အင်ဂျင်တစ်လုံး လဲသင့်၊ မလဲသင့်

176

 

ဝပ်ရှော့၊ သို့မဟုတ် ကားစက်မှုပိုင်းနှင့် ပတ်သက်သူများအနေဖြင့် အင်ဂျင်နောက်တစ်လုံး လဲလှယ်တပ်ဆင်သည့်အလုပ်ကို ကားပိုင်ရှင်များ၏ခွင့်ပြုသဘောတူညီမှုရယူပြီး လဲလှယ်တပ်ဆင်ပေးရသည်ကို အတွေ့အကြုံ ရှိကြသူများသည်။ ပိုင်ရှင်များကလည်း အင်ဂျင်ကိုဖွင့်ရမည်ဆိုလျှင် များစွာတုန်လှုပ်ကြရသည်က ငွေကုန်ကြေးကျများပြီး အချိန်ပေးရသောကြောင့် ဖြစ်သည်။

မြန်မာပြည်တွင် အင်ဂျင်အသစ်စက်စက် လုံးဝဥသုံတူသော အင် ဂျင်တစ်လုံးရရန် ခက်ခဲသည့်အလျောက် မိမိကားပေါ်သို့ အင်ဂျင်တစ်လုံးပြောင်းတင်ရမည်ဆိုပါက ပြည်ပမှတင်သွင်းလာသည့် ပစ္စည်းအဟောင်းထဲမှ ရွေးချယ်တပ်ဆင်ရခြင်းသာ များသည်။ အင်ဂျင် အသစ်စက်စက်တစ်လုံး မရရှိနိုင်သည်တော့မဟုတ်။ လွန်စွာအလုပ်ရှုပ် အချိန်ကြာမည့်အပြင် အသစ်စက်စက် အင်ဂျင်တစ်လုံး၏ စျေးနှုန်းသည် ကားစျေးနှုန်းထက်ဝက်ဝန်းကျင် ကျသင့်မည်ဖြစ်သဖြင့် မည်သူမျှ စိတ်မဝင်စားကြတော့ပေ။ ထို့ပြင် အင်ဂျင်အဟောင်း ရောင်းသူများမှလည်း သူတို့ရောင်းလိုက်သော အင်ဂျင်ကို ရောင်းချလိုက်သည့်ရက်မှ ၁၅ ရက်မှ တစ်လအထိ အာမခံပေးရောင်းချလေ့ရှိရာ ဝယ်ယူသူတို့ အကြိုက်ပင် ဖြစ်နေသည်။ နောက်တစ်လုံး ပြောင်းတင်လိုက်သည့်အင်ဂျင်သည် အကယ်၍မကောင်း (မအောင်) မီးခိုးထွက်အင်ဂျင်ဝိုင်စား၊ မလျော်ကန်သည့် အသံကြမ်းများ ထွက်ပေါ်ပါက နောက်အင်ဂျင်တစ်လုံး လဲလှယ်ပေးခြင်း၊ ငွေပြန်အမ်းပေးခြင်းများကို ရက်ရက်ရောရော ပြုလုပ်ပေးတတ်သည်။ အကယ်၍ မိုင်နာပတ်စ်များမအောင်ပါက ပြေလည်သည် အထိလည်း လဲလှယ်ပေးတတ်သေးသည်။ ထို့ကြောင့် အင်ဂျင်လဲလှယ်သည့်အလုပ်က ရေပန်းစားတွင်ကျယ်လှပြီး အင်ဂျင်ကို ကားပိုင်ရှင်မည်သူမျှ အလုပ်ရှုပ်ခံ ကိုင်မနေကြတော့ပေ။

