အင်ဂျင်ပါဝါ စွမ်းအားမြင့်မားစေသောစူပါချာဂျာ Supercharger

1184

တာဘိုပါသော အင်ဂျင်များ၏ပါဝါစွမ်းအားသည် အရွယ်အစားတူ တာဘိုမပါသော အင်ဂျင်ထက်ပို၍ အားကောင်းသည်။ ကားချင်းယှဉ်မောင်းလျှင် တာဘိုပါသော အင်ဂျင်က အနိုင်ရသည်။ ကုန်းတက်လမ်းကို ဝန်အားနှင့် ရုန်းတက်ခိုင်းပါက တာဘိုပါသောအင်ဂျင်သည် စွမ်းအားကောင်းကောင်းနှင့် ရုန်းတက်နိုင်သည်။ ဂီယာပြောင်းထိုးစရာ မလိုပါ။ လီဗာနင်းလျှင် နင်းသလောက် ပါလာသည်။ ထို့ကြောင့် တာဘိုပါသောဘတ်စ်ကားများ၊ ကုန်တင်ထရပ်ကားကြီးများကို ကားဆရာများ ပို၍ သဘောကျနှစ်သက်ကြသည်။

တာဘိုပါသောအင်ဂျင်များ အဘယ်ကြောင့် စွမ်းအားပါဝါ ပို၍ကောင်းပါသနည်း။ တာဘိုချာဂျာ၏ စွမ်းအားကြောင့် အင်ဂျင်အတွင်းသို့ လေထုထည်ပမာဏများများ ဝင်ရောက်စေသည်။ တာဘိုချာဂျာက တွန်းပို့ပေး၍ အင်ဂျင်အတွင်းသို့ လေများများဝင်သည်။ တာဘိုချာဂျာသည် စင်စစ် လေများမှုတ်သွင်းပေးသော Blower ဖြစ်သည်။ အင်ဂျင်တစ်လုံး၏ ထုတ်လုပ်ပေးနိုင်သော ပါဝါစွမ်းအားသည် လေနှင့် လောင်စာဆီ အရောအနှော(Air Fuel Mixture) ပမာဏအပေါ်တွင် မူတည်သည်။ အရောအနှောပမာဏများများဝင်လေ၊ အင်ဂျင်ပေါက်ကွဲအားကောင်းလေဖြစ်ပြီး ပါဝါတက်လာခြင်းဖြစ်သည်။

သာမန်အားဖြင့် အင်ဂျင်လေအဝင်ဗားများ (Intake Valve) ပွင့်ချိန်တွင် ဝင်ရောက်လာသောလေများသည် လေထုဖိအားကြောင့်သာ ဝင်နိုင်ခြင်းဖြစ်သည်။ လေထုဖိအားသည် ကမ္ဘာ့မြေမျက်နှာပြင် အနိမ့်အမြင့်အပေါ်တွင် မူတည်၍ ပြောင်းလဲသည်။ တောင်ပေါ်ဒေသများရှိ လေဖိအားသည် မြေပြန့်ဒေသထက် လေထုဖိအား ပို၍ လျော့နည်းသည်။  အင်ဂျင်တစ်လုံး လည်ပတ်နေစဉ် ဝင်ရောက်နေသော လေထုထည်ပမာဏ များများတိုးလာစေရန် တာဘိုချာဂျာက ကူညီ၍ တွန်းပို့ပေးသည်။ လေကို Blower ဖြင့် မှုတ်သွင်းပေးသည်။ လေများများဝင်လေ အောက်ဆီဂျင်များများ ရရှိ၍ အင်ဂျင်ပေါက်ကွဲအား ပိုလာခြင်းဖြစ်သည်။

