အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကားများကို အထူးကုန်စည်ခွန်လျော့ချပေးလိုက်သော်လည်း စျေးကွက်ကြီးမားစွာ ပြောင်းလဲသွားဖွယ်မရှိသည့် ရန်ကုန်ကားစျေးကွက်

1349

ကိုရဲ

၂ဝ၁၈ ခုနှစ်အတွက် ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ လာမည့်ဘတ်ဂျက်နှစ် ဧပြီ ၁ ရက်မှစ၍ အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီ အထိကားများကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့ချကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဌာန်းခဲ့သည်။ လက်ရှိဘတ်ဂျက်နှစ်တွင် အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအတွင်းကားများကို အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံနေရာမှ ထက်ဝက်လျော့၍ ကောက်ခံမည်ဖြစ်သော်လည်း ယခုနှစ်ကားတင်သွင်းခွင့်မူဝါဒတွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်သည့်အတွက် ဂျပန်တစ်ပတ်ရစ် ညာမောင်းကားများမှာ စျေးကွက်ကြီးမားစွာပြောင်းလဲသွားဖွယ်မရှိကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

”ဒီရက်ပိုင်းမှာ ကားစျေးကွက်က အနည်းငယ်ပြန်ကောင်းလာတယ်၊ မေးတဲ့သူလည်းပြန်မေးလာကြပါတယ်၊ အရမ်းကြီးအေးနေတာမျိုး မဟုတ်တော့ဘူး၊ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့ချလိုက်တာကို တစ်ချို့က ဝင်ငွေခွန်လျော့ချလိုက်တယ်လို့ ထင်နေကြတယ်၊ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းလျော့လိုက်တဲ့အတွက် Toyota Allion ဆို ၁ဝ သိန်း ဝန်းကျင်၊Toyota Harrier ဆို သိန်း ၂ဝ ဝန်းကျင်လောက် လျော့သွားပေမဲ့ အများကြီး အကျိုးသက်ရောက်မှုတော့မရှိဘူး၊ ယန်းစျေး၊ ဒေါ်လာစျေး၊ စလစ်စျေးနဲ့ မူဝါဒအပြောင်းအလဲအပေါ်မူတည်ပြီး ကားစျေးက အတက်အကျဖြစ်တာပါ၊ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျော့လိုက်ပေမဲ့ ကားစျေးကအများကြီးကျဖို့မရှိပါဘူး၊ ညာမောင်းကား တင်သွင်းလို့မရတဲ့အခါမှာ ရှိပြီးသားကားတွေက အထူးကုန်စည်ခွန် လျော့တာနဲ့ ဘယ်သူမှစျေးတွေချရောင်းမှာ မဟုတ်ဘူး၊ အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီကနေ ၂ဝဝဝ စီစီအထိကားတွေကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းတဲ့အပေါ်မှာ ၁၃ဝဝ စီစီ ကားတွေကို အကျိုးသက်ရောက်မှု မရှိပါဘူး၊ ၁၃ဝဝ စီစီ ကားတစ်စီးကို ကျပ်သိန်း ၃ဝဝ အောက်မှာ ရောင်းလို့ရပေမဲ့ ၁၈ဝဝ စီစီ၊ ၂ဝဝဝ စီစီ ကားတွေကတော့ အနည်းဆုံး ၄ဝဝ အထက်မှာပဲ ရှိပါတယ်။ အနီးကပ်ဆုံး ရောင်းလို့ရတဲ့ ၁၅ဝဝ စီစီ Axio လိုကားမျိုးတောင် သိန်း ၃၄ဝ ဝန်းကျင် ပေါက်စျေးရှိတဲ့အတွက် ၁၃ဝဝ စီစီ ကားတွေရဲ့ စျေးကွက်က ထူးခြားမှု မရှိပါဘူး၊ တက္ကသိုလ်ဝင်စာမေးပွဲတွေ ပြီးတော့ အရောင်းအဝယ်က နည်းနည်းလေးသွက်လာတယ်၊ အခွန်ကောက်ဥပဒေ ထွက်ပေါ်လာတဲ့အတွက် ဝယ်တဲ့သူကလည်း ဝယ်ကြတယ်၊ သိန်း ၁၅ဝ ဝန်းကျင် ကနေ သိန်း ၄ဝဝ ဝန်းကျင်ကားတွေကတော့ အရောင်းအဝယ် အဖြစ်များပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

