အင်ဂျင်စွမ်းအင် ကျဆင်းစေသော ဗားများ ပျက်စီးချွတ်ယွင်းခြင်း

1587

 

ကားအင်ဂျင်တစ်လုံး လည်ပတ်လှုပ်ရှားနိုင်ရန်အတွက် အင်ဂျင်ဗားများ၏ အဖွင့်/အပိတ် လုပ်ဆောင်မှုသည် အရေးကြီးသောအချက် ဖြစ်သည်။ အင်ဂျင်ဟတ်(Head) အတွင်း ဗားအတွဲများ(Valve Train) သည် ထုတ်လုပ်သူ ဒီဇိုင်းအလိုက် အမျိုးမျိုးကွဲပြားသည်။ 4-Stroke အင်ဂျင်တစ်လုံး တွင် Inlet Valve နှင့် Exhaust Valve များသည် တိကျမှန်ကန်သော အချိန်အတိုင်း အလုပ်လုပ်ရသည်။ ဗားများသည် မြင့်မားသော အပူချိန်အတွင်း လှုပ်ရှားရသဖြင့် ပျက်စီးနိုင်သည်။ ကြီးမားသောဖိအား၊ မြင့်မားသောအပူချိန်၌ အလုပ်လုပ်နေရသည့် အင်ဂျင်ဗားများသည် တစ်မိနစ်အတွင်း အကြိမ်ပေါင်း ၂,၅ဝဝ မှ သုံးထောင်ကျော်အထိ ဗားအဖွင့်/အပိတ် ဆောင်ရွက်ပေးရသည်။

ဗားများ ပျက်စီးချွတ်ယွင်းလျှင် အင်ဂျင်လုပ်ဆောင်ချက်များ ကျဆင်းလာပြီး စွမ်းဆောင်ရည်ကျဆင်းမည်၊ လောင်စာဆီစားနှုန်း မြင့်မားလာမည်။ ဗားများ ပွန်းစားပြီး ဗားမျက်နှာပြင် နှုတ်ခမ်းနှင့် ဗားအထိုင် (Valve Seal) တို့ လေမလုံတော့ဘဲ အင်ဂျင်ဖိသိပ်အား(Compression)ကျဆင်းလာမည်။ မြင့်မားလွန်းသော အပူချိန်ကြောင့် ဗားတံများ ရှည်ထွက်လာပြီး ဗားမလုံခြင်း၊ ဗားထောက်နေခြင်းများ ဖြစ်လာနိုင်သည်။ ဗားများ မီးလောင်ကျွမ်းခြင်း၊ ဗားတံ ကောက်သွားခြင်းနှင့် ဗားတံကျိုးပဲ့ခြင်းများ ဖြစ်လျှင် ပစ္စတင်များပါ ပျက်စီးပြီး နောက်ဆုံး အင်ဂျင်ချ၍ အကြီးစားပြင်ရသော အခြေအနေများသို့ ဆိုက်ရောက်သွားနိုင်သည်။

ဗားများ ပျက်စီးချွတ်ယွင်းခြင်းသည် အင်ဂျင်တစ်လုံးအတွက် ကြီးမားသော ပြဿနာဖြစ်သည်။ ဗားများပျက်စီးရသော အခြေခံအကြောင်းတရားများနှင့် Valve Train များ အလုပ်လုပ်ပုံကို ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ သိရှိထားလျှင် အင်ဂျင်တစ်လုံး သက်တမ်းရှည်ရန်နှင့် ထိန်းသိမ်းရာတွင် အထောက်အကူပြုနိုင်ပါသည်။

အင်ဂျင်ဆလင်ဒါတစ်လုံးရှိ ပစ္စတင် အတက်/အဆင်းနှင့် ဗားများ အဖွင့်/အပိတ်သည် တိုင်မင်(Timing) ကိုက် ဖြစ်ရသည်။ အင်ဂျင်တစ်လုံးတွင် Intake Valve နှင့် Exhaust Valve ဟူ၍ နှစ်မျိုးရှိသည်။ အင်ဂျင် ဒီဇိုင်းအပေါ်မူတည်၍ ဆလင်ဒါတစ်လုံးတွင် ဗားနှစ်ချောင်း၊ သုံးချောင်း၊ လေးချောင်း စသည်ဖြင့် အမျိုးမျိုးရှိသည်။ ဗားများ၏ တိုင်မင်ကိုက် အဖွင့်/အပိတ်ကို Valve Train က ဆောင်ရွက်ပေးသည်။ Valve Train တွင် Cam Shaft တစ်ချောင်း၊ သို့မဟုတ် နှစ်ချောင်းရှိသည်။ ကမ်ရှပ်တွင်ရှိသော ကမ်ဘုများကြောင့် ဗားများ ပွင့်သွားပြီး ဗားစပရင် တွန်းအားကြောင့် ဗားများ ပြန်ပိတ်သည်။

