အခွန်မြင့်တက်ရန်ရှိသည့်အတွက် လုပ်ငန်းသုံး မီနီထရပ်များ အ၀ယ်လိုက်လာသည့် ရန်ကုန်ကားစျေးကွက်

1244

အောက်တိုဘာလမှစ၍ လုပ်ငန်းသုံးထရပ်များအပါအဝင် မီနီဘတ်စ်နှင့် လျှပ်စစ်ကားများကို အကောက်ခွန် တိုးမြႇင့်ကောက်ခံရန်ရှိသောကြောင့် ယခုရက်ပိုင်းအတွင်း Daihatsu Hijet ၊ Suzuki Carry Truck စသည့် အင်ဂျင်ပါဝါ ၆၆ဝ စီစီ မီနီထရပ်များ ဝယ်ယူလာကြသဖြင့် ယင်းကားများ အရောင်းအဝယ်ဖြစ်နေသည်။ လုပ်ငန်းသုံးကားများ တင်သွင်းခွင့်ပေးရာတွင် ကုမ်ပဏီပါမစ်ဖြင့် တစ်လလျှင် တစ်စီးသာ တင်သွင်းခွင့်ပေးမည်ဟု ထိန်းချုပ်လိုက်ပြီးနောက် ကုမ်ပဏီသက်တမ်း တစ်နှစ်ပြည့်မှသာ တင်သွင်းခွင့်ရမည်ဟု ထပ်မံကန့်သတ်လိုက်သဖြင့် ကုမ်ပဏီပါမစ်စျေးများ မြင့်တက်သွားသကဲ့သို့ လူအမည်ပေါက် တင်သွင်းထားသည့်ကားများလည်း စျေးလိုက်ပါ မြင့်တက်သွားကြောင်း သိရသည်။

 

”အရင်နှစ်တွေကလို အရောင်းအဝယ်အကောင်းကြီး မဟုတ်ပေမဲ့ ပုံမှန်အနေအထားတော့ရှိပါတယ်၊ ဒီရက်ပိုင်းမှာ အခွန်မြင့်တက်ဖို့ရှိတဲ့ Daihatsu Hijet ၊ Suzuki Carry Truck စတဲ့ ၆၆ဝ စီစီ မီနီထရပ်လေးတွေ အရောင်းအဝယ်ဖြစ်ပါတယ်၊ စလစ်ကပ်ကားတွေထဲမှာဆိုရင် ၂ဝဝ၃၊ ၂ဝဝ၄ မိုဒယ် Hilux Surf ၊ Wish ၊ Alphard တို့အဝယ်လိုက်နေပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ ဖရီးပါမစ်ကားတင်သွင်းမှုကို ဆက်ပြီးပိတ်ထားသလို တင်သွင်းစရာကားကလည်း နည်းတဲ့အတွက် ဒီနှစ်ထဲမှာ ဖရီးပါမစ်ကား တွေတင်သွင်းတာ မရှိသလောက် နည်းသွားပါတယ်၊ လာမယ့်နှစ်မှာလည်း မူဝါဒက ဘယ်လိုပြောင်းလဲမယ်ဆိုတာ မသိတဲ့အတွက် ကားအရေအတွက် များများကိုင်ထားတဲ့သူက ကြိုက်စျေးရရင် တစ်စီးစ နှစ်စီးစ ထုတ်ရောင်းကြပြီး တစ်စီးတလေကိုင်ထားတဲ့သူကတော့ နောက်ကားတွေ့မှပဲ ထုတ် ရောင်းကြပါတယ်၊ ရန်ကုန်မှာရှိတဲ့ ဝယ်/ရောင်းအများစုကတော့ ရန်ကုန် လိုင်စင်ကားပဲ ဦးစားပေးဝယ်ကြတဲ့အတွက် YGN ကားတွေ စျေးထပ်တက်ဖို့ပဲ ရှိပါတယ်”ဟု ကားဝယ်/ရောင်း ကိုကျော်က ဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အို/ဟောင်းဘတ်စ်များအပ်နှံပြီး လူစီးစလစ်ပြန်ထုတ်ပေးရာတွင် ၁၉၉၇ မိုဒယ်အထိ တိုးမြႇင့်အပ်နှံခွင့်ပေးရန် စီစဉျနေသည့်အတွက် စလစ်စျေး အနည်းငယ်ကျဆင်းသွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ လက်ရှိအချိန်တွင် အို/ဟောင်းဘတ်စ်အစီးသုံးထောင်ဝန်းကျင် အပ်နှံခဲ့ပြီးဖြစ်သော်လည်း ယင်းစလစ်များမှာ စျေးကွက်ထဲရောက် ရှိမလာသောကြောင့် စလစ်စျေးမှာ ကျပ်သိန်း ၁၁ဝ အထက်တွင် စျေးတင်းခံနေကြောင်း သိရသည်။ နှစ်နှစ်ဆယ်စလစ်များ စျေးမာနေသည့်အတွက် တိုက်ကြေစလစ်နှင့် တက်ကစီစလစ်များမှာလည်း အတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

