အခြေခံလူတန်းစားအပါအဝင် YBS စီး ခရီးသွားအလွာအချို့ လက်လှမ်းမီဖို့ လိုနေသေးသည့် YPS Card

97

 

“YBS ကားတွေကို ကတ်နဲ့ စီးလို့ရပြီဆိုတာသိတာ လေးငါးရက်လောက် ရှိပါပြီ၊ ကိုယ်သွားရတဲ့ လမ်းကြောင်းမှာက ကတ်နဲ့စီးလို့ရတဲ့ ကားတစ်စီးပဲ ရှိသေးတယ်၊ ဒါပေမဲ့ အဲ့ဒီကားနဲ့ ကြုံတဲ့အခါ စီးလို့ရအောင်ဆိုပြီး ကတ်ကို ဝယ်ထားတယ်၊ နှစ်ကြိမ်တော့ စီးပြီးပါပြီ၊ စီးရတာအဆင်ပြေတယ်၊ တစ်ခုပြောချင်တာက YBS ကားက အခြေခံလူတန်းစားအားလုံးစီးတာပါ၊ ကတ်ကို ဝယ်နိုင်တဲ့သူ ရှိသလို မဝယ်နိုင်တဲ့သူလည်း ရှိပါတယ်၊ တချို့ ဆို အသွားအပြန်လမ်းစရိတ်အတွက်ပဲ အသုံးပြုဖို့ ငွေပါတာမျိုးတွေလည်း ရှိပါတယ်၊ ဖြစ်စေချင်တာကတော့ ကတ်ကို အခမဲ့ ပေးစေချင်တယ်၊ ဒါဆိုရင် ငွေတစ်ထောင်လောက် ထည့်သုံးရတာ အခြေခံလူတန်းစား အတွက် အဆင်ပြေနိုင်တယ်၊ အခုက တစ်ကတ်ကို နှစ်ထောင်၊ ငွေက အနည်းဆုံး တစ်ထောင်ဖြည့်ရမယ်ဆို သုံးထောင်ဖြစ်နေပြီ၊ ကတ်အခမဲ့ ရဖို့အတွက်ကလည်း ငွေငါးထောင်ဖြည့်ရမယ်ဆိုတော့ ကတ်အသုံးပြု ချင်ကြပေမဲ့လည်း ဒီလိုအခက်အခဲလေးတွေက ရှိနေကြမယ်ထင်တယ်၊ ကတ်နဲ့ယာဉ်စီးခပေးတဲ့စနစ်က တကယ်လည်းကောင်းတယ် ကြိုဆိုပါတယ်၊ ကတ်ကိုခရီးသည်တွေ အကုန်အသုံးပြုစေချင်တယ်ဆိုရင် ကတ် အခမဲ့ပေးတာဖြစ်ဖြစ်၊ စျေးလျှော့ရောင်းတာဖြစ်ဖြစ် လုပ်ပေးစေချင်ပါတယ် လို့ အကြံပြုပြောချင်ပါတယ်”ဆိုလာသူကတော့ အလုပ်သွား အလုပ်ပြန်သွားလာဖို့ရာ YBS ကို အမြဲတမ်းအသုံးပြုနေရသူ အရောင်းစာရေးဝန် ထမ်းဖြစ်တဲ့ မမို့မို့သူပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေကြတဲ့ YBS ကားတွေကို စီးတဲ့အခါ ယာဉ်စီးခ ငွေအကြွေထည့်စရာမလိုဘဲ ကတ်ကိုအသုံးပြုပြီး စီးလို့ရတဲ့ စနစ်တစ်ခုအဖြစ် Yangon Payment Service လို့ခေါ်တဲ့ YPS ကတ်တွေကို ဇူလိုင် ၂၁ ရက်မှာ အသုံးပြုခွင့် ရခဲ့ပါတယ်။ အသုံးပြုခွင့် မစတင်မီ ငါးရက်အလို ဇူလိုင် ၁၆ ရက်မှာ ကတ်တစ်ကတ်ကို ကျပ် နှစ်ထောင်နှုန်းနဲ့ရောင်းချခဲ့ပြီး သြဂုတ် ၁၅ ရက်အထိ ကတ်ထဲကို ငွေငါးထောင်ဖိုးဖြည့်ရင် ကတ်အခမဲ့ပေးတဲ့ ပရိုမိုးရှင်းနဲ့အတူ ကတ်စနစ်နဲ့ စီးရတာကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