ကမ်ရှပ်ကို ကရိုင်းရှပ်၊ ဝင်ရိုးနှင့် ချိတ်ဆက်ထား၍ လည်ပတ်စေသည်။ အင်ဂျင်ကရိုင်း နှစ်ပတ်လည်မှ ကမ်ရှပ် တစ်ပတ်လည်သည်။ ကမ်ရှပ်လည်ပတ်စေရန် Timing Belt ကြိုး၊ ချိန်းကြိုးနှင့် ဂီယာသွား သုံးမျိုးထဲမှ တစ်နည်နည်းကို အသုံးပြုသည်။ ယနေ့ခေတ်ပေါ်ကားများတွင် Timing Belt ကြိုးနှင့် ချိန်းကြိုးကို အသုံးများသည်။ ချိန်းကြိုးဖြစ်စေ၊ Belt ကြိုးဖြစ်စေ အင်ဂျင်လည်ပတ်နေစဉ် ပြတ်ထွက်သွားပါက ဗားနှင့် ပစ္စတင်ထောက်မိပြီး ဗားတံကောက်သွားခြင်း၊ ကမ်ရှပ်ကျိုးခြင်း၊ Rocker မောင်းတံကျိုးခြင်းများ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် Timing Belt ကြိုးများကို သတ်မှတ်ကီလိုမီတာသုံးပြီး အချိန်မှန် လဲလှယ်ပေးသင့်သည်။

ဗားများ၏ အဓိကတာဝန်မှာ ပစ္စတင် အတက်/အဆင်း လေးကြိမ်လုပ်တိုင်း ဗားများကို အချိန်ကိုက် အဖွင့်/အပိတ် မှန်ကန်စွာ လုပ်ပေးခြင်းဖြစ်သည်။ ထို့ပြင် အဝင်/အထွက် ဗားနှစ်မျိုးစလုံးသည် လေလုံနေရမည် ဖြစ်ပြီး အင်ဂျင်ဖိအားကို ပံ့ပိုးပေးရမည်။ မြင့်မားသော အပူချိန်တွင် အလုပ်လုပ်နေရသော ဗားတံသည် အပူချိန်ကြောင့် ရှည်ထွက်လာပြီး ဗားလေလုံမှုကို ပျက်ပြားစေသည်။ ဗားတံရှည်ထွက်ပြီး မထောက်မိစေရန် ဗား ကြားလွတ် အကွာအဝေးကို ချိန်ညှိပေးရသည်။

အင်ဂျင်ဟတ်(Head) အတွင်း၌ ဗားများ အတက်/အဆင်း လှုပ်ရှားမှု ချော့မွေ့စေရန် အင်ဂျင်ဝိုင်ချောဆီပို့စနစ်မှ အင်ဂျင်ဝိုင်များသည် ကမ်ရှပ်နှင့် ဗားအထိရောက်သည်။ ဗားတံနှင့် ဗားဂိုက်(Valve Guide) ကြားမှ အင်ဂျင်ဝိုင်ချောဆီများ ယိုစိမ့်၍ ဗားတံမှတစ်ဆင့် အင်ဂျင်ဆလင်ဒါအတွင်း သို့ ရောက်မသွားစေရန် ဗားဆီးလ်က ကာကွယ်ပေးသည်။

ဗားတံနှင့် Cam Shaft တို့ကြားတွင် ဟနေသော အကွာအဝေးကို ဗားကြားလွတ်တန်ဖိုး(Valve Clearance) ဟု ခေါ်သည်။ ဗားတိုက်ပစ် ကလီးယားရင့်ဟုလည်း ခေါ်ကြသည်။ ဗားနှစ်မျိုးစလုံး ပိတ်နေစဉ်(အင်ဂျင် Compression Stroke) တွင် ဗားတံနှင့် Rocker Arm ကြား၌ လွတ်နေသော အကွာအဝေးကို ထားရှိပေးရသည်။ အဘယ်ကြောင့် ဗားကြားလွတ် တန်ဖိုးထားရသနည်း။ အင်ဂျင်မီးလောင်ပေါက်ကွဲ၍ ပူလာသောအခါ အင်ဂျင်ဘလောက်၊ အင်ဂျင်ဟတ် ဗားတိုင်နှင့် Push Rod (ပလွေရိုး ထိုးတံ) သည် အပူကြောင့် သတ္တုကျယ်ပြန့်ခြင်း ဖြစ်ပေါ်သည်။