သို့သော် မည်သည့်ကိစ္စတိုင်းတွင် အကောင်းနှင့် အဆိုးဆိုသည် ဒွန်တွဲနေတတ်သည်မျိုးဖြစ်လေရာ အင်ဂျင်တစ်လုံး ပြောင်းလဲတပ်ဆင်ရသည်မှာ ထိုနိယာမနှင့်ပင် အကျုံးဝင်သည်ဆိုရမည်။ ကားတစ်စီးပေါ်သို့ အင်ဂျင်တစ်လုံး ပြောင်းလဲမတပ်ဆင်မီ စဉ်းစားရမည့်အချက်မှာ ထို ပြောင်းလဲတပ်ဆင်မည့်အင်ဂျင်သည် စမ်းသပ်အာမခံပေးထားသည့် ရက်နောက်ပိုင်း မည်မျှကြာကြာ၊ ကီလိုမီတာ မည်မျှအထိ ဆက်လက် အသုံးပြုနိုင်ပါမည်နည်း ဆိုသည့်ကိစ္စပင်ဖြစ်သည်။ အကြောင်းမသိသည့် စက်ပစ္စည်းကို ခဏတာ စမ်းသပ်စစ်ဆေးပြီးရုံ၊ အောင်ရုံမျှနှင့် လုံလောက် စိတ်ချရပါပြီလား။

ကားတစ်စီး အင်ဂျင်ပျက်စီးနေသည်၊ သို့မဟုတ် သုံး၍မသင့်လျော် လောက်အောင် အခြေအနေဆိုးဖြင့် ကြုံနေပါပြီဆိုလျှင် အင်ဂျင်တစ်လုံး ပြောင်း၍တင်မည်လော၊ သို့မဟုတ် အင်ဂျင်အိုဗာဟော ကိုင်မည်လား ဆိုသည့်ဆုံးဖြတ်ချက်ကို ဤဆောင်းပါးက အထောက်အကူပေးမည်ဟု မျှော်လင့်ပါသည်။

ကားဟောင်းကြီး အပူလွန်ကဲမှုဖြစ်နေသည်မှာ အတော်ကြာ(နှစ်ချီ)ခဲ့ပါပြီ။ ကားနှင့်နီးစပ်သည့်နေရာသွားရာ လမ်းကြောင်းအနီးနားတွင်လည်း ဝပ်ရှော့ကမရှိသဖြင့် စိတ်ပျက်စွာနှင့် အိမ်အပြင်ဘက်တွင် ကားကို သော့ခတ်ပြီး ရပ်နားထားခဲ့လိုက်သည်။ ထိုသို့ လျစ်လျူရှုဖုန်အလိမ်းလိမ်းဖြင့် ပစ်ပယ်ထားသောကားများလည်း စာဖတ်သူတို့ ဟိုနားသည်နားတွင် တစ်စီးစ နှစ်စီးစ တွေ့ရှိဖူးပါလိမ့်မည်။ ဤကဲ့သို့ ခွေးဆွဲဆွဲ၊ ငှက်ချီချီ ကားများကို ပစ်ပယ်မှုလျစ်လျူရှုထားပြီး ကားပိုင်ရှင်က ကားနှင့်ပတ် သက်၍ ဘာဆက်လုပ်ရမည်ဆိုသည့်ကိစ္စများမှာ ချီတုံချတုံ ဖြစ်နေပေလိမ့်မည်။

