အခြေခံ  Off-Road မောင်းနှင်နည်းများ အပိုင်း(၇)

1250

တကယ်လို့များ အရှိန်နည်းနည်းနဲ့ လဲသွားမယ်၊ မှောက်သွားမယ်ဆိုရင်တော့ ဆိုင်ကယ်ကို လွှတ်ချထားလိုက်ပြီး လူက လှိမ့်ထွက်သွားတာ အကောင်းဆုံးပါ။ ဆိုင်ကယ်နဲ့လူ တခြားစီဖြစ်အောင် ပြုလုပ်လိုက်တဲ့သဘောပါ။ အဲဒီလိုမှမဟုတ်ဘဲ ဆိုင်ကယ်နဲ့အတူ ပါသွားမယ်ဆိုရင်တော့ ဆိုင်ကယ်ပိတဲ့ဒဏ်ကို ခံရနိုင်ပါတယ်။ ဆိုင်ကယ်က အပေါ်ကပိနေတဲ့အခါမှာ Exhaust Pipe ရှိနေတဲ့ဘက်ဆိုရင်တော့ Exhaust အပူလောင်တာ ခံရနိုင်ပါတယ်။ ဒါမှမဟုတ် လူက အရင်လဲကျပြီး ဆိုင်ကယ်က မိမိအပေါ်လဲကျတဲ့အခါမှာ ဆိုင်ကယ်ရိုက်မိတဲ့ဒဏ်တွေကိုလည်း ခံရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်တွေပေါ်ကို ဆိုင်ကယ်လဲကျတဲ့အခါမျိုးတွေမှာဆိုရင် အတော်လေးကို အထိနာနိုင်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်နဲ့အတူပါသွားတာထက်စာရင် လူက လှိမ့်ထွက်သွားတာက ပိုပြီးသက်သာစေပါတယ်။ ဥပမာ အတက်တစ်ခုမှာ မရုန်းနိုင်တော့ဘဲ ဆိုင်ကယ်က ရှေ့ဆက်မသွားနိုင်တော့ဘူးဆိုရင် ဆိုင်ကယ်ကို တစ်ခါတည်းလွှတ်ချပြီး လူက လှိမ့်ထွက်သွားသင့်ပါတယ်။ အတက်ဖြစ်တဲ့အတွက် အောက်ကို ကျွမ်းနှစ်ပတ်သုံးပတ်လောက်လိမ့်ပြီးကျသွားနိုင်ပေမဲ့ အကာအကွယ်တွေ ဝတ်ထားတဲ့အတွက် ဘာမှမဖြစ်ပါဘူး။ အဲဒီလို မဟုတ်ဘဲ ဆိုင်ကယ်နဲ့အတူ လဲကျသွားရင် ပိုဆိုးသွားနိုင်ပါတယ်။ ဆိုင်ကယ်က လူကို ပိနေနိုင်သလို ဆိုင်ကယ်ရောလူပါ လုံးထွေးပြီး ကျသွားနိုင်ပါတယ်။ ဒါကတော့ အရှိန်နည်းနည်းနဲ့မှောက်တဲ့အခါမှာ လူသက်သာစေတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ အရှိန်လည်းများမယ် ရုတ်တရက်ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်လိုမှလုပ်လို့ မရတော့ပါဘူး။ လူက ဆိုင်ကယ်နဲ့ တစ်ခါတည်းပါသွားမှာပါ။ ဒါပေမဲ့လည်း အကာအကွယ်တွေကို အပြည့်အစုံ ဝတ်ထားမယ်ဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ အတက်တွေမှာ မောင်းရတာ လွယ်ပါတယ်။ လဲရင်၊ မှောက်ရင်လည်း အန္တရာယ်သိပ်မများပါဘူး။ အဆင်းတွေက ပိုသတိထားရပါတယ်။ အရှိန်လည်းရှိနေတော့ အရှိန်ကိုထိန်းထားရပါတယ်။ မောင်းရတာလည်း ပိုခက်သလို လဲရင်၊ မှောက်ရင်လည်း ပိုပြီးအထိနာနိုင်ပါတယ်။ Dual-Sport ဆိုင်ကယ်တွေကို သတိထားကြည့်မယ်ဆိုရင် Exhaust Pipe က ညာဘက်ကထုတ်ထားတာ အများဆုံးတွေ့ရမှာပါ။ လူအများစုက ညာသန်တွေပဲဖြစ်ကြတဲ့အတွက် ညာဘက်ခြမ်းကိုပဲ Exhaust Pipe ထုတ်ထားတာပါ။ ညာသန်ဖြစ်ကြတဲ့အတွက် ညာဘက်ကိုပဲ အမြဲတမ်းလိုလို ပိုင်နိုင်စွာလှမ်းထောက်ကြလို့ဖြစ်ပါတယ်။ Exhaust Pipe ရှိနေပေမဲ့ ညာခြေထောက်က ပိုသန်ကြပြီး အလိုလိုနေရင်းနဲ့ မထိအောင် ရှောင်ရှားနိုင်တာလည်း ပါပါတယ်။ ပြီးတော့ ဆိုင်ကယ်ကိုရပ်ထားတဲ့ အခါမှာလည်း ညာသန်တွေက ဆိုင်ကယ်ရဲ့ဘယ်ဘက်ကနေပြီး လှမ်းခွကြပါတယ်။ ဆိုင်ကယ်ကဆင်းတဲ့အခါမှာလည်း ညာခြေထောက်ကိုပဲ လွှဲပြီး ဘယ်ခြေထောက်ကို အသေထားကာ ဘယ်ဘက်ခြမ်းကိုပဲ ဆင်းကြပါတယ်။

