အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့်အပေါ် ဆက်လက်စောင့်ကြည့်နေကြ၍ ကားဟောင်းရော၊ ကားသစ်ပါ အရောင်းအဝယ်အေးစက်သွားသည့် ကားစျေးကွက်

663
Page(Test)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို အကောက်ခွန်၊ ကညနခွန်ကင်း လွတ်ခွင့်များဖြင့် ကားတင်သွင်းခွင့် ပေး၊မပေးကို စောင့်ကြည့်နေကြ၍ ကားဟောင်းရော ကားသစ်ပါ အရောင်းအဝယ်အေးသွားသည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်က ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ရှင်းလင်း ဆွေးနွေးချက်များအရ နိုင်ငံ့ဝန်ထမ်းကောင်း လက်မှတ်ရ လုပ်သက် ၂၅ နှစ်အထက် နိုင်ငံဝန်ထမ်းများအတွက် မော်တော်ကားပါမစ် ချထားပေး ရန် ပထမအဆင့်အနေဖြင့် ချပေးနိုင်မည့် အရေအတွက်ကို စတင်ကောက်ယူနေသော အဆင့်ဖြစ်ပြီး ဖြေလျှော့ပေးနိုင်မည့် အခွန်နှုန်းထားကိုလည်း ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။ ထိုပါမစ်များကို တစ်ဦးချင်း ပါမစ်လျှောက်သည့် ပုံစံအတိုင်း ၂ဝ၁၈-၂ဝ၂ဝ မိုဒယ်အထိ ဘယ်မောင်းကားလျှောက်ရမည်ဖြစ်ပြီး ရာထူးအလိုက် ကားစျေးသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်း အမှန်တကယ် သန်းခေါင်စာရင်းဝင်ထားပြီး သတ်မှတ်ချက်နှင့်ပြည့်မီသော ဝန်ထမ်းများကိုသာ ရန်ကုန်လိုင်စင်ချပေးမည်ဖြစ်ကာ နယ်ဝန်ထမ်းများကို နယ်လိုင်စင်သာ ခွင့်ပြုပေးမည် ဖြစ်သည်။ နိုင်င့ံဝန်ထမ်းဟု သတ်မှတ်ထားသောကြောင့် ကာကွယ်ရေး၊ ပြည်ထဲရေးမကျန် ဌာနအားလုံးလည်း ပါဝင်လာနိုင်ပြီး လတ်တလောတွင် အမည်ပြောင်းခြင်းကို အကြမ်းဖျင်း သုံးနှစ်အထိ ပြောင်းလဲခြင်း မပြုရန် သတ်မှတ်ထားကြောင်းသိရသည်။ ယင်းအချက်များသည်လည်း ဆွေးနွေးနေဆဲဖြစ်သောကြောင့် ပြောင်းလဲလာမည့်အခြေအနေ အပေါ် ကားဝယ်မည့်သူများက စောင့်ကြည့်နေကြရာ စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ကားများလည်း အရောင်းအဝယ်အေးသွားသလို ပြည်တွင်းထုတ်ကားများနှင့် Brand New ကားများလည်း အရောင်းအဝယ် အေးသွားသည်။

‘‘ဒီရက်ပိုင်းမှာ အသစ်ရော၊ အဟောင်းရော အဝယ်အေးသွားပါ တယ်၊ Toyota Land Cruiser ၊ Toyota Harrier ပုံပြောင်း၊ Mitsubishi Eclipse ၊ Lexus570 စတဲ့ ကားအမျိုးအစားတချို့ အမြင့်စျေးတွေကို ပြန်ချပြီး ရောင်းလာကြတာ တွေ့ရပါတယ်၊ ဒီလိုချရောင်းလာကြပေမဲ့ လည်း ရောင်းတဲ့သူသာရှိပြီး အဝယ်ကမရှိ ဖြစ်နေပါတယ်၊ အဝယ်အများ စုကတော့ ဘယ်လိုသက်သာခွင့်နဲ့ ပါမစ်တွေ ထွက်လာမလဲဆိုတာ စောင့်ကြည့်နေကြပါတယ်၊ ဝန်ထမ်းပါမစ်တွေက ပြည်တွင်းထုတ် SKD ကားတွေအပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်၊ လက်ရှိမှာဆို ရင်လည်း ပြီးခဲ့တဲ့ လကလောက် ပြည်တွင်းထုတ်ကားတွေလည်း အဝယ် မရှိတော့တာ တွေ့ရပါတယ်’’ဟု ‘United Eleven’ မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အကောက်ခွန်၊ ကညနခွန်ကင်းလွတ်ခွင့်ဖြင့် ကားတင်သွင်းခွင့်ပေးမည်ဆိုပါက အမြင့် ကားများနည်းတူ အနိမ့်ကားများအပေါ်တွင်လည်း သက်ရောက်မှုရှိမည် ဖြစ်ပြီး တင်သွင်းပြီးသားကားအချို့ စျေးနှုန်းများ ကျဆင်းသွားမည်ဖြစ် သည်။