(၁) မည်သို့ဆောင်ရွက်မည်ကို ရွေးချယ်ရမည့် နည်းလမ်းများမှာ ကားကို လက်ကိုင်မထားတော့ဘဲ လုံးဝစွန့်ပစ်ရန်ပင် ဖြစ်သည်။ ကားတွင် တပ်ဆင်ထားသည့်ပစ္စည်းများသည် နောင်တစ်ချိန်ချိန်တွင် အသုံးတည့်လေမည်လားဆိုသည့် အတွေးရှိသူ၊ ပစ္စည်းများကို အလွယ်လွင့်မပစ် တတ်သူများအတွက် ကားတစ်စီးလုံးကိုလွင့်ပစ်ရန်သည် မလွယ်ကူလှပေ။
(၂) ပွတ်သပ်ပြုပြင် အသုံးပြုတတ်သူများကို စျေးသက်သာစွာဖြင့် ရောင်းပေးလိုက်ခြင်းသည်လည်း ကားကိုစွန့်ပစ်မည့်အစား အခြားနည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်သေးသည်။ သက်သာသည့်စျေးနှုန်းဟုဆိုခြင်းက ယင်းကားကို မရမကပြုပြင်ပြီး အသုံးပြုနိုင်မည်ဟု ယုံကြည်၍ ဝယ်ယူသူဖြစ်သဖြင့် အသုံးချနိုင်ကောင်း အသုံးချနိုင်ပါစေတော့ဟု စေတနာ စျေးလျှော့ပေးလိုက်ခြင်းသာ ဖြစ်သည်။
(၃) အိပ်နေသောကားကို လှုပ်နှိုးဆွဲထူလိုက်ပါ။ တစ်နည်းဆိုရသော် ဇွတ်ဆွဲသာ မထူလိုက်ပါ။
(က) အင်ဂျင်တစ်လုံး ပြောင်းလဲတပ်ဆင်မှု၊ အင်ဂျင်တစ်လုံးပြောင်း တင်တပ်ဆင်အသုံးပြုခြင်းက ကံကောင်းလျှင် ငါးနှစ်မှ ၁၅ နှစ်အထိ ဆက်လက် အသုံးပြုနိုင်ခဲ့သည်များလည်း တွေ့ရှိခဲ့ရဖူးပါသည်။ ကံဆိုးသူများအနေဖြင့် အင်ဂျင်(စက္ကင်းဟင်း၊ တစ်ပတ်ရစ်၊ ပီနံကျ၊ ဂျပန်ကျ)ကို အာမခံဖြင့်ဝယ်ယူပြီး ကားတွင်တပ်ဆင်ရာ၊ မအောင် (အင်ဂျင်မအောင်)သဖြင့် အင်ဂျင်တစ်လုံးပြီး တစ်လုံး ချလိုက်၊ တင်လိုက်ရသည်များလည်း ရှိတတ်လေရာ အင်ဂျင်သုံးလုံး ပြောင်းလဲတင်ပြီး ဝပ်ရှော့လက်ခထောင်း သဖြင့် လုပ်ကိုင်ရင်းစိတ်ပျက်ကာ စိတ်ဖြတ်ရောင်းချလိုက်ရသည်လည်း ကြုံခဲ့ရဖူးပါသည်။ အချိန်များစွာ၊ လုပ်အားများစွာ ဆုံးရှုံးသွားရသည်။
(ခ) အင်ဂျင်ကို စက်ရုံသို့ပို့၍ စံချိန်စံညွန်းနှင့်အညီ ပြန်လည်မွမ်းမံ ရန်အသာထား၊ ပြည်ပနိုင်ငံ အလွတ်တန်းဝပ်ရှော့များတွင် အင်ဂျင်ကိုင် (မေဂျာအိုဗာ၊ဟော၊ ပြန်လည်တည်ဆောက်ခြင်း -Rebuilt)ပြုလုပ်ခြင်း သည်လျှင် အင်ဂျင်၏ အစိတ်အပိုင်းများစွာကိုပြုပြင်ရခြင်း၊ ပစ္စည်း(အသစ်)အစားထိုးလဲလှယ်ရခြင်းများ ပါဝင်သည်။
အသစ်လဲလှယ်ရာတွင် အဓိက လဲလှယ်ရတတ်သည့်ပစ္စည်းများမှာ ဂတ်စကတ်၊ ပစ္စတင်နှင့် ရိန်း၊ စလစ်(လိုင်နာလဲ၊ ဘိုးရိန်း)၊ ဗားနှင့် ဗား ဂိုက်၊ ကရိုင်းသနှင့် ဘယ်ရင်လဲ၊ တိုင်မင်ကြိုးနှင့် တင်ရှင်နာ စသည်ဖြင့် များစွာသော အစိတ်အပိုင်းများပါဝင်လေရာ အရည်အသွေးပြည့်ဝစံချိန် စံညွန်းနှင့်ညီသော အော်ရီဂျင်နယ်(Genuine)များ အားလုံးဖြစ်နေရန်၊ ရရှိနိုင်ရန်သည် ယခုအချိန်အခါအထိ မြန်မာပြည်အနေဖြင့် မဖြစ်နိုင်သေးပါ ဟု နှစ်ခြောက်ဆယ်အတွေ့အကြုံရှိ မက္ကင်းနစ်တစ်ယောက်အနေဖြင့် ရဲရဲပြောနိုင်ပါသည်။

