အခွန်နှုန်းထား  စာမေးပွဲနှင့်ခရီးသွားရာသီဆုံမှတ်တို့ကြောင့် အနည်းလှုပ်ရှားမှုဖြစ်လာသည့် မန်းကားစျေးကွက်

744

အခွန်နှုန်းထားထွက်ပေါ်လာသည့်အပြင် စာမေးပွဲအပြီးနှင့်ခရီးသွားရာသီဖြစ်ခြင်းတို့ကြောင့် မန္တလေးကားစျေးကွက်အတွင်း ကောင်းမွန်သည့်အရောင်းအဝယ်မဟုတ်သေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လာကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

မန္တလေးကားစျေးကွက်အတွင်း၌ ပစ်ကပ်ကားလေးများ အများဆုံး အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်၌ လုပ်ငန်းသုံးကားအမျိုးအစားလေးများပါ အရောင်းအဝယ်သွက်လာကြောင်း သိရသည်။

”ဝယ်လက်ကတော့ အေးသေးတယ်ဆိုပေမယ့် သူ့မိတ်နဲ့သူတော့ ဖြစ်နေကြပါတယ်၊ အရောင်းအဝယ်က အရင်ကလိုအကောင်းကြီးမဟုတ်သေးပေမယ့်မှန်မှန်လေးတော့ဖြစ်လာပါတယ်၊ ပွင့်လင်းရာသီဖြစ်တော့ လုပ်ငန်သုံးကားလေးတွေပိုပြီးရောင်းလာရတယ်”ဟု မန္တလေးမြို့ လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်းတစ်ဦးက ယခုတစ်ပတ်၌ကားအရောင်းအဝယ်အနည်းငယ်တိုးလာကြောင်းကို ပြောသည်။

ကားစျေးနှုန်းများမှာမူ ကားတင်သွင်းနိုင်သည့်မူဝါဒအရ  စျေးနှုန်းတက်နိုင်သည့်အလားအလာရှိသော်လည်း ဝယ်လိုအားနည်းခြင်းများကြောင့် အတက်အကျမရှိဘဲ စျေးငြိမ်လျက်ရှိကာ ပေါက်စျေးမဟုတ်ဘဲ ရောင်းသူ၊ဝယ်သူကြိုက်စျေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ အဓိကအားဖြင့် ပုံမှန်ဝယ်လက်အကြိုက်ဖြစ်သည့် မီနီထရပ်(ခွေးဘီးလူး)ကားလေးများနှင့် ပွိုင့်သရီးကားလေးများမှာစျေးကွက် ကို ဦးဆောင်နေသော်လည်း ယခုတစ်ပတ်ထူးခြားမှုအနေဖြင့် ဝယ်လက်များမှာ ကားအမျိုးအစားထက် အသုံးပြုနိုင်သည့်ငွေအပေါ်မူတည်ကာ ရွေးချယ်ဝယ်ယူလာကြပြီး ကျပ်သိန်းတစ်ရာမှ တစ်ရာ့ငါးဆယ်ဝန်း ကျင်ကားများ ပို၍အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

ဖရီးပါမစ်ကားများတွင် AD Van ၊ Honda Fit အစရှိသည့် စျေးသင့်ကားလေးများ အရောင်းသွက်လျက်ရှိပြီး လုပ်ငန်းသုံးအမျိုးအစားများဖြစ်သည့် Mazda Bongo၊Nissan Vanette အစရှိသည့်ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စလစ်ကပ်ကားများတွင်မူ နံပါတ်နိမ့်ကားလေးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ဝယ်လက်များနှင့် ဝယ်/ရောင်းများမှာ ကားစျေးနှုန်းအတက်အကျကို အမျိုးမျိုးခန့်မှန်းနေကြသော်လည်း လက်ရှိ၌ ပုံမှန်ပေါက်စျေးထက် အခြေအနေပေါ်မူတည်ကာ အရောင်းအဝယ်ပြုလုပ်နေကြပြီး အခွန်နှုန်းထားနှင့် မသက်ဆိုင်သည့် ရောက်ရှိပြီးကားဟောင်းလေးများ အများဆုံး အရောင်းအဝယ်ဖြစ်နေကြာင်း သိရသည်။ ယခုတစ်ပတ်၌ ထွက်ပေါ်လာသည့် အထူးကုန်စည်ခွန်နှုန်းထားများမှာ လက်ရှိကားစျေးအပေါ် သက်ရောက်မှုများစွာရှိနိုင်သော်လည်း အဆိုပါအခွန်မှာ ဆိပ်ကမ်းမှ မထုတ်ရသေးခင် ပေးဆောင်ရသည့်အခွန်ဖြစ်သဖြင့် ဆိပ်ကမ်းထုတ်ပြီး အပြင်ရောက်ရှိသည့်ကားများအပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း သိရသည်။