‘‘ခန့်မှန်းထားသလို ဝန်ထမ်းကောင်းဆုရရှိထားပြီး လုပ်သက် ၂၅ နှစ်ပြည့်တဲ့ ဝန်ထမ်းတွေကိုလည်း ကားပါမစ်ထုတ်ပေးမယ်ဆိုရင် အစောင် ရေနှစ်သောင်းကျော်အထိ ရှိလာမှာ ဖြစ်ပါတယ်၊ ကားတင်သွင်းခွင့် ပါမစ် တွေကို ပြန်လည်ရောင်းချခွင့်ပေးမယ်၊ မပေးဘူးဆိုတာ မသိသေးတဲ့အတွက် ဒီအချိန်မှာတော့ ခန့်မှန်းရခက်ပါတယ်၊ ဒီရက်ပိုင်းမှာတော့ ကား သစ်ရော ကားဟောင်းရော သိသိသာသာ အဝယ်အေးသွားတယ်၊ Down Payment ၁ဝ ရာခိုင်နှုန်းသွင်းပြီး အရစ်ကျ ခုနစ်နှစ်နဲ့ ဝယ်ယူလို့ရတဲ့ Suzuki ကားတွေတောင် အဝယ်အေးသွားတာ တွေ့ရပါတယ်၊ အ ကောက်ခွန်နဲ့ ကညနခွန်ကိုလည်း ကင်းလွတ်ခွင့်ပေးမယ်ဆိုရင် အခွန်က လက်ရှိထက် ၁ဝဝ ရာခိုင်နှုန်းကျော် သက်သာသွားမှာဖြစ်လို့ ပြည်တွင်းကို ရောက်ရှိပြီးသား အမြင့်ကားတွေကတော့ စျေးပြန်ဆင်းသွား မှာပါ၊ ဥပမာ-Lexus570 ဆိုရင် အပြင်မှာ သိန်းလေးထောင်ဝန်းကျင် ပေါက်စျေးရှိရာက အခွန်သက်သာခွင့်နဲ့ သွင်းမယ်ဆိုရင် သိန်း ၂,၅ဝဝ နဲ့ ရနိုင်တဲ့အတွက် စျေးအထိုက်အလျောက်ပြန်ကျသွားမှာ ဖြစ်ပါတယ်၊ အမြင့်ကားရော အနိမ့်ကားပါ သက်ရောက်မှု ရှိနိုင်ပြီး စျေးကွက်ကတော့ နောက် ခြောက်လ၊ တစ်နှစ်လောက်အထိ အေးသွားနိုင်တယ်လို့ ထင်ပါ တယ်’’ဟု ‘Matt Glory Auto Service’မှ ဒါရိုက်တာ ကိုသန့်စင်လင်းက ပြောသည်။

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အခွန်သက်သာခွင့် ဖြင့် တင်သွင်းခွင့်ပေးမည့် ကားပါမစ်များကို ယခုလ ၂၁ ရက်တွင် ထုတ် ပေးမည့် ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ ထိုပါမစ် ထုတ်ပေးမှုနှင့် ပတ်သက်၍ ပြည်တွင်း၌ ကားတပ်ဆင်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များနှင့် ပြည်ပမှ Brand New ကားများ တင်သွင်းရောင်းချနေ သည့် လုပ်ငန်းရှင်များ၏ ကန့်ကွက်မှုများ ရှိနေရာ ယင်းပါမစ်များ ပေးမည်ဆိုပါက ကတ်ဘိနက်အဆင့်အထိ ဆွေးနွေးတင်ပြဖွယ်ရှိပြီး ခွင့်ပြု မည်ဆိုပါကလည်း လာမည့်မတ်လတွင် စတင်နိုင်ဖွယ်ရှိကြောင်း ကား လုပ်ငန်းရှင်များထံမှ သိရသည်။

‘‘ဒီရက်ပိုင်းကတော့ အရောင်းအဝယ်တော်တော်လေး အေးပါတယ်၊ ကားဝယ်မယ့်သူ တော်တော်များများက နံပါတ်ထွက်ပြီးသား ဂျပန်ညာ မောင်းကားတွေ စျေးကျမယ်အထင်နဲ့ စောင့်ကြည့်နေကြတာရှိပေမဲ့ ပါမစ်ပေးမယ့်ကိစ္စကလည်း တိတိကျကျ ထွက်မလာသေးတ့ဲအတွက် ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ စျေးချရောင်းချမယ့်သူဆိုတာ တော်တော်ရှားပါတယ်’’ဟု ကားဝယ်/ရောင်း ကိုသီဟက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here