အင်ဂျင်တစ်လုံးမှာ ကူးလန့်ဆင်ဆာ ဘာကြောင့်အရေးပါသလဲ

766

 

မင်းသစ်ထူး(စက်မှု-နည်းပညာ)
ခေတ်ပေါ်မော်တော်ကားများ၏ Engine Management System သည် ကွန်ပျူတာထိန်းချုပ်မှုဖြင့် အလုပ်လုပ်သည်။ ကာဗရိုက်တာစနစ်မှ EFI စနစ်သုံး လောင်စာပို့စနစ်ကို ပြောင်းလဲလာသော ယနေ့ခေတ်တွင် ကားတစ်စီး၏ ချွတ်ယွင်းအားနည်းချက်များကို စစ်ဆေးရှာဖွေသော နည်းလမ်းများလည်း ပြောင်းလဲလာခဲ့သည်။ PCM (Powertrain Control Module) သည် အာရုံခံဆင်ဆာမှရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ EFI အင်ဂျင်များကို ထိန်းချုပ်သည်။ PCM နှင့် ဆက်သွယ်ထားသော အာရုံခံဆင်ဆာများစွာရှိသည်။ ကားအင်ဂျင်တစ်လုံးတွင် အင်ဂျင်ဘလောက် အတွင်းပိုင်းနှင့် ဆလင်ဒါ Head များရှိ အပူများကို Coolant အအေးခံ ရည်များကစုပ်ယူ၍ ရေတိုင်ကီအတွင်း လေမှုတ်အအေးခံနည်းဖြင့် အပူချိန် ကျဆင်းသွားအောင် ဆောင်ရွက်ပေးသည်။ အင်ဂျင်လည်ပတ် အလုပ်လုပ်နေစဉ်တွင် ဖြစ်ပေါ်နေသော အင်ဂျင်အပူချိန်ကို Engine Coolant Sensor က ထောက်လှမ်း၍ PCM (Powertrain Control Module) သို့ ပေးပို့သည်။
အင်ဂျင်၏အပူချိန်သည် အေးနေသလား၊ နွေးနေသလား၊ ပုံမှန်အပူချိန် (Normal Operating Temperature) ကို ရောက်ပြီလား၊ Overheat ဖြစ်ပြီး ရေတိုင်ကီ ရေဆူနေသလား စသော သတင်းအချက်အလက် များသည် EFI စနစ်အင်ဂျင်တစ်လုံး ပုံမှန်လည်ပတ်နိုင်ရေး အတွက် အရေးကြီးသောအချက်များ ဖြစ်သည်။ အင်ဂျင် Coolant Sensor သည် PCM ထိန်းချုပ်သော အင်ဂျင်စက် ပုံမှန်အလုပ်လုပ်နိုင် ရေးအတွက် အခြားသော အာရုံခံဆင်ဆာများထက် ပို၍ အရေးကြီးသည်။ ထို့ကြောင့် Engine Coolant Sensor ကို အာရုံခံဆင်ဆာများအားလုံး၏Master Sensor ဟုလည်း ခေါ်သည်။
Coolant Temperature Sensor (CTS) ပုံမှန် အလုပ်လုပ်နေမှသာ ခေတ်ပေါ်ကားအင်ဂျင်များ၏ စွမ်းဆောင်ရည် အမြင့်ဆုံးရရှိမည်။ CTS မှရရှိသော သတင်းအချက်အလက်များ မှားယွင်းနေပါက PCM မှ ညွန် ကြားသော ဆီပမာဏ၊ မီးတိုင်မင်များ မှားယွင်းနေပြီး အင်ဂျင်လည်ပတ်မှုများ မူမမှန်ဖြစ်နေမည်။ အင်ဂျင်အအေးခံစနစ်တွင် ရေတိုင်ကီ လေဆွဲ ပေးသော ပန်ကာသည် လျှပ်စစ်ပန်ကာဖြစ်သည်။ ထိုပန်ကာသည် တစ် ဆက်တည်းအမြဲ လည်ပတ်နေသော ပန်ကာမဟုတ်ပါ။ ရပ်လိုက်နားလိုက် ပြန်လည်လိုက် ပုံစံမျိုးဖြင့် လည်ပတ်သည်။ ရေတိုင်ကီထဲမှ အအေးခံရည် မပူမခြင်း ပန်ကာ မလည်သေးပါ။ ပူမှ လည်သည်။ အေးသွားလျှင် ပြန်ရပ်သည်။ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် Coolant Temperature Sensor က အအေးခံရည်၏ အပူချိန် အတက်အကျကို အာရုံခံ ထောက် လှမ်းပြီး PCM သို့ သတင်းပို့ပေးနေရသည်။
အအေးခံရည် အာရုံခံဆင်ဆာ(CTS)သည် ချွတ်ယွင်းပျက်စီး၍ မှန်ကန်သော သတင်းအချက်အလက်ကို မထောက်လှမ်းနိုင်ပါက ပန်ကာ လေဆွဲပေးသော ရေတိုင်ကီ ရေဆူနိုင်သည်။ အင်ဂျင် Overheat ဖြစ်နိုင်သည်။ CTS မကောင်း၍ အင်ဂျင်အပူလွန်ကဲမှု(Over Heat)ဖြစ်လျှင် ဂတ်စ်ကတ် ပြတ်ခြင်း၊ ဆလင်ဒါ Head ပျက်စီးခြင်း စသော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သဖြင့် CTS ယူနစ်၏အလုပ်သည် အလွန်အရေးကြီး သောကဏမှ ပါဝင်နေသည်။ အင်ဂျင်အပူလွန်ကဲမှုဖြစ်ခြင်းသည် အင်ဂျင် ပျက်စီးစေခြင်းအစ ဖြစ်သည်။ ထို့ကြောင့် အချို့သော ကားများတွင် Electric Cooling Fan ဆားကစ်အတွက် Coolant Sensor ကို သီးခြားခွဲထားသည်။ Fan Switch on/off လုပ်နိုင်ရန်အတွက် သီးသန့် Coolant Sensor နှင့် သီးသန့် Fan Circuit ထားရှိသည်။
Coolant Sensor သည် Injector များမှ ရောစပ်ပေးသော လေနှင့် လောင်စာဆီ အချိုးအစား၊ မီးတိုင်မင် စောခြင်း/နောက်ကျခြင်း၊ စက် နှေးလည် Speed(Idle Speed) တည်ငြိမ်စေခြင်း၊ အကောင်းဆုံး Emission ထုတ်လွတ်မှုကို ရရှိစေခြင်း စသော အင်ဂျင်စွမ်းဆောင်မှု အ ကောင်းဆုံးအခြေအနေ ဖြစ်ပေါ်လာစေရေးအတွက် အဓိကကျသော အာရုံခံဆင်ဆာ ဖြစ်သည်။

