောက်ကျပြီး လည်တာကြောင့် အင်ဂျင်အပူချိန် မြင့်တက်လွန်းတာများပြီး ရေဆူနိုင်တယ်။
အင်ဂျင်အအေးခံစနစ်မှာ ရေတိုင်ကီကို အအေးခံတဲ့ ပန်ကာဟာ လျှပ်စစ်ပန်ကာ ဖြစ်ပါတယ်။ ဒီပန်ကာက အမြဲတမ်း ပုံသေမလည်ပါဘူး။ လိုအပ်မှ လည်ပါတယ်။ မလိုသေးရင် နားထားပါတယ်။ ရပ်လိုက်၊ လည်လိုက်၊ ပြန်နားလိုက်၊ ပြန်လည်လိုက်ပုံစံမျိုး ဖြစ်ပါတယ်။ အင်ဂျင် စပြီး လည်တဲ့အချိန်မှာ အေးနေပါသေးတယ်။ ပူနွေးလာပြီး ပုံမှန်လည်ပတ်တဲ့ Operating အပူချိန်ကိုရောက်မှ ပန်ကာကို လည်စေပါတယ်။
ရေတိုင်ကီထဲမှာ အအေးခံရည် မပူမချင်း ပန်ကာ မလည်သေးပါဘူး။ ပူလာမှ ပန်ကာကို လည်စေပါတယ်။ ရေတိုင်ကီအေးသွားရင် ပန်ကာ ပြန်ရပ်သွားပါတယ်။ ဒီလိုမျိုး လျှပ်စစ်ပန်ကာကို ကစားနိုင်အောင် ထိန်းချုပ် ပေးနေတာဟာ ဆင်ဆာက သတင်းပို့တဲ့ Data ကို အခြေခံပါတယ်။ ဒါကြောင့် အင်ဂျင်အအေးခံစနစ် ပုံမှန်လည်ပတ်နေနိုင်ဖို့ ECT ဆင်ဆာက အရေးကြီးတဲ့နေရာမှာ ရှိနေပါတယ်။ ဒီဆင်ဆာ ကောင်းကောင်း အလုပ်မလုပ်တာနဲ့ ပန်ကာလေဆွဲအား လုပ်ဆောင်ချက်တွေ မမှန်ကန်နိုင် တော့ဘဲ အင်ဂျင်အပူချိန် မြင့်တက်လာနိုင်ပါတယ်။
အင်ဂျင် Overheat ဖြစ်ရင်တော့ အင်ဂျင်ရဲ့ လုပ်ဆောင်ချက်တွေ မမှန်တော့ပါဘူး။ အင်ဂျင် အပူလွန်ကဲမှုဖြစ်ပြီး အင်ဂျင်ပျက်စီးသွားစေနိုင်ပါတယ်။ အရမ်းပူလာရင် အင်ဂျင်ကျပ်ပြီး ထိုးရပ်သွားမယ်။ ဂတ်စ်ကတ် ပြတ်ထွက်မယ်။ အင်ဂျင်ဟတ် လန့်ပြီး ကွဲတတ်တယ်။ အင်ဂျင်အပူ လွန်ကဲရာကနေ နောက်ဆုံး မီးထလောင်သွားနိုင်တယ်။
ဒါကြောင့် တချို့ကားတွေမှာ Cooling Fan အတွက် သီးခြား Coolant Sensor ကို တပ်ဆင်ထားတယ်။ လျှပ်စစ်ပန်ကာ အဖွင့်/ အပိတ် ပုံမှန်လုပ်နိုင်ဖို့ သီးသန့် Sensor နဲ့ သီးသန့် Fan Circuit ထားပေးတယ်။ Coolant Sensor ဆိုတာ ကွန်ပျူတာထိန်းချုပ်မှုနဲ့ လည်ပတ်နေတဲ့အင်ဂျင်တွေအတွက် အရေးကြီးပါတယ်။ Fuel Injector က ရောစပ်ပေးတဲ့ လောင်စာဆီအချိုးအစား၊ မီးတိုင်မင်(Firing Timing) မီးပေးစော တာ/နောက်ကျတာ၊ အင်ဂျင် Slow လည်ပတ်မှုမှန်ကန်ပြီး တည်ငြိမ်နေ ဖို့၊ Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ဖို့၊ ဆီစားသက်သာပြီး အင်ဂျင်စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်ဖို့ အဓိကကျတဲ့ ဆင်ဆာကတော့ အပူချိန်ပြောင်းလဲမှုအခြေအနေကို နှိုင်းယှဉ်မှတ်သားခြင်း ဖြစ်ပါ တယ်။
ECT ဆင်ဆာက ထောက်လှမ်းသတင်းပို့တဲ့ ဗို့အား အတက်အကျ Signal ကို PCM က လက်ခံပြီး အင်ဂျင်လည်ပတ်မှုကို အကောင်းဆုံး ဖြစ်စေဖို့ တွက်ချက်ညွှန်ကြားပါတယ်။ PCM ကွန်ပျူတာရဲ့ ညွှန်ကြား ထိန်းကျောင်းမှုတွေဟာ ECT ဆင်ဆာရဲ့သတင်းပေးပို့မှု DATA တွေ အပေါ်မှာ အဓိကကျပါတယ်။ ယာဉ်မောင်းသူက အင်ဂျင်ရဲ့ အပူချိန် အခြေအနေကို ဒတ်ချ်ဘုတ်မှာ ဖော်ပြထားတဲ့ Temperature Gauge မှာ ကြည့်နိုင်ပါတယ်။
