အခွန်နှုန်းထားလျှော့ချမှု လာမည့်လွှတ်တော်တွင် ပြန်လည်တင်ပြမည်ဆိုသည့် သတင်းကြောင့် ရက်ပိုင်းမျှသာကောင်းမွန်ခဲ့ရသည့် မန္တလေးကားစျေးကွက်

666

မန္တလေးကားစျေးကွက်မှာ သကြင်္န်ကာလနောက်ပိုင်းတွင် အရောင်းအဝယ် ကောင်းမွန်လာခဲ့သော်လည်း အခွန်နှုန်းထား လျှော့ချမှုကို လာမည့် လွှတ်တော်၌ ပြန်လည်တင်ပြမည်ဆိုသည့် သတင်းများကြောင့် စောင့်ကြည့်မှုများရှိနေသဖြင့် အရောင်းအဝယ်မှာ အနည်းငယ်ပြန်အေးသွားကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

”ပုံစံကြည့်ရတာတော့ သကြင်္န်မတိုင်ခင်က မဝယ်ဖြစ်လိုက်တဲ့သူတွေ သကြင်္န်အပြီးမှာ လာဝယ်တဲ့ပုံပါ၊ ပြီးတော့ ကားစျေးကလည်းအနိမ့်ဆုံးအနေအထားနဲ့ အအေးဆုံးအနေအထားဆိုတော့ ကျစရာအကြောင်းမရှိတော့ဘူးလေ၊ ဒါကြောင့် အဝယ်လေးတွေ လိုက်လာခဲ့တာ၊ ဒါပေမဲ့ ဒီတစ်ပတ်တော့ အရောင်းအဝယ်က နည်းနည်းပြန်အေးသွားတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ ဝါရင့်ကားဝယ်/ရောင်းတစ်ဦးက ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေကို ပြောသည်။

အခွန်နှုန်းထားလျှော့ချရန် ဒုတိယအကြိမ်အဖြစ် လွှတ်တော်၌ ပြန်လည်တင်ပြမည်ဆိုသည့်သတင်းများကြောင့်လည်း ကားစျေးကွက် အခြေအနေမှာ ပြန်လည်စောင့်ကြည့်သည့်ပုံစံ ဖြစ်သွားကြောင်း သိရသည်။

”တကယ်တမ်း အခွန်အခကလည်း နာမည်ပြောင်းမှသာ အကျုံးဝင်တာပါ၊ ဒါပေမဲ့ လူတွေကလည်း အသံနဲ့တင် စောင့်ကြည့်နေကြတာပဲလေ၊ ဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်ထက်စာရင်တော့ အရောင်းအဝယ်နည်းနည်းတန့်သွားတယ်”ဟု ဝါရင့်ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးက ဆိုသည်။

အခွန်နှုန်းထားများ အမှန်တကယ် လျှော့ချပေးမည်ဆိုပါက ကားအရောင်းအဝယ် ပိုမိုကောင်းမွန်လာနိုင်ပြီး အခွန်အခနှင့်ပတ်သက်သည့် လုပ်ငန်းများအားလုံးလည်း ကောင်းမွန်လာနိုင်မည်ဖြစ်ကာ စျေးကွက်အခြေအနေ သွက်လက်မြန်ဆန်လာနိုင်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ကြသည်။

လက်ရှိတွင် ကားအသုံးပြုသူများနှင့် ရင်းနှီးမှုရှိသည့် ညာမောင်းကားများသာ စျေးကွက်ဆက်လက်ဦးဆောင်နိုင်ပြီး Brand New စျေးကွက်ဘက်သို့ ဦးတည်နိုင်ရန်မှာ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ကြသည်။

ကားစျေးကွက်အလားအလာ ကောင်းမွန်နိုင်ရန်မှာ တည်ငြိမ်သည့် ကားမူဝါဒများ၊ ငွေကြေးစျေးကွက် တည်ငြိမ်မှုများအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ပြီး လက်ရှိအခြေအနေမှာ ပုံမှန်အရောင်းအဝယ်အခြေအနေဖြင့်သာ ရပ်တည်လျက်ရှိကြောင်း ကားဝယ်/ရောင်းများက ပြောသည်။

”နယ်ဝယ်လက်တော့ မဟုတ်ဘူး၊ မြို့ပေါ်ဝယ်လက်တွေ လာကြလို့ အရောင်းအဝယ် ပြန်လိုက်လာပါတယ်၊ အရောင်းအဝယ်မဆိုးဘူးလို့ပြောရမယ်၊ ထုံးစံအတိုင်း ပွိုင့်သရီးနဲ့ ခွေးဘီလူးလေးတွေပဲ အများဆုံးမေးများတယ်၊ စလစ်ကပ်က မဖြစ်တာတော့မဟုတ်ဘူး၊ အမေးနည်းတာပေါ့”ဟု မန္တလေးမြို့ လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်း ကိုနောနော်က ဆိုသည်။