YPS ကတ်နဲ့ YBS ယာဉ်စီးခငွေပေးချေတာကို ဇူလိုင် ၂၁ ရက်မှာ စတင်ခဲ့ပေမဲ့ ကတ်နဲ့စီးလို့ရတဲ့ ယာဉ်လိုင်းနဲ့ ယာဉ်အစီးရေက နည်းပါးနေသေးသလို ယာဉ်စီးခငွေ ကြိုတင်ဖြည့်ရတာတွေ၊ ကတ်ဝယ်စီးရတာတွေကြောင့် YPS ကတ်နဲ့စီးတဲ့ခရီးသည် နည်းပါးနေပါသေးတယ်။ ဒါပေမဲ့ သြဂုတ်လထဲမှာ ယာဉ်အစီးရေ ခုနှစ်ရာကျော်လောက်မှာ စီးခွင့်ရဖို့ လုပ်ဆောင်နေပြီး အဲ့ဒီနောက်ပိုင်း သုံးလေးလအတွင်း ယာဉ်အစီးနှစ်ထောင်ကျော်မှာ YPS ကတ်နဲ့ ယာဉ်စီးခပေးချေစီးနင်းနိုင်မယ်လို့ YPS ကုမ္ပဏီက ပြောကြားထားပါတယ်၊ အဲ့ဒီလို ယာဉ်အစီးရေတွေ တိုးချဲ့ အသုံးပြုခွင့်ရလာတဲ့အခါမှာ အခြေခံလူတန်းစားပြည်သူတွေ အားလုံးစီးနိုင်ဖို့နဲ့ ပြည်သူတွေအားလုံးရဲ့ လက်ထဲကို ရောက်နိုင်ဖို့အတွက် ကတ်ကို အခမဲ့ပေးဝေတာဖြစ်ဖြစ်၊ စျေးလျှော့ရောင်းပေးတာဖြစ်ဖြစ် လုပ် သင့်တယ်လို့ ခရီးသည်တချို့ကလည်း မှတ်ချက်ပြု ပြောကြားထားတာ တွေရှိပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး YPS Card လုပ်ကိုင်ခွင့် ရရှိ ထားတဲ့ Asia Starmar Transport InteIligent ကုမ္ပဏီရဲ့ COO ဒေါ်ရီရီခင်က “ကတ်တင်ဒါခေါ်တုန်းကလည်း စည်းမျဉ်း၊ စည်းကမ်းတွေ ရှိတယ်၊ အဲ့ဒီစည်းကမ်းတွေနဲ့အညီ ကတ်ကို ဘဏ်အဆင့် Security ရှိတဲ့ ကတ်မျိုး၊ Prepaid/Storage Card ဖြစ်လို့ ဘဏ်အဆင့်သုံးတဲ့ CPU Card လို ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်၊ ကတ်မှာက Code တစ်ခုရှိတယ်၊ အဲ့ဒါကြောင့် ကတ်ကို နှစ်ထောင်နဲ့ရောင်းရတာပါ၊ အခု တကယ်စီးမယ့် ခရီးသည်တွေအတွက် အဆင်ပြေအောင်လို့ ပရိုမိုးရှင်း အနေနဲ့ ငွေငါးထောင်ဖြည့်ရင် ကတ်အခမဲ့ဆိုတာ လုပ်ပေးထားပါတယ်၊ ခရီးသည်တွေ အဆင်ပြေအောင်လို့ အဲ့ဒီလိုမျိုး ပရိုမိုးရှင်း Plan တို့၊ Marketing Plan တို့ လုပ်ပေးသွားပါမယ်၊ Survey တွေလုပ်ပြီး ပြည်သူတွေ အသံကိုလည်း နားထောင်ပါတယ်၊ ကတ်ကို နှစ်ထောင်ပေးဝယ် သုံးချင်တယ်ဆိုတာမျိုး တွေ့ရပါတယ်၊ အခုကတော့ ကတ်နဲ့ စီးရတဲ့ ယာဉ်အကန့်အသက်တွေလည်း ရှိနေသေးတယ်၊ ယာဉ်လိုင်းရော အစီးရေရော နည်းနေသေးတဲ့အတွက် ဒီကတ်ကိုဝယ်ထားပြီး စီးချင်တဲ့ လိုင်း တွေ၊ စီးလို့မရသေးတဲ့အတွက် မဝယ်ကြသေးတာလည်း ပါပါတယ်၊ အခု လက်ရှိအချိန်အထိ Card နှစ်သောင်းကျော် ရောင်းထားပါတယ်၊ သြဂုတ်လဆန်းမှာ ယာဉ်အစီးခုနစ်ရာလောက် ထပ်တိုးဖို့ ရှိပါတယ်၊ အခုလည်း Review တွေ လုပ်နေပါတယ်၊ အဲ့ဒါပြီးရင် အသေချာစီစဉ်ပြီး တခြားအစီအစဉ်လေးတွေလုပ်ပေးဖို့လည်း စီစဉ်ပါ့မယ်၊ ကတ်အတွက်က အမြတ်အများကြီး ယူထားတာမျိုး မဟုတ်ဘူး၊ ဘဏ်အဆင့် Security ရှိတဲ့ ကတ်မျိုး၊ ကတ်မှာကိုက တန်ဖိုးတစ်ခုရှိနေလို့ စျေးလျှော့ရောင်းလို့ တော့မရပါဘူး၊ နောက်ပိုင်းကျရင် အသုံးပြုလို့ရမယ့် ကားတွေကလည်း များလာရင် ပြည်သူတွေက ဒီကတ်ကို တစ်ခါပဲဝယ်ပြီး နှစ်တွေအ ကြာကြီး အသုံးပြုလို့ရတယ်၊ ကတ်ကျိုးပဲ့တာမျိုးမဟုတ်ဘဲ ကတ်ကောင်း နေသရွေ့ နှစ်တွေအကြာကြီး အသုံးပြုလို့ရတယ်၊ ကားတွေအကုန်လုံး မှာလည်း ကတ်အသုံးပြုလို့ရပြီဆိုရင် ဒီပေးရတဲ့ တန်ဖိုးက အများကြီးအခက်အခဲမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်၊ တစ်နှစ်အတွက်ကိုလည်း အာမခံ ပေးထားပါတယ်၊ ဖျက်ဆီးပစ်တာမျိုးမဟုတ်ဘဲနဲ့ ကတ် Error တက်တာ မျိုး တခြားချို့ယွင်းချက်တွေအတွက်ကိုလည်း တစ်နှစ်အတွင်းမှာ ကတ် အသစ်ပြန်လဲပေးတာမျိုးလည်း လုပ်ပေးပါတယ်”ဟု ပြောပါတယ်။