အထူးကုန်စည်ခွန်ထုတ်ပြန်မှုအရ အင်ဂျင်ပါဝါနှင့်ခွဲခြားထားသည့်အတွက် ၁၅ဝဝ စီစီ နှင့် ၂ဝဝဝ စီစီကြား ကားများအတွက်အပြောင်းအလဲရှိနိုင်ပြီးအများစုအသုံးပြုနေသည့် ၁၃ဝဝ စီစီကားများအတွက်မှုပြောင်း လဲမှုမဖြစ်နိုင်ကြောင်း သိရသည်။ ထုတ်ပြန်လိုက်သည့် အထူးကုန်စည်ခွန်များကြောင့် ၂ဝဝဝ စီစီအထက် ကားများအပြောင်းအလဲမဖြစ်နိုင်သော်လည်း ၁၅ဝဝ စီစီနှင့် ၂ဝဝဝ စီစီကြားဖြစ်သည့် Wish ၊ Harrier Axio အစရှိသည့်ကားများမှာမူ ကျပ် ၁၅ သိန်းမှ သိန်း ၃ဝ အထိစျေးနှုန်းသက်သာသွားနိုင်ကြောင်း သိရသည်။

သို့သော်လည်း အသစ်တင်သွင်းသည့်ကားများမှာ ဘယ်မောင်း Brand New များဖြစ်သည့်အတွက် ဝယ်ယူသုံးစွဲသူများအနေဖြင့် ဘယ်မောင်းကားများကိုရွေးချယ်ဝယ်ယူမှသာ အဆိုပါနှုန်းထားများ သက်သာနိုင်မည်ဖြစ်သည့်အတွက် လက်ရှိအခြေအနေအရ ကားစျေးကွက်အပေါ် များစွာပြောင်းလဲနိုင်ခြင်းမရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရ သည်။

မန္တလေးကားစျေးကွက်၏ အရည်ကျိုစျေးကွက်အခြေအနေမှာ စျေးကွက်ပျောက်နေသည့်အခြေအနေဖြစ်နေပြီး ပေါက်စျေးမရှိသည့်အခြေအနေထိဖြစ်ပေါ်နေကာ ကျပ်သိန်း၈ဝအောက်စျေးနှုန်းကျဆင်းနေသော်လည်း အရောင်းအဝယ်မရှိဖြစ်နေကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ကားစျေးကွက်အခြေအနေမှာ မတိကျမှုနှင့်အချိန်မီထုတ်ပြန်နိုင်ခြင်းမရှိသည့် မူဝါဒများကြောင့် စျေးကွက်ဝေဝါးနေသည့်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်နေရသည့်ပုံစံဖြစ်လျက်ရှိကြောင်း ကားဝယ်/ ရောင်းများထံမှ သိရသည်။

အခွန်နှုန်းထားအပြောင်းအလဲမှာ လက်ရှိကားစျေးကွက်အပေါ် ကိုးဆယ်ရာခိုင်နှုန်းအထိ ပြောင်းလဲနိုင်မှုမရှိနိုင်သော်လည်း ဝယ်လက်များမှာမူ အဆိုပါအသံများကြောင့် ဝေဝါးကာ စောင့်ကြည့်မှုများနေသည့်အခြေအနေဖြစ်နေ၍ ပုံမှန်အရောင်းအဝယ်ဖြစ်ရန် ရုန်းကန်နေရသည့်အခြေအနေဖြစ်နေကြောင်းသိရသည်။ ယင်းအသံများသည် ရန်ကုန်ကားစျေးကွက်အပေါ်တွင် များစွာရိုက်ခတ်နိုင်သော်လည်း လိုင်စင်မျိုးစုံစီးနိုင်သည့် မန္တလေးကားစျေးအတွက်မူ အပြောင်းလဲကြီးမဖြစ်နိုင်ကြောင်း မန္တလေး ကားဝယ်/ရောင်းများထံမှ သိရသည်။

မန္တလေးကားစျေးကွက်အတွင်း စက်မှုဇုန်လိုက်ထရပ်စျေးကွက်မှာ အဆိုးဆုံးအခြေအနေဖြစ်လျက်ရှိပြီး အဆိုပါကားများအစား မီနီထရပ်၊လုပ် ငန်းသုံး Mazda Bongo နှင့် ထိုင်းနိုင်ငံထုတ် တစ်ခန်းခွဲကားလေးများနေရာယူလျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေမှာ မန္တလေးမြို့ ပေါ်အပြင် နယ်ဝယ်လက်အချို့ပါလာရောက်ဝယ်ယူမှုများရှိနေသဖြင့် အရောင်းအဝယ်တိုးတက်လာသည့် အလားအလာရှိလျက်ရှိပြီး သကြင်္န် မတိုင်ခင်ကာလအထိအရောင်းအဝယ် ကောင်းမွန်လာနိုင်ကြောင်း ကား ဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here