လက်ရှိကားစျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့်နံပါတ်ထွက်ပြီသား သိန်း ၁၅ဝ အောက်ကားများသာ အဝယ်လိုက်နေပြီး YVQC စနစ်ကို စောင့်ဆိုင်းနေသည့်အတွက် စတိနံပါတ်ကားများမှာ အရောင်းအဝယ်အဖြစ်နည်းကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း နံပတ်ထွက်ပြီးသားကားများထဲတွင် ၁၃ဝဝစီစီ နှင့်၁၅ဝဝစီစီ ကားများဖြစ်သည့် Honda Fit၊ Toyota Vitz ၊ Honda Insight ၊ Honda Fit GK3 စသည့်ကားများသာ အရောင်းအဝယ်ဖြစ်ပြီး စတိနံပါတ်ကားများမှာ ဧပြီ ၁ ရက်တွင် စတင်ကောက်ခံမည့် အထူးကုန်စည်ခွန်အပြောင်းအလဲများနှင့် ရန်ကုန်လိုင်စင် ထုတ်ပေးမည့်အချိန်ကို စောင့်နေကြ၍ အရောင်းအဝယ်မဖြစ်သလောက် မဖြစ်သလောက်ရှိပြီး နံပါတ်ထွက်ပြီးသားကားများထဲတွင် Alphard ၊ Wish နှင့် Kluger ကားများသာ အရောင်းအဝယ်ရှိကြောင်း ကားဝယ်ရောင်းများကဆိုသည်။

”စျေးကွက်က ရန်ကုန်နဲ့ မန္တလေးမှာပါ အရောင်းအဝယ်တွေအေးနေတယ်၊ ၆၆ဝ စီစီ မီနီထရပ်တွေနဲ့ အရစ်ကျရောင်းတဲ့ကားတွေလောက်ပဲ အရောင်းအဝယ်ရှိတယ်၊ စျေးကွက်တစ်ခုလုံးခြုံပြောရရင် တော့ အရောင်းအဝယ်အေးတယ်လို့ပြောလို့ရတယ်၊ အထူးကုန်စည်ခွန် လျှော့ချလိုက်တဲ့အတွက် စျေးကွက်မှာအပြောင်းအလဲတွေဖြစ်လာနိုင်တယ်၊ အဓိကတော့ CKD ၊SKD စနစ်နဲ့ ထုတ်လုပ်တဲ့ကားတွေအတွက် အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပေမဲ့ ကားအရောင်းစင်တာကနေ တင်သွင်းတဲ့ကားတွေကတော့ စျေးက အပြောင်းအလဲဖြစ်လာဖို့မရှိဘူး၊၁၃ဝဝ စီစီ ကားတွေကတော့အစထဲက အခွန်ကင်းလွတ်ခွင့်ရထားတဲ့အတွက် စျေးကွက်ကပြောင်းလဲမှုရှိလာနိုင်မှာမဟုတ်ဘူး၊ဘယ်မောင်းကားတွေကလည်း တင်သွင်းတဲ့အရေအတွက်နည်းတဲ့အတွက် အထူးကုန်စည်ခွန်လျော့ချပေးလိုက်ပေမဲ့ ကားစျေးကွက်က ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာဖို့မရှိပါဘူး”ဟု Bagan Automotive ကားအရောင်းစင်တာမှ မန်းနေးဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်မှစ၍အရောင်းအဝယ်အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြို့ကြားကြို့ကြားအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃ဝဝစီစီကားများစျေးအနည်းငယ်ဆင်းသွားပြီး အမြင့်ကားများမှာ စျေးအတက်အကျမရှိပဲအရောင်းအဝယ်အေးစက်နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here