YBS ကားတွေကို ကတ်နဲ့ ငွေပေးချေလို့ရတဲ့ စနစ်ဟာ ပြည်သူ အများမျှော်လင့်နေကြသလို ယာဉ်လိုင်းကုမ္ပဏီတွေကလည်း ကြိုဆိုကြတဲ့ စနစ်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ YPS ကတ်ဟာ ပြည်သူတွေနဲ့ နေသားတကျ မရှိသေးတာတွေကြောင့် အခက်အခဲ တချို့ ဖြစ်ပေါ်နေပြီး အဲ့ဒီအတွက် ယာဉ်လိုင်းကုမ္ပဏီနဲ့ YPS ကတ်ကုမ္ပဏီမှာ နစ်နာမှုတချို့ လည်း ရှိနေပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး YPS ကတ်အသုံးပြုခွင့်ရထားတဲ့ ယာဉ်လိုင်းတွေဖြစ်တဲ့ YBS ၁၂၊ ၁၄၊ ၂၅၊ ၃ဝ(၁)၊ ၃ဝ (၂)၊ ၃၈၊ ၅၅ ယာဉ်လိုင်းတွေကို အုပ်ချုပ်နေတဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ YBS တာဝန်ခံဒါရိုက်တာ ဦးမင်းနိုင်က အခုလိုပြောပါတယ်။

