အခွန်အကောက်ဥပဒေအသစ်နှင့် ရန်ကုန်လိုင်စင် ထူးခြားမလာသေး၍ အရောင်းအဝယ်ရပ်တန့်နေသေးသည့် ရန်ကုန်ကားစျေးကွက်

1311

လာမည့် ဧပြီ ၁ ရက်တွင် စတင်ကျင့်သုံးမည့် YVQC စနစ်၏ အခြေအနေကို စောင့်ကြည့်ရင်း ယခုလကားစျေးကွက်မှာ ငြိမ်သက်နေသည်။ ဝင်ငွေခွန်အပြောင်းအလဲကို စောင့်ကြည့်နေသည့်အတွက်လည်း ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်သာမက Brand New Showroom များနှင့် Used Car Sale Center များတွင်လည်း အရောင်းအဝယ်အေးစက်နေသည်။ YVQC စနစ်နှင့် ပတ်သက်၍လည်း တင်သွင်းခွင့်ရမည့် အစီးရေ၊ ကောက် ခံမည့်အခွန်နှုန်းထားများအပေါ် သတင်းအမျိုးမျိုး ထွက်ပေါ်နေသည့်အတွက် ကားဝယ်ယူမည့်သူများက အပြောင်းအလဲကို စောင့်ကြည့်နေကြသည်။

လက်ရှိ ဘတ်ဂျက်နှစ်တွင် ပြည်ပမှတင်သွင်းလာသည့် ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန်ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝ၁ ကျပ်မှ သိန်းတစ်ထောင်အထိကား များကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကားများကို ၃ဝ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာ လာမည့်ဘတ်ဂျက်နှစ်တွင် တန်ဖိုးမခွဲခြားဘဲ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အခွန်အကောက်ဥပဒေမူကြမ်းအရ ဝင်ငွေခွန်များလျှော့ပေါ့ကောက်ခံပါက တန်ဖိုးအပေါ် မူတည်ပြီး ပေးဆောင်ရမည့်အခွန်နှုန်းထားများ လျော့နည်းသွားမည်ဖြစ်ရာ ယင်းအပြောင်းအလဲကို စောင့်ကြည့်နေကြသောကြောင့် စျေးကွက် အေးစက်သွားခြင်းဖြစ်ကြောင်း သိရသည်။

”ဧပြီလမှာထုတ်ပြန်ပေးမယ့် YVQC စနစ်နဲ့ အခွန်အပြောင်းအလဲကို စောင့်ကြည့်နေကြလို့ အရောင်းအဝယ် အေးသွားတယ်၊ ဝင်ငွေခွန်တွေလျှော့မယ်လို့ သတင်းထွက်နေပြီး ရန်ကုန်လိုင်စင်ကိုလည်း နှုန်းထားတစ်ခုနဲ့ ထုတ်ပေးမယ်ဆိုတဲ့အတွက် ကားဝယ်မယ့်သူတွေက မဝယ်ကြတော့ဘဲ စောင့် ကြည့်နေကြတယ်၊ အခွန်တွေ လျှော့ချပေးခဲ့ရင်တော့ နံပါတ်မယူရသေးတဲ့ကားတွေ အားသာချက်ရှိလာမယ်၊ အရောင်းအဝယ် အေးစက်နေတဲ့ အချိန်မှာ နံပါတ်ထွက်ပြီးသားကားတွေရဲ့ဝယ်လိုအားက ၇ဝ ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားတယ်၊ အရောင်းအဝယ်ဖြစ်တဲ့ ကားလေးဆိုလို့ ၆၆ဝ စီစီ ပစ်ကပ်ကားလေးတွေနဲ့ ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသား ကားလေးတွေ လောက်ပဲရှိတယ်၊ သိန်းနှစ်ရာအထက်ကားတွေကတော့ အရောင်းအဝယ် ဖြစ်တာနည်းတယ်၊ ဝင်ငွေခွန်တွေ လျှော့ချပေးမယ်၊ ရန်ကုန်လိုင်စင်လည်း ပြန်ထုတ်ပေးမယ်ဆိုရင်တော့ Brand New ကားတွေရဲ့ စျေးကွက်က ကောင်းလာမယ့်သဘောရှိတယ်၊ အခုအချိန်မှာတော့ စျေးကွက်က တန့်နေတဲ့အနေအထား ဖြစ်နေတယ်၊ ဝင်ေငွခွန်ကို သတင်းထွက်ပေါ်နေတဲ့အ တိုင်း ၃ ရာခိုင်နှုန်းပဲ ကောက်ခံမယ်ဆိုရင် ကားစျေး ကျသွားမယ့်အနေ အထားရှိပါတယ်”ဟု ‘ United Eleven Co., Ltd. ‘ မန်နေဂျင်းဒါရိုက်တာ ကိုအောင်သူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကားဝယ်/ရောင်းများနှင့် ဝယ်လက်အများစုမှာ YVQC စနစ်နှင့် ဝင်ငွေခွန်အပြောင်းအလဲ အပေါ် အာရုံစိုက်နေကြသည့် အတွက် ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသား ကားများနှင့် ၆၆ဝ စီစီ Pick-up ကားလေးများသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။ ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် စလစ်ကပ်ကားများမှာ ဝင်ငွေခွန်လျှော့ချပေးမည်ဆိုသော သတင်းများကြောင့် အရောင်းအဝယ်အေးနေပြီး ဧပြီလတွင် ထုတ်ပြန်မည့် မူဝါများ ထွက်ပေါ်ပြီးမှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြသည်။

”အရင်နှစ်တွေတုန်းက သကြင်္န်နားနီးပြီဆိုရင် တစ်လကို ၆၆ဝ စီစီ ပစ်ကပ်ကားလေးတွေ ၁ဝ စီးလောက် ရောင်းရတယ်၊ ဒီနှစ်မှာတော့ တစ်ဝက်လောက် ကျသွားတယ်၊ အခွန်တွေလျှော့မယ်ဆိုတဲ့ သတင်းတွေ ကြောင့်လည်း ကားဝယ်တဲ့သူတွေက စောင့်ကြည့်နေကြတော့ အရောင်း အဝယ် အေးသွားတယ်၊ ဝင်ငွေခွန် လျှော့ပေးလိုက်ရင် စလစ်ကပ်ကား တွေရဲ့ စျေးကလည်း ကျနိုင်တယ်ဆိုပြီး စောင့်ကြည့်နေကြတဲ့အတွက် စလစ်ကပ်ကားတွေရဲ့ အရောင်းအဝယ် မရှိသလောက်ဖြစ်နေတယ်၊ ဧပြီ ၁ ရက်မှာ မူဝါဒထုတ်ပြန်ပြီးရင်လည်း သကြင်္န်ပွဲတော်လည်းရှိလို့ ဧပြီလ ကုန်ပိုင်းလောက်မှ ကားစျေးကွက်က ပြန်လှုပ်ခတ်လာဖို့ရှိပါတယ်”ဟု ကားဝယ်/ရောင်း ကိုကျော်ကျော်က ဆိုသည်။

ယခင်နှစ်များက သကြင်္န်ကာလမတိုင်မီ အရောင်းအဝယ်ကောင်းလေ့ ရှိသော်လည်း ယခုအခါ ကားစျေးကွက်ကို ကြီးမားစွာလှုပ်ခတ်နိုင်မည့် အပြောင်းအလဲများအား စောင့်ကြည့်နေမှုများကြောင့် စျေးကွက်အခြေအနေမှာ အေးစက်နေပြီး ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လရောက် မှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ဖွယ် ရှိကြောင်း ဝယ်/ ရောင်းများက ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here