ဥပမာအားဖြင့် ဂျပန်ကားတစ်စီး၏ အင်ဂျင်အစိတ်အပိုင်းများကို အသစ်လဲရန် ဂျပန်ပြည်တွင် လူခံရှိလျှင်ပင် ကုန်ကျမည့်ပစ္စည်းတန်ဖိုး၊ သယ်ယူစရိတ်၊ ကြာမြင့်မည့်အချိန်သည် အဆမတန်ပေးရမည်မှာ အင်ဂျင်တစ်လုံးတန်ဖိုးမက ကုန်ကျပေလိမ့်မည်။ ထို့ပြင် မှာလိုက်သော ပစ္စည်းများ မတူညီ တပ်ဆင်မရလောက်အောင်အထိ မှားယွင်းစွာပို့မိပါက အင်ဂျင်ကိုင်ခြင်းကိစ္စကို များစွာ နောင်တရပါလိမ့်မည်။ ထို့ကြောင့်ပင် ပစ္စည်းထုတ်လုပ်သော ကြားကုမ္ပဏီ၊ ကြားနိုင်ငံများမှ မြန်မာပြည်တွင် လိုအပ်နေသော (ဟော့နေသော)ကားစပယ်ယာပတ်စ် ပစ္စည်းများကို ပျော်ရွင်စွာ ထုတ်လုပ် ထိုးဖောက်အချဉ်ဖောက်ကာ ထင်တိုင်းကြဲ ရောင်းဝယ်နေကြ၊ စီးပွားဖြစ်နေကြပါသည်ဟုပြောလျှင် လွန်အံ့မထင်။ ဝမ်းနည်း စရာကောင်းလောက်အောင်အဖြစ် မျိုးညံ့သည့်ပစ္စည်း (အမျိုးကောင်းသည့် ပစ္စည်းရှာမရသည့်အဆုံး) ဝယ်ယူတပ်ဆင်ခဲ့ဖူးပါသည်။ ထိုပစ္စည်းမှာ ဘောဂျွိုင်းဖြစ်သည်။ သည်ပစ္စည်း မည်မျှလောက်အရေးကြီးပါသနည်း ဆိုသည်ကို တစ်ဖက်ဖက်သို့ ခေါင်းငိုက်စိုက်စောင်း၍၊၊ရွေ့မရ၊ တွန်းမရ ကားလမ်းမကျယ်ကြီးများတွင် ကိုးလိုးကန်လန့်ရပ်ထားရသော ကားများ ကိုမြင်ဖူးသူတိုင်း ကားပစ္စည်းတစ်ခု မည်မျှအရေးပါကြောင်း သိသာပါသည်။ ကားပစ္စည်းများ မည်မျှအထိအညံ့ဆုံး ကြုံတွေ့ခဲ့သည်ကို အလျဉ်း သင့်၍ ပြောပြလိုပါသည်။ ပစ္စည်းအညံ့ကို မသုံးသင့်သည့်အကြောင်း ပြောပြလိုခြင်းဖြစ်ပါသည်။ ဝယ်လာသည့် ပစ္စည်းတပ်ဆင်အပြီး ဘီးနတ် များ မကျပ်ရသေးမီ ဂျိုက်ချရုံဖြင့် ပူပူနွေးနွေးတပ်ဆင်ထားသော ဘောဂျွိုင်းအထိုင်ပြား ကျိုးသွားသည်အထိ ဖြစ်ဖူးခဲ့ပါသည်။ ပြင်ဆင်ပြီးလျှင် ထိုကားလောက်ကိုင်သို့ တက်မည့်ကားဖြစ်သဖြင့် ပစ္စည်းအညံ့များအတွက် များစွာ ဝမ်းနည်းစိတ်ဆင်းရဲခဲ့ရဖူးပါသည်။