သာမန်အေးနေသောအခြေအနေတွင် ဗားများပိတ်နေသော်လည်း အင်ဂျင်ပူလာသောအခါ သတ္တုများ ပွလာ၍ Push Rod နှင့် Rocker Arm တို့သည် ဗားကို အနည်းငယ်ပွင့်နေစေရန် တွန်းထားသလို ဖြစ်နေသည်။ ဤကဲ့သို့ ဖြစ်ပေါ်နေခြင်းကို ဗားထောက်သည်ဟု ခေါ်သည်။ ဗားထောက်နေပါက ဗားများ လေမလုံတော့ဘဲ အင်ဂျင်၏ စွမ်းရည်ကိုပါ ကျဆင်းစေသည်။ ထိုကဲ့သို့ ဗားထောက်ခြင်းမဖြစ်စေရန် ဗားကြားလွတ်တန်ဖိုး(Valve Clearance) ကို ချိန်ညှိပေးရသည်။ ဗားကြားလွတ်တန်ဖိုး ကို ဖီလာဂိတ်ဖြင့် တိုင်းသည်။ ထုတ်လုပ်သူညွှန်ကြားထားသော ကြားလွတ်တန်ဖိုးကို ချိန်ညှိပေးရသည်။

ဗားကြားလွတ်တန်ဖိုး မလုံလောက်ပါက ဗားထောက်နေပြီး ဖိအား နှင့် မီးလောင်အပူချိန်များ ဗားကြားထဲမှ ယိုစိမ့်ကာ ဗားကို အပူလွန်ကဲ လောင်ကျွမ်းစေနိုင်သည်။ ဗားကြားလွတ်တန်ဖိုး ချိန်ညှိရန် အင်ဂျင်အေးနေသောအချိန်တွင် ပြုလုပ်ရသည်။ အချို့သောအင်ဂျင်များတွင် ဗားကြားလွတ်တန်ဖိုးချိန်ညှိရန် Adjusting Shim ပြား အထူ/အပါးကို ပြောင်းလဲပေးစေခြင်းဖြင့် ဗားကြားလွတ်တန်ဖိုး ညှိပေးသည်။

အင်ဂျင် Overheat ဖြစ်၍ အပူလွန်ကဲလွန်းပါက ဗားများသည် အပူဒဏ်ကြောင့် ဗားတံ ကောက်သွားတတ်သည်။ ကောက်နေသော ဗားများသည် ကပ်နေတတ်သည်။ ချောဆီ အရောက်နည်းလျှင်လည်း ဗားကပ်နေတတ်သည်။ ကပ်နေသော ဗားများကြောင့် ဗားစပရင်နှင့် ဗားရီတိန်နာများ ပျက်စီးစေသည်။

အင်ဂျင်ဝိုင်ချောဆီ အနယ်အနှစ်များနှင့် အင်ဂျင်မီးလောင်ပေါက်ကွဲမှု မူမှန်သော အခြေအနေများကြောင့် ဗားတံနှင့် ဗားဟတ်အောက်ပိုင်း ခြေရင်းတွင် ကာဗွန်ချိုးများကပ်ငြိတွယ်ပြီး ဗားအဖွင့်/အပိတ်ကို လေမလုံ ဖြစ်စေသည်။ ဗားထောက်နေခြင်းနှင့် ဗားအထိုင်မကျခြင်းကြောင့် မီးလောင်အပူဓာတ်ငွေ့များ ရိုက်ခတ်ရာမှ ဗားများ အပူလွန်ကဲပြီး လောင်ကျွမ်းခြင်းသည် ဗားများ ပျက်စီးနိုင်သော အကြောင်းအရင်းတစ်ခု ဖြစ် သည်။

ဗားများသည် အင်ဂျင်ဟတ်တွင် တပ်ဆင် အထိုင်ချထားသဖြင့် အင်ဂျင်အအေးခံစနစ် ချွတ်ယွင်းအားနည်းပါက အင်ဂျင်ဟတ်မှ အပူများ စွန့်ထုတ်မှု အားနည်းပြီး အပူလွန်ကဲမည်။ အင်ဂျင်အပူလွန်ကဲ၍ ဗားများ ပျက်စီးနိုင်သည်။ ကောက်သွားနိုင်သည်။ အပူလွန်ကဲမှုဖြစ်၍ အင်ဂျင်ဟတ် ဂတ်စ်ကတ်ပျက်ပါက အင်ဂျင်ဟတ်အတွင်းရှိ ဗားများ၏ အခြေအနေကို ပါ စစ်ဆေးသင့်သည်။