“YPS ကတ်နဲ့ ယာဉ်စီးခကောက်ခံရတာ ပိုက်ဆံအပြဲထည့်တာတွေ ငွေပြန်ရေရတာတွေ၊ စာရင်းတွက်ရတာတွေအတွက် တော်တော်လေး အဆင်ပြေတဲ့ စနစ်တစ်ခုပါ၊ ဒါပေမဲ့ အခုလက်ရှိမှာ အခက်အခဲတချို့ ရှိနေတယ်၊ YPS ကတ်ကအခုမှ စသုံးတာ ပြည်သူတွေနဲ့လည်း မရင်နှီး သေးတာကြောင့်လည်း ပါမယ်ထင်ပါတယ်၊ စအသုံးပြုတဲ့ ၂၃ ရက်ကနေ ၂၆ ရက်အထိ ကုမ္ပဏီက ယာဉ်လိုင်း ငါးခုမှာ ကတ်ကိုအသုံးပြုတဲ့သူက ၁၃,၁၅၁ ယောက်သုံးတယ်၊ အဲ့ဒီမှာ ကတ်တစ်ကတ်တည်းနဲ့ နှစ်ယောက်၊ သုံးယောက်စီးတာတွေကြောင့် စီးတဲ့သူ ၁၃,၃၆၉ ဖြစ်နေတယ်၊ ကတ်ကို နှစ်ကြိမ်သုံးကြိမ်ဖြတ်ပေမဲ့လည်း ကတ်ကတစ်ကြိမ်စာပဲ ငွေဖြတ်တဲ့အတွက် ပိုဖြတ်ထားတဲ့ အကြိမ်အရေအတွက်က မှတ်တမ်းပဲရှိပြီး ငွေမရဘူး၊ ငွေ ကတစ်ကြိမ်စာအတွက်ပဲ ရတဲ့အတွက် နစ်နာမှုလေးတွေ ရှိနေတယ်၊ အဲ့ဒါကို ခရီးသွားတွေသိအောင် ကားမှာလည်း စာကပ်ထားတယ်၊ ယာဉ် မောင်းကလည်း ပြောတာမျိုးတွေလုပ်ပါတယ် အဲ့ဒီလိုကြုံလာရင် တချို့ က ပိုက်ဆံထည့်စီးပေမဲ့ တချို့က ပိုက်ဆံမပါလို့ဆိုပြီး ဒီအတိုင်း စီးတာတွေရှိနေတယ်၊ နောက်တစ်ခုက အတက်ပဲ ဖြတ်ပြီး အဆင်းမဖြတ် ရင်လည်း ယာဉ်စီးခငွေ မရရှိပါဘူး၊ အတက်မှာတစ်ကြိမ်၊ အဆင်းမှာ တစ်ကြိမ်ဖြတ်မှ ယာဉ်စီးခပေးချေပြီးဖြစ်မှာပါ၊ ဒီအတွက် ပြည်သူတွေက လည်း လိုက်နာဖို့လိုပါမယ်၊ ပညာပေးကို တွင်တွင်ကျယ်ကျယ် လုပ်ဖို့လိုမယ် ထင်ပါတယ်”ဟုပြောသည်။

ယာဉ်စီးခ၊ ငွေအကြွေနဲ့ ကောက်ခံတဲ့အခါ ယာဉ်စီးခငွေအပြည့် မထည့်တာတွေ ငွေစက္ကူအစုတ်အပြဲ ထည့်တာတွေနဲ့ ငွေမထည့်ဘဲ ပြန်အမ်းငွေ ပြန်လည်ကောက်ခံယူတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတဲ့အတွက် ယာဉ်စီးခငွေအကြွေထည့်တဲ့အခါ ယာဉ်မောင်းတွေက စောင့်ကြည့်ရတာ မျိုးတွေလည်း ရှိနေပါတယ်။ အဲ့ဒီလိုအခက်အခဲတွေက YPS ကတ် အသုံးပြုတဲ့ ခရီးသည်တွေ များလာရင် ပပျောက်သွားမယ့် ကိစ္စတစ်ခု ဖြစ်နိုင်တာကြောင့် ဒီစနစ်ကို ယာဉ်မောင်းအများစုက ကြိုဆိုကြောင်း YBS 14 ယာဉ်မောင်း ကိုအောင်ကျော်ကျော်က အခုလိုပြောပါတယ်။