အပြတ်ဆုံး၊ အရှင်းဆုံးပြောရလျှင် အင်ဂျင်အိုဗာဟောပြုလုပ်၍ အသုံးပြုနိုင်ပါလျှင်လည်း ကားအသစ်ထုတ်လုပ်စဉ်ကပါရှိသော အော်ရီဂျင်နယ် အင်ဂျင်လောက်ကြာရှည်စွာ (သက်တမ်းပြည့်)အသုံးမခံခြင်း ပင်ဖြစ်သည်။

သို့သော် လဲလှယ်အသုံးပြုရန်ရရှိသည့် ပစ္စည်းများအပေါ်မူတည်၍ သက်တမ်းအတိုအရှည်တော့ အသုံးပြုရကြပါသည်။ အင်ဂျင်ကိုင်အပြီး အင်ဂျင်တစ်လုံး၏ သက်တမ်းသည် ပစ္စည်းကောင်းရရှိရန်လိုအပ်သလို တည်ဆောက်ပြုပြင်မွမ်းမံသူများ၏ ပညာ၊ သမ္ဘာ၊ လက်ရာပေါ်တွင်လည်း မူတည်သည်ကို တွက်ဆနိုင်ပါသေးသည်။ မည်သည့်ရွေးချယ်မှုအတွက်မဆို အဆိုး၊ အကောင်းသိသာစေရန် ၃(က)နှင့်(ခ)ကို သေချာသိရှိ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ကားပိုင်ရှင်တစ်ဦး၊ သို့မဟုတ် ကားနှင့် ပတ်သက်သူတစ်ဦးအနေဖြင့် အင်ဂျင်အိုဗာဟောပြုလုပ်သည့် ကားပြင်ဌာနက အတွေ့အကြုံ ပြတ်ပြတ် သားသား(Significant Experience) ရှိသည့်နေရာ(ဆိုင်)ကိုလည်း ရွေးချယ် အပ်ရန် လိုအပ်ပါသည်။ ကိုယ်ရှေ့တွင် ကိုယ့်ကားနည်းတူ ပြသနာတက်သောကားကို မည်သူ မည်သည့်အလုပ်ရုံက ပြေလည်စွာ ဖြေရှင်းပေးလိုက်သည်ဆိုသည်ကိုလည်း မျက်စိဖွင့်၊ နားစွင့်ထားသင့်လှသည်။

၃(က)သည် အင်ဂျင်အစားထိုး ရွေးချယ်မှုနှစ်မျိုးမှ တစ်ခုတည်းသော ရွေးချယ်ရမည့်လမ်းဖြစ်သည်။ အထူးသဖြင့် ယင်းကား အသစ်စက်စက် အချိန်အခါက ရှိခဲ့သည့်အရည်အသွေးကို မှတ်သားထားခဲ့ဖို့ လိုအပ်ပါမည်။ ကားအို၊ ကားဟောင်းများ၏အင်ဂျင်ကို ဆက်လက်၍ ပြန်လည်အသုံးပြုရန်အတွက် အားစိုက်ထည့်ရမှု၊ ပေးရမည့်အချိန်နှင့် ကုန်ကျမည့်ငွေကြေး ပမာဏကို တွက်ချက်လိုက်ပါက မည်သို့မျှ မထိုက်တန်သည်ကို တွေ့ရှိရပေလိမ့်မည်။ အကြံပေးလိုသည်မှာ ထိုသို့အင်ဂျင်ကို အစအဆုံး မေဂျာအို ဗာဟောပြုလုပ်မည့်အစား၊ အာမခံပေးသော တစ်ပတ်ရစ်အင်ဂျင်ကောင်း ကောင်းတစ်လုံး ပြောင်းလဲတပ်ဆင်ကာ ကားကို ဆက်လက်အသုံးပြုခြင်းက ပိုမိုလုပ်သင့်ပေလိမ့်မည်။