ဗားကြားလွတ်တန်ဖိုးသည် ထုတ်လုပ်သူ ညွှန်ကြားထားသည့်အတိုင်း သာ ရှိသင့်သည်။ ကြားလွတ်တန်ဖိုး နည်းလွန်းလျှင် ဗားထောက်ပြီး ဗားများ လေမလုံ ဖြစ်နိုင်သည်။ ကြားလွတ်တန်ဖိုး များလွန်းလျှင်လည်း ဗား မျက်နှာပြင်များ ပွန်းစားပြီး ပျက်စီးစေသည်။ ကြားလွတ်တန်ဖိုးများခြင်းကြောင့် ဗားအတိုင်ပေါ်သို့ ပြင်းထန်သော ထုရိုက်မှုဒဏ် ကျရောက်သည်။ ထိုဒဏ်များကြောင့် ဗားတံထိပ်တွင် မှိုပွင့်သဏ္ဌာန်ဖြစ်လာစေသည်။ ဗား ကြားလွတ်တန်ဖိုးများခြင်း၏ နောက်ထပ်အပြစ်တစ်မျိုးမှာ ဗားပွင့်ချိန်၊ နောက်ပြီး ဗားပိတ်ချိန်စောခြင်းဖြစ်သည်။ ထို့ကြောင့် အင်ဂျင်စွမ်းဆောင်ရည် ကျဆင်းစေသည်။ ထို့ပြင် ဗားကြားလွတ်တန်ဖိုးများလွန်း၍ အင်ဂျင် ဆူညံသံများ ပို၍ထွက်သည်။

အင်ဂျင်တွင်သုံးသော ချောဆီအင်ဂျင်ဝိုင် အရည်အသွေး ညံ့ဖျင်းခြင်း၊ အင်ဂျင်ဝိုင် မှန်မှန်လဲလှယ်မပေးနိုင်ခြင်း၊ ဓာတ်ဆီအရည်အသွေး ညံ့လွန်းခြင်း၊ မီးလောင်ပေါက်ကွဲမှုသည် ပြီးပြည့်စုံအောင် မလောင်ကျွမ်းဘဲ ကာဗွန်ချိုးများ ဗားတွင် အနည်ထိုင် ကပ်ငြိခြင်း၊ မီးပေးစနစ်မှ မီးပွား (Spark)အား မကောင်းခြင်း၊ ပလပ်များမကောင်းခြင်း၊ အင်ဂျင်အအေးခံ စနစ် မကောင်း၍ အပူလွန်ကဲခြင်း စသော အကြောင်းတရားများသည် ဗားများ ချွတ်ယွင်းပျက်စီးစေသော အကြောင်းရင်းများ ဖြစ်သည်။

ဟိုက်ဒြောလစ်ဗားလစ်ဖတာ(ခေါ်) အော်တိုတိုက်ပစ်စနစ် သုံးသော အင်ဂျင်များတွင် ဗားကြားလွတ်တန်ဖိုး ချိန်စရာမလိုသော်လည်း ရိုးရိုးဗား စနစ်များတွင် မှန်ကန်သောကြားလွတ်တန်ဖိုး အမြဲရှိနေစေရန် စစ်ဆေး ချိန်ညှိပေးရပါသည်။ အင်ဂျင်ဂတ်စ်ကတ်ပြတ်၍ အင်ဂျင်ဟတ်ဖွင့်ရတိုင်း ဗားများ စစ်ဆေးသင့်သည်။ အင်ဂျင်အကြီးစား ပြန်လည်ပြုပြင်ရလျှင် အင်ဂျင်ဟတ်ကို အင်ဂျင်ဟတ် သီးသန့်ပြုပြင်ပေးသော Service လုပ်ငန်းတွင် အပ်နှံသင့်သည်။

ကားပစ္စည်းစျေးကွက်တွင် ထပ်မံဝယ်ယူရသော ဗားများသည် အော်ရီဂျင်နယ် ဗားများလောက် မကောင်းပါ။ ဗားအရည်အသွေးညံ့လျှင် အင်ဂျင်သက်တမ်း တာရှည်မခံပါ။ ထို့ကြောင့် အင်ဂျင်ဟတ်ပြုပြင်၍ ဗားအသစ်လဲရလျှင် အရည်အသွေးစစ်မှန်သော ဗားများကိုသာ သုံးစွဲသင့်ပါသည်။ အချို့ဗားများသည် ထုတ်လုပ်စဉ်ကတည်းက အရည်အသွေး အားနည်းချက်များရှိ၍ ဗားကောက်ခြင်း၊ ဗားကျိုးခြင်း၊ ဗားနှုတ်ခမ်းများ ပဲ့ထွက်ခြင်းတို့ ဖြစ်တတ်သည်။ မူလအင်ဂျင်တွင်ပါရှိသော ဗားများလောက် အရည်အသွေးမမီသော ဗားများသာ စျေးကွက်ရှိနေ၍ ဗားများဝယ်ယူ ရာတွင် ကျွမ်းကျင်သူစက်ပြင်ဆရာ၏ အကြံပေးခြင်းကို ရယူသင့်သည်။

စက်မှုအင်ဂျင်နီယာတစ်ဦး

LEAVE A REPLY

Please enter your comment!
Please enter your name here