ပန်းပဲလုပ်ငန်းတွင် ပန်းပဲဖို မီးအားကောင်းစေရန် ဖားဖိုဆွဲပေးရသည်။ လျှပ်စစ်မိုတာအားနှင့် လည်ပတ်သော Blower ဖြင့်လည်း ပန်းပဲမီးဖိုကို လေမှုတ်ပေးရသည်။ လေများများရ၍ မီးအရှိန်တက်လာပြီး ပန်းပဲလုပ်ငန်းများ မြန်မြန်လုပ်နိုင်သည်။ အင်ဂျင်တစ်လုံး ပါဝါစွမ်းအားကောင်းလာစေရန် တာဘိုချာဂျာကဲ့သို့ စွမ်းဆောင်ပေးသော အခြားကိရိယာတစ်မျိုးမှာ စူပါချာဂျာပင်ဖြစ်သည်။ စူပါချာဂျာပါသော အင်ဂျင်များသည် တာဘိုအင်ဂျင်ကဲ့သို့ ပါဝါစွမ်းအားပိုကောင်းကြသည်။ စူပါချာဂျာသည်လည်း Blower တစ်မျိုးသာ ဖြစ်သည်။

တာဘိုချာဂျာနှင့် စူပါချာဂျာသည် သဘောသဘာဝတူသော Blower များသာဖြစ်သည်။ လုပ်ဆောင်ချက်မှာ အင်ဂျင်အတွင်းသို့ လေထုထည်များများဝင်ရောက်နိုင်စေရန် တွန်းပို့ပေးသော Blower များသာ ဖြစ်သည်။ သို့သော်လည်း တာဘိုချာဂျာနှင့် စူပါချာဂျာ (Supercharger) မတူညီသောအချက်မှာ တာဘိုချာဂျာကို အင်ဂျင်အိပ်ဇောဓာတ်ငွေ့ တွန်းကန်အားဖြင့် မောင်းပေးခြင်းဖြစ်ပြီး စူပါချာဂျာကိုမူ Mechanical နည်းလမ်းဖြင့်သော်လည်းကောင်း၊ လျှပ်စစ်မိုတာအားဖြင့် သော်လည်းကောင်း လည်ပတ်စေခြင်း ဖြစ်သည်။

စူပါချာဂျာတွင် ပိုကောင်းသော အားသာချက်များ ရှိပါသလား။ တာဘိုချာဂျာနှင့် နှိုင်းယှဉ်ပါက မည်သည့်အမျိုးအစားက ပိုကောင်းပါသနည်း။ ဤမေးခွန်းများကို ကားဆရာတို့ စိတ်ဝင်စားကြပါမည်။ စူပါချာဂျာ၏ အခြေခံ အားသာချက်မှာ Throttle Response ခေါ် လီဗာနင်းလိုက်လျှင် တုံ့ပြန်မှု ချက်ချင်းဖြစ်ပေါ်ခြင်းဖြစ်သည်။ တာဘိုချာဂျာတွင် ထိုကဲ့သို့ ချက်ချင်းတုံ့ပြန်နိုင်စွမ်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် အင်ဂျင် အိပ်ဇောဓာတ်ငွေ့ တွန်းကန်အားကြောင့်သာ လည်ပတ်မှုအရှိန်တက်လာခြင်း ဖြစ်သည်။

တာဘိုချာဂျာသည် အင်ဂျင်အနှေးလည်ပတ်နေစဉ်တွင် ထိရောက်သော စွမ်းဆောင်မှုမရှိပါ။ စူပါချာဂျာမှာ အင်ဂျင် အနှေးလည်ချိန်တွင်လည်း စွမ်းဆောင်မှုကောင်းနေပါသည်။ ထို့ကြောင့် စူပါချာဂျာအင်ဂျင်များသည် နောက်ကျခြင်းမရှိဘဲ အင်ဂျင်ပါဝါစွမ်းအားကောင်းပြီး အင်ဂျင်ရုန်းအား (Torque) မှာလည်း အလွန်အမင်း အားကောင်းခြင်း ဖြစ်သည်။ ပြိုင်ကားများနှင့် အင်ဂျင်ပါဝါစွမ်းအားမြင့်မားသော Super Car များတွင် စူပါချာဂျာ တပ်ဆင်အသုံးပြုသည်။ စူပါချာဂျာတပ်ထားသော အင်ဂျင်များသည် သာမန်အင်ဂျင်များထက် ပါဝါ စွမ်းအား ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်စေနိုင်သည်။ အင်ဂျင်အဝင် လေဖိအားကို လေထုဖိအားထက် 3 psi မှ 12 psi အထိ မြင့်တက်သွားစေရန် စူပါချာဂျာများက လုပ်ဆောင်ပေးနိုင်သည်။ ကုန်ကျစရိတ်များမှာလည်း တာဘိုချာဂျာထက် စူပါချာဂျာများက ပို၍ သက်သာသည်။