မည်သို့ဆိုစေ၊ ငါးနှစ်တာအသုံးပြုပြီးသောကားမှ အင်ဂျင်တစ်လုံး သည် စျေးသက်သာသည်မှန်သော်လည်း ဆက်လက်၍ လုံးဝဥသုံ စိတ်ချရသည့် အရည်အသွေးတော့ မဟုတ်နိုင်ပေ။ သိမ်ဖျင်းသော၊ ညံ့သော၊ အားနည်းချက်များစွာ ပါဝင်နေမည်မှာလည်း သေချာလှသည်။ အဆိုးဆုံးမှာ အင်ဂျင်နိုးနေ၊ လှည့်လည်နေစဉ် ရုတ်တရက် ရပ်သွား၊ ဖမ်းသွားသောပစ္စည်းစု အစိတ်အပိုင်းများလည်း ပါရှိနိုင်ခြင်းပင်ဖြစ်သည်။ နောက်တင်လိုက်သောအင်ဂျင်ကို အင်ဂျင်တင်အပြီး အစပိုင်းတွင် ယခင် ရှိရင်းစွဲ အင်ဂျင် ကောင်းနေစဉ်လောက်က ခိုင်းသလောက် (ဝန်တင်မှု စသည်များ)တော့ မခိုင်းသင့်သေးပေ။ အကြောင်းမသိသေးခင် အလွန် အမင်း အသုံးမပြုမိရန် ဖြစ်သည်။

ထို့ပြင် ကားပြန်ရောင်းမည် ဆိုပြန်လျှင်လည်း စျေးမှာပြောပလောက်သောဂဏန်းအထိ တက်လိုက်လာမည် မဟုတ်ပေ။ အင်ဂျင်ပြောင်းတင် လိုက်မည့်၊ ခန့်မှန်းစုစုပေါင်းကုန်ကျငွေကိုအသုံးပြု၍ အသုံးပြုနေသည့်ကား ထက် သာသောကားကို စျေးအနည်းငယ်ပိုပေး၍ ဝယ်လိုက်ခြင်းက အချိန် နှင့် ငွေသုံးစွဲမှုနည်းလမ်း ပိုကျပေလိမ့်မည်။
ကားဟောင်းကျ ကားကို ပြုပြင်အသုံးပြုနေမည့်အစား ပိုမိုကောင်းမွန်သောကားကို အစားထိုး ဝယ်ယူအသုံးပြုသင့်သည်ကို ဆိုလိုရင်းဖြစ်သည်။ အပြတ်သားဆုံးဆိုရပါမူ ကားဟောင်းကိုရောင်းသင့်သည်၊ သို့မဟုတ် ကားသချိုင်းသို့သာ ပို့သင့်လှသည်။ အဘယ်ကြောင့်ဆိုသော် အပေါစား ကားဟောင်းတစ်စီးအဖြစ်သို့လည်း ရောက်ရှိနေပြီ တစ်ကြောင်း တည်းဖြင့်ပင် အင်ဂျင် အသစ်တစ်လုံးတင်လျှင်လည်း ပြုန်းတီးရာကျ တော့မည်။ အကြံပေးလိုသည်မှာ အင်ဂျင်ကျနေသော ကားတစ်စီးကို ရေကုန် ရေခန်း စီးနေ၊ အသုံးပြုနေမည့်အစား စီမံကိန်းတစ်ခုအနေဖြင့် အင်တာနက်တင်ပြီး အွန်လိုင်းရောင်းမည့်အကြံသည် အကောင်းဆုံးနှင့် စျေးကောင်း ရနိုင်သေးသည်ဟု ဆိုချင်သည်။
မြန်မာပြည်တွင်း ကားပိုင်ရှင်များအနေဖြင့် မိမိကားကို စွဲစီးမည်ဟု ဆုံးဖြတ်ထားပါက အင်ဂျင်ပြောင်းတင် သုံးရတော့မည့်အရေးနှင့် ကြုံတွေ့ရသော် မိမိပတ်ဝန်းကျင် လက်တစ်ကမ်းတွင် ဝယ်ရလွယ်ကူသော၊ တစ်နည်း ပစ္စည်းအဝင်များသောကား(ဂျပန်ကား)များကိုသာ ရွေးချယ်စီး သင့်ပါသည်ဟုပင် တိုက်တွန်းရပေမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here