 

”အရင်နှစ်တွေက ဖရီးပါမစ်နဲ့တင်သွင်းလို့ရတဲ့ကားတွေကို စလစ် ကပ်ပြီး တင်သွင်းထားတဲ့အတွက် CIF တန်ဖိုးများတဲ့ကားဆိုရင် သိန်းတစ်ရာကျော် စျေးမြင့်တက်သွားလို့ အရောင်းအဝယ် အေးသွားတယ်၊ Honda Fit GK 3 ၊ Honda Fit Shuttle ၊ Honda Insight ကားတွေတောင် စလစ်ကပ်ပြီးတင်သွင်းမယ်ဆိုရင် ကျပ် သိန်း ၂၅ဝ ဝန်းကျင် ရောင်းမှပဲ ကိုက်တော့တယ်၊ ဒီကားတွေကို နယ်လိုင်စင်နဲ့ဝယ်မယ်ဆိုရင်တော့ သိန်းနှစ်ရာနဲ့ သိန်း ၂၂ဝ ကြားမှာပဲရှိပါတယ်၊ အခုနောက်ပိုင်းမှာ ကားအရောင်းစင်တာတွေကနေတင်သွင်းထားတဲ့ Consignment လက်ကျန်ကားတွေလည်း နည်းသွားတဲ့အတွက် စလစ်ကပ်ပြီးတင်သွင်းထားတဲ့ ရန်ကုန်လိပ်စာပေါက် ၁၃ဝဝ စီစီ ကားတွေ စျေးအနည်းငယ်တက်သွားတယ်၊ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကြားမှာ အရောင်းအဝယ်သွက်တဲ့ ရန်ကုန်လိပ်စာပေါက်ကားပဲ အဝယ်များတဲ့အတွက် စျေးကတော့ ကွာနေဦးမှာ ဖြစ်ပါတယ်”ဟု ကားဝယ်/ရောင်း ကိုမျိုးမင်းသူက ဆိုသည်။

 

လာမည့်နှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒများကို အောက်တိုဘာလ အတွင်း ရေးဆွဲမည်ဖြစ်ရာ ယင်းကာလမတိုင်မီအထိ ကားစျေးကွက်အခြေအနေမှာ စမ်းတဝါးဝါးဖြစ်နေဦးမည်ဖြစ်သည်။ အောက်တိုဘာလမရောက်မီအထိ ကားစျေးကွက်အခြေအနေမှာ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေနိုင်ပြီး ကားအရောင်းစင်တာများ၌လည်း ၁၃ဝဝ စီစီကားများသာ အရောင်း အဝယ်အဖြစ်များကြောင်း သိရသည်။

 

”အရောင်းအဝယ်အခြေအနေက တစ်လတည်းမှာပဲ ကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေပါတယ်၊ ကားအရောင်းစင်တာတွေမှာတော့ ၁၃ဝဝ စီစီ ကားလေးတွေ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင်နဲ့ဆိုရင် Honda Fit Shuttle နဲ့ Toyota Axio တို့ရောင်းရပါတယ်၊ စလစ်ကပ်ကား ထဲမှာ ၂ဝဝ၃၊ ၂ဝဝ၄ မိုဒယ် Toyota  Wish ၊ Alphard ၊ Kluger စတဲ့ ကားတွေ အရောင်းအဝယ် ဖြစ်တယ်၊ ဒီအချိန်မှာ အရောင်းအဝယ်ကပုံမှန် ဖြစ်လိုက်၊ အေးသွားလိုက်ဖြစ်နေပြီး မူဝါဒတွေ ရေးဆွဲထုတ်ပြန်ဖို့ရှိတဲ့ အောက်တိုဘာလ မတိုင်ခင်အထိ ကားစျေးကွက်က ဒီအတိုင်းပဲဆက်သွား နေမှာပါ၊ မူဝါဒတွေထုတ်ပြန်ပြီးရင်တော့ ထွက်ပေါ်လာတဲ့အခြေအနေ အပေါ်မူတည်လို့ စျေးကွက်အနေအထား ပြောင်းလဲသွားနိုင်ပါတယ်”ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here