Coolant Sensor အမျိုးအစား
အပူချိန်တိုင်းတာသော အာရုံခံဆင်ဆာများ သည် Thermistor အမျိုးအစားဖြစ်သည်။ အပူကြောင့် အာရုံခံဆင်ဆာ၏ လျှပ်စစ်ခုခံအား(Resistance)ပြောင်းလဲမှု ဖြစ်ပေါ်ခြင်းကို Thermistor ဟု ခေါ်သည်။ NTC (Negative Temperature Coefficient) အမျိုးအစားဆင်ဆာသည် အပူချိန်မြင့်တက်လာပါက ၎င်း၏ ခုခံအား (Resistance)ပမာဏ လျော့ကျသွားခြင်း ဖြစ်သည်။ အင်ဂျင်စက်မနိုးမီ အေးနေသောအချိန်တွင် NTC ဆင်ဆာ အမျိုးအစားသည် ခုခံအား(Resistance)အမြင့်ဆုံးတွင် ရှိသည်။
Coolant Sensor သို့ ဝါယာနှစ်စ ဆက်သွယ်ထားသည်။ ထိုဝါယာ နှစ်စသည် PCM (Powertrain Control Module) မှ လာသော 5 Voltage ပမာဏရှိ ဝါယာကြိုးများ ဖြစ်သည်။ ဝါယာ နှစ်စသည် အဝင် တစ်စနှင့် အထွက်တစ်စ ဖြစ်သည်။ အပူချိန်ကိုမူတည်၍ ပြောင်းလဲနေသော NTC အမျိုးအစား Sensor ၏ ခုခံမှုအားများကြောင့် PCM သို့ ပြန် သွားသော ဝါယာတွင် ဗို့အားကျဆင်းမှု အမျိုးမျိုး ဖြစ်ပေါ်သည်။
အင်ဂျင်အပူချိန် တက်လာလျှင် NTC ဆင်ဆာ၏ ခုခံအားများ ကျဆင်းသွားပြီး Return ပြန်လာသော ဗို့အားသည် မြင့်တက်လာမည်။ NTC ဆင်ဆာ၏ ပြောင်းလဲနေသော ခုခံအားများနှင့်အတူ Return ပြန် လာသော ဝါယာ၏ဗို့အား အနည်းအများအပေါ် မူတည်၍ အင်ဂျင်အပူချိန် ပြောင်းလဲမှုကို နှိုင်းယှဉ်မှတ်သားခြင်း ဖြစ်သည်။ Coolant Sensor မှ ပြန်လည်သတင်းပို့သော Return ဝါယာစ၏ ဗို့အားအတက်အကျ Signal ကို PCM က လက်ခံပြီး အင်ဂျင်ထိန်းကျောင်းမှုများကို တွက်ချက်ညွန်ကြား သည်။ Return ဝါယာစမှလာသည့် ဗို့အားအတက်အကျကို အခြေခံ၍ ဒတ်ချ်ဘုတ်တွင် ယာဉ်မောင်းသူမြင်တွေ့နိုင်ရန် အင်ဂျင်၏အပူချိန်ကို ဖော်ပြ ထားသည်။
ခေတ်ဟောင်းကားများတွင် Coolant Sensor သည် ဝါယာကြိုး တစ်စကိုသာ သုံးသည်။ ခုခံမှုပြောင်းလဲနေခြင်းတို့သည် ပြောင်းပြန်အချိုး ကျနေသည်။ ထိုအချက်ကိုအခြေခံ၍ အင်ဂျင်အပူချိန်ကို ယာဉ်မောင်းသူ သိမြင်နိုင်ရန် တစ်ခုတည်းသောအတွက်သာ သုံးသည်။ အင်ဂျင်ထိန်းချုပ် မှု ကွန်ပျူတာစနစ်မပေါ်သေး၍ Coolant Sensor သည် အင်ဂျင်အပူချိန် ကို သိရှိရန်အတွက်သာ လိုအပ်သည်။ Coolant Sensor ယူနစ်ကို အချို့သော ကားများတွင် ဆလင်ဒါ Head ထဲ၌ တစ်လုံး၊ ရေတိုင်ကီ အအေးခံပန်ကာ အဖွင့်၊ အပိတ်အတွက် တစ်လုံး တပ်ဆင်လေ့ရှိသည်။ Coolant Sensor သည် ကွန်ပျူတာထိန်းချုပ်သော EFI စနစ်သုံး ကားများ၌ အဓိကကျသော အာရုံခံဆင်ဆာဖြစ်နေခြင်းကြောင့် Coolant Sensor ပျက်စီးချွတ်ယွင်းလျှင် ကြီးမားသောဆုံးရံှုးမှုများ ဖြစ်ရသည်။ အာရုံခံ ဆင်ဆာပျက်စီးသော ရှေ့ပြေးရောဂါလက္ခဏာများမှာ-
– ကားဆီစား များလာခြင်း၊
– အီမစ်ရှင်း Test စမ်းသပ်လျှင် မအောင်ခြင်း၊ အီမစ်ရှင်းထုတ်လွတ်မှု များနေခြင်း၊
– အင်ဂျင်အပူချိန် မြင့်တက်နေခြင်း တို့ဖြစ်သည်။
Coolant Sensor အပြစ်များကို OBO II Scan Tool ဖြင့် ရှာပါက ဖော်ပြနိုင်သော Trouble Codes နံပါတ်များမှာ-
– P 0115
– P 0116
– P 0117
– P 0118
– P 0119 တို့ဖြစ်သည်။