တာဘိုချာဂျာများသည် အိပ်ဇောဓာတ်ငွေ့ တွန်းကန်အားဖြင့် လည်ပတ်သောအခါ လည်ပတ်နှုန်း ၁ဝဝ,ဝဝဝ Rpm အထိ မြင့်မားပြီး ဆူညံသံ၊ လေချွန်သံများ စူးရှစွာ ထွက်ပေါ်နေခြင်းမှာလည်း လူအများ မနှစ်သက်သော အချက်ဖြစ်သည်။ တာဘိုချာဂျာတွင် တပ်ဆင်ထားသော Blower အထိုင် Ball Bearing များသည် အလွန်မြင့်မားသော အပူချိန်တွင် လည်ပတ်နေရသဖြင့် သက်တမ်းကြာရှည်မခံနိုင်ပါ။ စူပါချာဂျာများမှာ လည်ပတ်နှုန်း 15000 Rpm သာရှိပြီး Ball Bearing များ ပျက်စီးပွန်းစားမှုနည်းပါးပြီး ကြာရှည်ခံနိုင်သည်။ စူပါချာဂျာများသည် အပူချိန်နိမ့်သောအခြေအနေတွင် လည်ပတ်ရသဖြင့် တာဘိုချာဂျာများထက် ပိုကောင်းခြင်းဖြစ်သည်။

တာဘိုချာဂျာ အင်ဂျင်များသည် စူပါချာဂျာအင်ဂျင်လောက် တုံ့ပြန်မှု လျင်မြန်ခြင်းမရှိပါ။ တာဘိုချာဂျာ အင်ဂျင်များ အင်ဂျင်စွမ်းအားမြင့်တက်ခြင်း နောက်ကျစေသောအချက်များသည် အောက်ပါအကြောင်းတရားများအပေါ်တွင် မူတည်နေသည်။

တာဘို Blower ၏ အရွယ်အစား၊ Intercooler ၏ အရွယ်အစား၊ တာဘို Impeller နှင့် တာဘိုင် Wheel များ၏ အင်နားရှား(Interia) ၊ အင်ဂျင်၏ အိပ်ဇောစနစ်၊ ဂီယာဘောက်စ်အမျိုးအစား၊ ဝန်အား(Load) စသော အချက်များဖြစ်သည်။ တာဘို  Impeller ၏ လေတွန်းပို့နိုင်သော လည်ပတ်နှုန်း(Rpm) ပမာဏ သောင်းဂဏန်း လိုအပ်သည်။

တာဘိုချာဂျာကို လူကြိုက်နည်းစေသော အားနည်းချက်မှာ အိပ်ဇောဓာတ်ငွေ့ တွန်းကန်အား နှင့် Blower ကို လည်ပတ်စေသောကြောင့် အိပ်ဇောဓာတ်ငွေ့ အပူများကို တိုက်ရိုက်ခံစားရသည်။ ယင်းအပူများသည် တာဘို Blower များမှ သွင်းယူသောလေများကို အပူချိန်မြင့်တက်စေသည်။ ထိုအပူများကို လျှော့ချရန် Intercooler သုံးရပြန်သည်။ ထို့ပြင် တာဘိုချာဂျာ အစိတ်အပိုင်းများဖြစ်သော ဝင်ရိုးနှင့် Ball Bearing များကို အပူလွန်ခြင်းမှ ကာကွယ်ရန် အင်ဂျင်ဝိုင်များ Supply လုပ်ပေးရသည်။ အပူကြောင့် တာဘိုချာဂျာ၏သက်တမ်းကို တိုတောင်းစေသည်။