အဲဒီလို ညာသန်တွေ ပိုပြီးများကြတဲ့အတွက် ဆိုင်ကယ်တွေကိုလည်း ညာဘက်ကပဲ Exhaust Pipe ကို ထုတ်ကြတာဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံအများအပြားကလည်း လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့အတွက် Exhaust Pipe ကို ညာဘက်ထုတ်ရခြင်းဖြစ်ပါတယ်။ Exhaust Pipe က ညာဘက်မှာဆိုတော့ လမ်းဘေးနဲ့ ပိုမိုနီးကပ်စေပြီး စွန့်ထုတ်လိုက်တဲ့ Exhaust Gas တွေက ဘေးကသစ်ပင်တွေဆီ လျင်လျင်မြန်မြန်ရောက်ရှိစေပါတယ်။ ပြီးတော့ ဘယ်ဘက်က မောင်းနှင်နေတဲ့ယာဉ်တွေကိုလည်း Exhaust Gas တွေ၊ အပူငွေ့တွေကြောင့် အနှောင့်အယှက်ဖြစ်ပွားမှုတွေ နည်းပါးစေပါတယ်။ ဒါပေမဲ့ အထူးသတိထားရမှာက ညာသန်တွေဟာ များသောအားဖြင့် ညာဘက်ပဲ မှောက်ကြလဲကြတာ များပါတယ်။ ညာဘက်ကိုပဲ လှမ်းထောက်ဖို့ကြိုးစားရင်းနဲ့ ညာဘက်ကိုလဲသွားတဲ့သဘောပါ။