Voltage Check (ဗို့အား စစ်ဆေးခြင်း)
ဒစ်ဂျစ်တယ် ဗို့မီတာတစ်လုံး လိုပါသည်။ အင်ဂျင်အေးနေသော အခြေ အနေတွင် ဗို့မီတာတိုင်းပါက 3Volts ဝန်းကျင်တွင် ပြသနေမည်။ ကားစက်နှိုးပြီး တဖြည်းဖြည်းပူလာပါက ဗို့အားသည် ကျဆင်းလာပြီး 1.2 V မှ 0.5 V အထိ ငါးမိနစ်အတွင်းကျဆင်းပါက ကားအင်ဂျင်၏အပူချိန်သည် ပုံမှန် စက်လည်ပတ်သောအပူချိန်ကို ပြခြင်းဖြစ်သည်။
အကယ်၍ ဗို့အားသည် 5 Volts နီးပါးဖြစ်နေပါက Coolant Sensor သည် Open ဖြစ်ခြင်း၊ သို့မဟုတ် Earth လွတ်နေခြင်းကို ပြခြင်း ဖြစ်သည်။ အကယ်၍ ဗို့အားသည် Zero Volt နီးပါးဖြစ်နေပါက ဆင်ဆာ Shorted ဖြစ်နေခြင်းဖြစ်ကြောင်း ပြသသည့်လက္ခဏာ ဖြစ်သည်။ စမ်းသပ် စစ်ဆေး၍ Coolant Sensor မကောင်းပါက အသစ်တစ်လုံး အစားထိုး လဲလှယ်ရပါမည်။ ယနေ့ခေတ်ပေါ်ကားများ၏ အင်ဂျင် Coolant Sensor သည် အခြားဆင်ဆာများထက် အရေးကြီးသည်။ ဆင်ဆာမကောင်း ပါက ဆီစားများခြင်း၊ အင်ဂျင်အပူချိန် မြင့်တက်လွန်းခြင်း၊ အင်ဂျင် ရေဆူခြင်းစသော ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ သင့်ကားတွင် ထူးထူး ခြား ဆီစားနေပါက Coolant Sensor ကောင်း၊ မကောင်း စစ်ဆေးပါ။ ရေတိုင်ကီ ရေဆူသောအကြောင်းရင်းနှင့် Cooling Fan လည်ပတ်ချိန် နည်းနေသော အကြောင်းများတွင် Coolant Sensor မေကာင်းေသာ အချက်နှင့် ဆက်နွယ်ေနေြကာင်း သတိထားပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here