အင်ဂျင်စက်သံ မမှန်တာ ဘာကြောင့်လဲ

500

 

ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လောင်စာဆီပို့စနစ်၊ မီးပေးစနစ် (lgnition System)တို့သည် အဓိကကျသည်။ ဆီမမှန်၊ မီးမမှန်သော အင်ဂျင်သည် စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘဲ အင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာ သည် ဓာတ်ဆီအင်ဂျင်များတွင် အများဆုံးဖြစ်လေ့ရှိသော ပြသနာမှာ လီဗာနင်းလိုက်လျှင် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသော အင်ဂျင် လည်ပတ်ပုံ မူမမှန်သည့်ရောဂါဖြစ်သည်။ လီဗာနင်း၍ စက်ရှိန်မြှင့်သော်လည်း အင်ဂျင် လည်ပတ်နှုန်း ချက်ချင်းတက်မလာဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမည်။ အင်ဂျင်အတွင်းလောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအား မမှန် တော့ဘဲ နည်းလိုက်၊ များလိုက်ဖြစ်ပြီး တုံ့ဆိုင်းနေမည်။
မော်တော်ယာဉ်နည်းပညာများ အဆင့်ဆင့်ပြောင်းလဲတိုး တက်လာခဲ့၍ ယနေ့ခေတ်ပေါ် အင်ဂျင်များနှင့် ခေတ်ဟောင်း အင်ဂျင်များ ဖွဲ့စည်းအလုပ်လုပ်ပုံနည်းစနစ်များ ကွာ ခြားနေပါသည်။ အင်ဂျင်လည်ပတ်မှု မမှန်တော့ ဘဲ တုံ့ဆိုင်းနေသော ပြသနာအကြောင်း ရင်းများစွာ ရှိပါသည်။ ချွတ်ယွင်း ချက် ဖြစ်နေသော အားနည်းချက်များကို ရှာဖွေစစ်ဆေး၍ ကုစားမှသာ အင်ဂျင်ပြသနာများ ဖြေရှင်းနိုင်ပါမည်။ ခေတ်ဟောင်းအင်ဂျင်ကို အပြစ်ရှာဖွေသော နည်းလမ်း နှင့် ခေတ်ပေါ်အင်ဂျင်များ စစ်ဆေးပုံနည်းလမ်းများ မတူညီပါ။ ခေတ် ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီး လေနှင့်လောင်စာကို ရောနှောပေးသည်။ ဒစ်စတြီဗျူတာ သုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကို သုံး၍ နည်း ပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံကိရိယာများ သုံးထားသည်။ လောင်စာ ကို Injector က ဖျန်းပေးသည်။ အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကို မျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ်ကားများကို ရောဂါရှာဖွေရန် Scan Tool သုံးရသည်။
အင်ဂျင်တစ်လုံး၏ တုံ့ဆိုင်းတွန့်ဆုတ်နေသော အခြေအနေ၏ အဓိပ္ပာယ်မှာ အင်ဂျင်တစ်လုံး လည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သောအချိန် တွင် အင်ဂျင်၏စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက်၊ မြန်လိုက် ဖြစ်ပြီး စက်လည်ပတ်မှု ပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက် အဟန့် အတားများရှိနေ၍ ဆတ်ခနဲ၊ တုံ့ခနဲ၊ သိမ့်ခနဲ ဖြစ်ပေါ်နေသော အခြေ အနေမျိုး ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအား မရှိဘဲ ကားတစ်စီးလုံး၏ဝန်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင် ဘဲ ရှိနေမည်။ အင်ဂျင်စက်၏ မူမမှန်သောလည်ပတ်မှုကြောင့် စွမ်းအား ပါဝါ အပြည့်အဝ မထွက်လာတော့ဘဲ ယာဉ်မောင်းသူကို ဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက်ဖြစ်လာပါက ကားနောက်ပြန် လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။
Highway ထွက်မည့် ခရီးစဉ်တစ်ခုတွင် စတင်ထွက်လာကာစက ကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်ဝက်လောက်ရောက်မှ ရုတ်တရက် ကောက်ကာငင်ကာ ထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲ တုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌ အားလုံး ဒုက္ခရောက်ကြရသည်။ အဘယ်ကြောင့် ကား အင်ဂျင်စက် တုံ့ဆိုင်းတွန့်ဆုတ် ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ် ယွင်းအားနည်းချက်များကို လေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိက အကြောင်းရင်းမှာ မီးနှင့်ဆီမမှန်၍ ဖြစ်သည်။