ဥပမာ အတက်တစ်ခုကို မောင်းတက်နေရင်း ဆိုင်ကယ်က မတက်နိုင်တော့တဲ့အခါမှာ အရှိန်ကျသွားမယ်။ အရှိန်မရှိတော့ ဆိုင်ကယ်က ရပ်သွားမယ်။ ဆိုင်ကယ်ကရပ်သွားတော့ ညာသန်ဖြစ်တဲ့အတွက် ညာခြေထောက်နဲ့ပဲ လှမ်းထောက်မယ်။ အဲဒီမှာ အတက်ကြီးဖြစ်တဲ့အတွက် မြေပြင် မညီမညာမှုကြောင့် ခြေထောက်ကမမီတော့ဘဲ ညာဘက်ကိုပဲ တုံးလုံးလဲကျသွားတာပါ။ အဲဒီအခါမှာ Exhaust Pipe က ညာဘက်မှာ ရှိနေတဲ့အတွက် မိမိအပေါ်ကို ဆိုင်ကယ်ကပိနေပြီဆိုရင်တော့ သတိထားရမှာပါ။ လည်ရှည်ဖိနပ်မျိုးမဝတ်ထားရင် ခြေသလုံးကို Exhaust လောင်နိုင်ပါတယ်။ Exhaust Pipe က 100°C ကျော်တဲ့အတွက် ဂျင်းဘောင်းဘီဝတ်ထားရင်တောင် ဂျင်းသားကိုဖောက်ပြီး လောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါကြောင့် Exhaust Pipe တွေကိုလည်း သတိထားသင့်ပါတယ်။

နောက်တစ်ခု သတိထားရမှာက အရှေ့ကသွားနေတဲ့ ဆိုင်ကယ်ကို အနောက်ကဆိုင်ကယ်က အကြောင်းအမျိုးမျိုးကြောင့် ဝင်တိုက်မိကြတာပါ။ အဖွဲ့လိုက်မောင်းကြတဲ့အခါတွေမှာ ရှေ့တစ်စီးနဲ့ နောက်တစ်စီးက နီးကပ်နေရင် ရှေ့တစ်စီးက ရုတ်တရက် အရှိန်လျှော့ဘရိတ်ဖမ်းလိုက်တဲ့အခါ အနောက်ကလိုက်လာတဲ့ တစ်စီးက ဘရိတ်ဖမ်းချိန်မရတော့ဘဲ ဝင်တိုက်မိတာပါ။ ဒါမှမဟုတ်လည်း ရှေ့တစ်စီးက မှောက်သွားတဲ့အခါတွေမှာလည်း အနောက်ကတစ်စီးက မှောက်နေတဲ့တစ်စီးကို ဝင်တိုက်မိတာတွေ ဖြစ်ကြပါတယ်။ ဖုန်ထူလွန်းတဲ့လမ်းတွေမှာ မောင်းတဲ့အခါမှာလည်း ရှေ့တစ်စီးက မောင်းသွားတဲ့အခါမှာ ဖုန်တွေထပြီး အနောက်က ဆိုင်ကယ်တွေက ဘာမှမမြင်ရတော့ပါဘူး။ အဲဒီအခါမှာ မိမိကအရှိန်နဲ့မောင်းနေတဲ့အချိန် အရှေ့က ဆိုင်ကယ်ကလည်း အကြောင်းတစ်ခုခုကြောင့် လဲသွားခဲ့ရင် ဖုန်တောထဲမှာမမြင်ရဘဲ ဝင်တိုက်မိနိုင်ပါတယ်။ မိမိက ဖုန်တောထဲမှာ မောင်းနေရင်းနဲ့ ရုတ်တရက် ဘွားခနဲ တွေ့လိုက်တဲ့အခါမှာ အရှိန်လျှော့ဖို့၊ ဘရိတ်သုံးဖို့ မမီတော့ပါဘူး။ ဒါကြောင့် အဖွဲ့လိုက်မောင်းကြတဲ့အခါတွေမှာ တစ်စင်းနဲ့တစ်စီး ပေ နှစ်ဆယ်၊ သုံးဆယ် လောက် ခြားပြီး မောင်းသင့်ပါတယ်။ အတက်တွေ၊ အဆင်းတွေကိုလည်း တစ်စီး ပြီးမှ တစ်စီး တက်သင့်/ဆင်းသင့်ပါတယ်။

 

ဆက်လက်ဖော်ပြပါမည်…

Lawrence Peace

LEAVE A REPLY

Please enter your comment!
Please enter your name here