လက်ရှိ မန္တလေးကားစျေးကွက်တွင် Honda Fit ၊ AD Van နှင့် မီနီထရပ် ၆၆ဝ စီစီ(ခွေးဘီလူး) ကားများမှာ လူကြိုက်များ၊ အမေးများဆုံး နှင့် အဝယ်အများဆုံးသော ကားအမျိုးအစားများဖြစ်ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရသည်။

”အရောင်းအဝယ်လေး လိုက်လာတာကတော့ စျေးကြောင့်လို့ပဲ ပြောရတော့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ မူဝါဒကလည်း စောင့်ကြည့်တဲ့ကာလ မရှိတော့ဘူး၊ မူဝါဒလည်း ငြိမ်နေပြီဆိုတော့ တကယ်လိုအပ်လို့ပဲ လာဝယ်ကြတာများတယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်း တစ်ဦးက ပြောသည်။

ပုံမှန်အခြေအနေအရ သကြင်္န်ကာလအပြီးနှင့် ကျောင်းဖွင့်ရာသီမတိုင် မီမှာ ကားလေးများ အရောင်းအဝယ်ဖြစ်သည့်ကာလဖြစ်သဖြင့် ထိုကဲ့သို့ အဝယ်လိုက်လာရခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများက ရှင်းပြသည်။

ကားစျေးများမှာလည်း လက်ရှိ၌ အတက်၊ အကျမရှိဘဲ ရောင်းသူနှင့် ဝယ်သူ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်နေကြပြီး လက်ရှိအချိန်ထိ ဝယ်လိုအားနည်းနေသဖြင့် စျေးနှုန်းများမြင့်တက်နိုင်ခြင်း မရှိသေးကြောင်း သုံးသပ်ကြသည်။

”ကားစျေးတက်ဖို့ အလားအလာတော့ လောလောဆယ်မဖြစ်နိုင်သေးပါဘူး၊ အရောင်းအဝယ် အေးနေရတဲ့ကြားထဲ ထပ်ပြီးတော့ စျေးကွက်မတည်မငြိမ်ဖြစ်ရင် အရောင်းအဝယ် ပိုအေးသွားနိုင်တယ်၊ စျေးတက်သွားရင်လည်း အဝယ်ကမလာတော့ လောလောဆယ်တော့ လက်ရှိစျေးနဲ့ပဲ ကြိုက်ရောင်း/ကြိုက်ဝယ်ပုံစံရောင်းနေကြပြီး ညာမောင်းလေးတွေကတော့ အရောင်းအဝယ်ပိုသွက်ပါတယ်”ဟု ကားဝယ်/ရောင်း တစ်ဦးက ရှင်းပြသည်။

စလစ်ကပ်ကားများတွင်လည်း Alphard ၊ Kluger ၊ Crown ၊ Mark II (ရွှေငါး) အစရှိသည့် နံပါတ်ထွက်ပြီးသား ကားဟောင်းလေးများသာ အရောင်းအဝယ်ဖြစ်ပြီး အများအားဖြင့် ကျပ်သိန်း ၂၅ဝ မှ သိန်းသုံးရာဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စလစ်ကပ် အရောင်းအဝယ်မှာလည်း ကားဟောင်းများသာ အလုပ်ဖြစ်လျက်ရှိပြီး ကားတင်သွင်းသူများအနေဖြင့် စလစ်ကပ် တင်သွင်းခြင်းထက် ဘယ်မောင်း Brand New များကိုသာ တင်သွင်းမှုများသဖြင့် စလစ်လိုအပ်ချက်နည်းကာ အရည်ကျိုနှင့် စလစ်အရောင်းအဝယ်မှာလည်း အေးလျက်ရှိ၍ အမှန်တကယ် စလစ်လိုအပ်မှသာ မှာယူသည့်ပုံစံဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခုတစ်ပတ်၌ နှစ်နှစ်ဆယ်သက်တမ်းရှိ အရည်ကျိုကားမှာ ကျပ် သိန်းကိုးဆယ်ဝန်းကျင်သာ ပေါက်စျေးရှိပြီး အမည်ပေါက်စလစ်တစ်စောင်လျှင်လည်း ကျပ်သိန်းတစ်ရာဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပြည့်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here