ကာပရိုက်တာစနစ် သုံးနေသေးသော ခေတ်ဟောင်းကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန်ဖြစ်နေပါက စက်ဆရာများပြောလေ့ရှိသော စကားတစ်ခွန်းရှိသည်။ ‘ကားသမားဆိုတာ အနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကို ရှာတတ်ရတယ်’ဟု ဖြစ်သည်။ ခေတ်ဟောင်းကား များတွင် ဆီတိုင်ကီမှ ကာပရိုက်တာရောက်သည်အထိ ဆီလိုင်း တစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာ ရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် နှစ်မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကို စစ်ထုတ်ပေးပြးီ ကာပရိုက်တာသို့ ဝင်သည်။
ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီး ကာ ပရိုက်တာသို့ ဆီအဝင်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များ ပိတ်ဆို့နေပါက အင်ဂျင် လေဝင်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာ မကောင်းလျှင်လည်း လေနှင့် ဓာတ်ဆီ ရောစပ်မှု အချိုး အစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံး ကားဟောင်းများတွင် ဆီအလိုက် ကောင်း၊ မကောင်း သိရှိရန် ဆီပန့်၊ ဆီစစ်ဘူး(ဓာတ်ဆီစစ်) ကာ ပရိုက်တာတို့ကို စစ်ဆေးရသည်။
ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil ၊ Braker Point ၊ ဒစ်စတြီဗျူတာ၊ ပလပ် ကြိုးနှင့် ပလပ်များပါဝင်သည်။ ပလပ်များမှ မီးပွား(Spark) ဖြစ်ပေါ်မှု အားမကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာ အဓိကအားနည်းချက်ဖြစ် သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများ ရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီး စိုထိုင်းထိုင်းဖြစ်စေ မီးပျောက်စေသော အခြေအနေဆိုးများ ဖြစ်သည်။ မိုးတွင်းရေကြီးရေလျှံသော လမ်းများတွင် မီးပျောက်၍ လမ်း ဘေးချ ကားတွန်းရွေ့ရသောဒုက္ခမှာ မသက်သာလှပါ။ ဒစ်စတြီဗျူတာ စနစ်တွင် အားနည်းချက်မှာ Braker Point ထိပ်ဖျားများ မီးစားသွားပြီး ကွိုင်မှ မီးထွက်အား ကျဆင်းသွားခြင်းဖြစ်သည်။ ပွိုင့်ထိပ်ကို မကြာခဏ ကော်ပတ်စား ပေးရ၊ ကွန်ဒင်ဆာ လဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကိုကျော်လွားနိုင်ရန် ထရန်စစ္စတာသုံး မီးပေး စနစ်ကို ပြောင်းသုံးကြသည်။ သို့သော်လည်း ဒစ်စတြီဗျူတာ သုံးနေသမျှ အားနည်းချက်များ ရှိနေသေးသည်။ ပလပ်ကြိုးအတွင်းပိုင်း ပြတ်နေခြင်း၊ ကာဗာပေါက်ကွဲအက်နေခြင်းများ ဖြစ်နေပါက ပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင် ဆီရိုက်ခြင်းများကြောင့်လည်း ပလပ်များ မီး မကူးဘဲ ဖြစ်နေတတ်သည်။
ပလပ်ကြိုးမှ မီး လာ/မလာ ပထမဆုံး စမ်းသပ်ပါ။ ပလပ်ကြိုးကို ပလပ်ထိပ်မှဆွဲဖြုတ်ပြီး အင်ဂျင်ဘလောက်နှင့် နီးနီးကပ်ကပ်ထားကြည့်ပါ။ မီးပွားများ ခုန်ကူးလျှင် ပလပ်အထိ မီးရောက်သည်။ ပလပ်ကောင်း/ မကောင်းသိရှိရန်စမ်းနည်းမှာ အင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုး တစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင် စက်သံပြောင်းသွားပြီး ပလပ်ကြိုးပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှု ပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ်သည် ဟု ယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကို အင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကို စစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသော ပလပ်သည် ပုံမှန်ခုတ်ပေးနေသည်။ ညစ်ပေနေသော ပလပ်သည် အလုပ် မလုပ်သော၊ ညာနေသော ပလပ်ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလှျင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘဲ မီးထွက် အား ကျဆင်းတတ်သည်။ ကွိုင်မကောင်းလျှင်လည်း အင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။
ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှုများကို ကွန်ပျူတာခေါ် ECU က ထိန်းချုပ်သည်။ ဆီပို့စနစ်(Fuel System)သည် EFI ခေါ် အီလက်ထရွန်းနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံ ကိရိယာများသုံးထားပြီး ဆင်ဆာများကပေးပို့သော သတင်းအချက်အ လက်များကို အခြေခံ၍ ကွန်ပျူတာက မီးတိုင်မင်နှင့် ဆီဖျန်းပေးရမည့် ပမာဏကို ထိန်းချုပ်ကွပ်ကဲစီမံသည်။
ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများတွင် အင်ဂျင်တုံ့ဆိုင်း စေသော အကြောင်းတရားများမှာ-
– ဆီပန့်မကောင်း၍ ဆီအလိုက်နည်းပြီး ဆီဖိအားကျခြင်း၊
– ဆီစစ်ပိတ်ခြင်း၊
– ဆီမသန့်ရှင်းခြင်း၊ ရေနှင့် အညစ်အကြေးများ ရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သော အရည်အသွေးညံ့ဓာတ်ဆီများသုံးထားခြင်း၊
– ဆီတိုင်ကီ မသန့်ခြင်း၊
– ဆီဖိအား ထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေခြင်း၊
-Fuel Injector များ မကောင်းခြင်း၊ ချေးပိတ်နေခြင်း၊ ဆီဖျန်းပေးသော Spray Pattern မကောင်းခြင်း၊
– MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း၊
– TPS (Throttle Position Sensor) သရော်တယ် လေတံခါးအဖွင့် ဒီဂရီအာရုံခံဆင်ဆာ အလုပ်မလုပ်ခြင်း၊
– အင်ဂျင်မန်နီဖို့ထဲသို့ လေဝင်ပမာဏကို တိုင်းတာပေးသော MAF (Mass Airflow) Sensor မကောင်းခြင်း၊
– Inlet Manifold လေဟာနယ်တွင် လေစိမ့်ဝင်နေခြင်း (လေပိုက်များ ကွဲအက်နေခြင်း)၊
– Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များ ကပ်တွယ်ညစ်ပေနေခြင်း၊ Plug ထိပ် ငုတ်တိုင်များ မီးစားနေခြင်း၊ ပလပ်ဆီရိုက်၍ ညစ်ပတ်နေခြင်း၊
– ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုး ပေါက်ပြဲကွဲအက် နေခြင်း၊
– Ignition Coil မီးထွက်မကောင်းခြင်း၊
– EGR Valve များ လေမလုံခြင်း၊
– Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း၊
– ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိ နေခြင်း၊
– Crankshaft Angle Sensor မကောင်းခြင်း၊
– အောင်ဆီဂျင်ဆင်ဆာ မကောင်းခြင်း၊
– Timing Belt ကြိုး တပ်ဆင်မှု လွဲမှားနေခြင်း၊
– မီးတိုင်မင် လွဲချော်နေခြင်း၊
– ဒိုင်နမိုချာဂျင်အဝင်နည်း၍ ဘက်ထရီအားမရှိခြင်း။
ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကို တိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကို သုံးရသည်။ ချွတ်ယွင်း ပျက်စီးနေသော ဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကို အစားထိုး လဲလှယ်မှသာ အင်ဂျင်စက် ပုံမှန်ပြန်ဖြစ်နိုင်သည်။ ခေတ်ဟောင်းကာပရိုက် တာစနစ်သုံး ကားများတွင် ဆီပျောက်မီးပျောက် ပြသနာများကို မျက်မြင် စမ်းသပ်ရှာဖွေပြီးနောက် ကားဝပ်ရှော့တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်း လုပ်သင့်သည်။ အင်ဂျင်ကျူးနင်းလုပ်လိုက်လျှင် အင်ဂျင် အဆွဲအရုန်း ကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။ ပုံမှန်ပြုပြင်ထိန်းသိမ်း ခြင်း ဆောင်ရွက်ပေးနေသော ကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန်သော Octane ဆီများသုံးြပီး Injector Cleaner ေဆးရည်များကိုလည်း ဆီတိုင်ကီထဲတွင် မြကာခဏ ေရာစပ် သံုးစွဲသင့်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here