စူပါချာဂျာများကို ပထမကမ္ဘာစစ်မတိုင်မီကပင် သုံးခဲ့ကြသည်။ ကျောက်မီးသွေးမိုင်းတွင်း၌ လေဝင်၊ လေထွက် ကောင်းစေရန် Root Blower များ အသုံးပြုခဲ့သည်။ ဓာတ်ငွေ့သွင်း လေသဘေင်ာ္ကြီးများ ပျံသန်းရာတွင် လေယာဉ်အင်ဂျင်ဝါဝါ စွမ်းအားကောင်းစေရန် စူပါချာဂျာများ အသုံးချခဲ့သည်။ မြေမျက်နှာပြင် အမြင့် (High Attitude) တွင် လေထုဖိအား ကျဆင်းသည်မှာ သဘာဝဖြစ်သည်။ လေဖိအားကျသွားသဖြင့် အင်ဂျင်အတွင်း Intake Valve မှ ဝင်သော လေပမာဏ မှာ ကျဆင်းသည်။ ထိုအားနည်းချက်ကို စူပါချာဂျာသုံး၍ ဖြေရှင်းခဲ့သည်။ စူပါချာဂျာ၏ပံ့ပိုးမှုကြောင့် လေယာဉ်အင်ဂျင်များ ပါဝါစွမ်းအားတိုးတက်လာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် General Motor မှ ဒီဇယ်အင်ဂျင်များ၌ စူပါချာဂျာများ စတင်အသုံးပြုခဲ့သည်။ Roots Type စူပါချာဂျာ Blower များကို ဝန်ချီစက် ဒီဇယ်အင်ဂျင်များတွင် အသုံးပြုခဲ့သည်။

Supercharger အမျိုးအစား နှစ်မျိုးရှိသည်။ Root Type Blower များမှာ အသုံးများသော အမျိုးအစားဖြစ်သည်။ Root Type Blower ကို Positive Displacement Pump ဟုလည်း ခေါ်ဆိုကြသည်။ ရှည်လျားသော Blower Casing နှင့် ရှည်လျားသော Rotor များ ဖွဲ့စည်းတည်ဆောက်ထားသည်။ Rotor တွင် Lobe နှစ်ခု၊ သို့မဟုတ် သုံးခု ပါဝင်သည်။ Ford နှင့် General Motor ကားများတွင် စူပါချာဂျာများကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ စူပါချာဂျာ နောက်တစ်မျိုးမှာ Centrifugal Blower အမျိုးအစား စူပါချာဂျာ ဖြစ်သည်။ Centrifugal တွင် ပါသော Impeller ဒလက်များ လျင်မြန်စွာ လည်ပတ်ပါက အင်ဂျင်အတွင်းသို့ လေများဖိအားမြင့်မြင့်မှုတ်သွင်းပေးနိုင်သည်။ တာဘိုချာဂျာထက် ပိုအေးသောလေများကို လျင်မြန်စွာမှုတ်သွင်းပေးနိုင် ပြီး တာဘိုချာဂျာထက် တုံ့ပြန်မှု ပိုမိုမြန်ဆန်သည်။ ယနေ့ခေတ်တွင် Centrifugal အမျိုးအစား Supercharger များကို Ford ကားများ၊ Chevrolet ကားများ တွင် တပ်ဆင်အသုံးပြုထားသည်။

စူပါချာဂျာသုံးအင်ဂျင်များသည် သာမန်အင်ဂျင်များထက် ပါဝါစွမ်းအား ပိုမိုထုတ်လုပ်နိုင်သဖြင့် ပြိုင်ကားများ၊ အင်ဂျင်ပါဝါများများ လိုအပ်သော ထရပ်ကားကြီးများ၊ ဘတ်စ်ကားကြီးများ၊ Heavy-Duty Diesel Engine များ၊ ယန္တရားကြီးများ၊ မီးစက် Generator ကြီးများ၊ ရေကြောင်းသုံး ဒီဇယ်အင်ဂျင်ကြီးများတွင် ကျယ်ပြန့်စွာ သုံးစွဲလျက်ရှိသည်။

မင်းသစ်ထူး (စက်မှု-နည်းပညာ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here