ECT Sensor ယူနစ်ကို တချို့ကားတွေမှာ အင်ဂျင် Head ထဲ တစ်လုံး၊ ရေတိုင်ကီမှာ တစ်လုံး တပ်ဆင်လေ့ရှိပါတယ်။ ကွန်ပျူတာ ထိန်းချုပ်တဲ့ ခေတ်ပေါ် EFI အင်ဂျင်တွေမှာ ECT Sensor က အဓိကကျတဲ့ အာရုံခံဆင်ဆာ ဖြစ်နေတာကြောင့် Coolant Sensor မူမမှန်ရင်၊ ပျက်စီးချွတ်ယွင်းလာရင် အင်ဂျင် လည်ပတ်မှု အင်ဂျင်လုပ်ဆောင်ချက်တွေ မမှန်တော့ဘဲ ဆုံးရှုံးမှုတွေ များလာပါတယ်။ ဆင်ဆာ မကောင်းတဲ့ ရှေ့ပြေးလက္ခဏာတွေကတော့-
– အင်ဂျင် ဆီစားများလာမယ်။
– Emission ထုတ်လွှတ်တာများပြီး Emission Test စမ်းသပ်ကြည့်ပါက ကျရှုံးတာ တွေ့ရပါလိမ့်မယ်။
– Cooling Fan လည်ပတ်မှု မမှန်တာကြောင့် အင်ဂျင် Overheat ဖြစ်မယ်၊ ရေတိုင်ကီ ရေဆူမယ်။
Coolant Sensor တွေမှာ အများဆုံးဖြစ်တတ်တဲ့ ပြဿနာတွေကတော့ ဝါယာရင်းအမှားဖြစ်တာ၊ ဝါယာချွတ်ယွင်းတာပါပဲ။ ဝါယာလွတ်နေတာမျိုး၊ Connector အဆက်တွေ ချေး(ကြေး)တက်ပြီး တဖြည်းဖြည်း ယိုယွင်းပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ Coolant Sensor ကို OBD II Scan Tool ထိုးပြီး အပြစ်ရှာကြည့်နိုင်ပါတယ်။
Coolant Sensor ကို ဗို့အားတိုင်းပြီး စစ်ဆေးကြည့်နိုင်ပါသေးတယ်။ ဗို့အားတိုင်း ဒစ်ဂျစ်တယ်မီတာတစ်လုံးတော့ လိုပါတယ်။ အင်ဂျင် အေးနေတဲ့အချိန်မှာ ဗို့မီတာနဲ့ တိုင်းကြည့်ရင် 3 Volt လောက်ပဲ ပြမယ်။ ကား စက်လည်ပြီး အင်ဂျင်တဖြည်းဖြည်းပူလာပါက ဗို့အား ကျဆင်းလာပြီး 1.2V ကနေ 0.5V အထိ ငါးမိနစ်အတွင်းပြရင် အင်ဂျင်ရဲ့ အပူချိန်ဟာ ပုံမှန်စက်လည်ပတ်နေတဲ့ အပူချိန်ပြခြင်း ဖြစ်ပါတယ်။ တကယ်လို့ 5Volt နီးပါးဆိုရင်တော့ Coolant Sensor ဟာ Open ဖြစ်နေတယ်၊ ဒါမှ မဟုတ် Earth လွတ်နေတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ တကယ်လို့ ဗို့အားက လုံးဝမပြဘူးဆိုရင်တော့ ဆင်ဆာထဲမှာ Short ဆားကစ် ဖြစ်နေပါပြီ။ ဆင်ဆာမမှန်ရင် အသစ်တစ်လုံး အစားထိုးလဲပေးဖို့ လိုပါတယ်။ Coolant ဆင်ဆာလဲပြီးရင် အင်ဂျင်အအေးခံစနစ်မှာ အအေးခံရည် ထပ်ဖြည့်ပေးဖို့လိုပါတယ်။ သုံးနှစ်၊ လေးနှစ်လောက်ကြာအောင် သုံးထားတဲ့ Coolant ဆိုရင်လည်း အသစ်လဲပေးဖို့ လိုပါတယ်။
ခေတ်ဟောင်းကားအင်ဂျင်မှာ Coolant Sensor ဟာ အရေးမကြီးပေမဲ့ ခေတ်ပေါ်ကွန်ပျူတာစနစ်ထိန်း အင်ဂျင်တွေမှာတော့ Coolant Sensor က တခြားဆင်ဆာတွေထက် ပိုပြီး အဓိကကျပါတယ်။ ဆင်ဆာ မကောင်းရင် အင်ဂျင်လည်ပတ်မှု လုပ်ဆောင်ချက်တွေ မမှန်တော့ဘူး။ ဆီစားများနေမယ်။ အင်ဂျင်အပူချိန် မြင့်တက်မယ်။ အင်ဂျင် Slow မှာ တုန်ခါနေမယ်။ အီမစ်ရှင်းထုတ်လွှတ်မှုတွေ များလာမယ်။ ရေတိုင်ကီ ရေဆူမယ်။ Electrical Fan တွေ လည်ပတ်တာ နောက်ကျမယ်။ ဆင်ဆာကောင်းမှ အင်ဂျင် Performance ကောင်းပြီး ဆီစားသက်သာမယ်။ အင်ဂျင်စွမ်းရည် Efficiency ပိုကောင်းလာမှာ ဖြစ်ပါတယ်။
မင်းသစ်ထူး(စက်မှု-နည်းပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here