“YPS စနစ်ပေါ်လာတာ ကောင်းပါတယ်၊ ခရီးသည် အကုန်လုံး ဒီကတ်ကို သုံးလာနိုင်ပြီဆိုရင် ယာဉ်မောင်းတွေအတွက်လည်း အဆင်ပြေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငွေအကြွေထည့်ရင် အပြဲအစုတ်ထည့်တာတွေ ရှိတယ်၊ တချို့ဆို ပိုက်ဆံမထည့်ဘဲ ပြန်အမ်းငွေ ကောက်ယူတာ တွေရှိတယ်၊ ဒါမျိုးတွေကျတော့ ကုမ္ပဏီအတွက် နစ်နာတာကြောင့် စောင့်ကြည့်ရတာမျိုးရှိတယ်၊ YPS ကတ်နဲ့ စီးတာ တစ်နေ့ကို ခရီးစဉ် လမ်းတစ်ကြောင်းကို ခရီးသည် အယောက်နှစ်ဆယ်လောက်တော့ စီးတယ်၊ ကတ်က အခုမှစသုံးကြရတာဆိုတော့ ကတ်တစ်ကတ်ကို နှစ်ခါ၊ သုံးခါဖြတ်ပြီး စီးတာမျိုးတော့ စောင့်ကြည့်ပြီး ပြောရတယ်၊ ခရီးသည် တွေဘက်ကလည်း ကတ်တစ်ကတ်ကို တစ်ယောက်ပဲ စီးရတယ်ဆိုတာ မျိုးကို အဆင်းတစ်ကြိမ်း အတက်တစ်ကြိမ်ပဲ ဖြတ်ရမယ်ဆိုတာမျိုး သေချာလေး လိုက်နာမယ်ဆိုရင် ဒီစနစ်လေးက တော်တော်ကောင်းတဲ့ စနစ် လေးဖြစ်မှာပါ”
ခုအချိန်ဟာ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးကာလ လည်းဖြစ်နေတာကြောင့် ငွေစက္ကူကနေ ပိုးကူးစက်တာမျိုးကို တစ်ဖက် တစ်လမ်းက ကာကွယ်ရာလည်း ရောက်အောင် YBS ယာဉ်တွေ အားလုံး မှာလည်း ကတ်နဲ့စီးတဲ့စနစ်ကို အမြန်ဆုံးလုပ်ဆောင်ဖို့ ပြည်သူတွေက ဆန္ဒရှိနေကြပါတယ်။ ယာဉ်တွေအားလုံးမှာ YPS ကတ်နဲ့ ယာဉ်စီးခပေး လို့ ရရှိချိန်မှာလည်း ကတ်ကိုအလွယ်တကူ ဝယ်ယူရရှိနိုင်ဖို့၊ ငွေဖြည့်နိုင်ဖို့ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ လိုပါတယ်။

‘အခုက Covid ကာလလည်း ဖြစ်နေတော့ ကတ်အသုံးပြုတာက ငွေစက္ကူက ရောဂါကူးတာကို ကာကွယ်နိုင်မယ် ထင်ပါတယ်၊ ကားတွေ အကုန်လုံးမှာ သုံးခွင့်ကိုလည်း အမြန်ဆုံးရချင်ပါတယ်၊ အဲ့ဒီလို သုံးရတဲ့ အခါမှာလည်း ကတ်ဝယ်တာ၊ ငွေဖြည့်တာကို လွယ်လွယ်ကူကူ ရနိုင် အောင် လုပ်ပေးစေချင်ပါတယ်၊ ကျွန်တော်ကတ်စသုံးတော့ Service Center သုံးခုက ကျွန်တော်နဲ့က အတော်အလှမ်းဝေးတယ်၊ အလုပ်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ g&g မှာဝယ်ပါတယ်၊ ငွေငါးထောင်ဖြည့်ရင် ကတ်အခမဲ့ဆိုတဲ့အတွက် အဲ့ဒီပရိုမိုးရှင်း ကတ်လေးကို ဝယ်ပါတယ်၊ ငွေအကြွေနဲ့ စီးတုန်းက အကြွေမရှိလို့ ရှာရတယ်၊ အဲ့ဒီအခက်အခဲရှိတယ်၊ YPS ကတ်ကျတော့ စီးရတာအဆင်ပြေတယ်၊ ဒါပေမဲ့ ငွေဖြည့်တဲ့အခါ Service Center တို့၊ g&g ဆိုင်တို့ကို သွားနေရတာမျိုးကျတော့ အဆင်မပြေတာတွေ ဖြစ်လာနိုင်တယ်၊ ဖြစ်စေချင်တာက အခုက Online Payment တွေက တော်တော်များများလည်းရှိလာပြီ၊ Online Payment က ဖြည့်တာဖြစ်ဖြစ် နေရာတိုင်းမှာ ငွေဖြည့်လို့ရမယ့် အဆင်ပြေမယ့် နေရာမျိုးထားပေးတာမျိုးတွေ ဖြစ်စေချင်ပါတယ်”လို့ YBS အသုံးပြုသွား လာနေရသူ ကုမ္ပဏီဝန်ထမ်း ကိုကောင်းမြတ်ဇော်က ပြောပါတယ်။

လက်ရှိအချိန်မှာ YBS ယာဉ်အစီး လေးထောင်ဝန်းကျင်နဲ့ ခရီး သည်တွေကို ပို့ဆောင်ပေးနေတာဖြစ်ပြီး အဲ့ဒီအထဲမှာ YPS Card အသုံးပြုပြီး စီးလို့ရမယ့် ယာဉ်အစီး ငါးရာကျော်မှာပဲ အသုံးပြုခွင့်ရပါသေး တယ်။ Card ကိုဝယ်ယူတာနဲ့ ငွေဖြည့်တာအတွက် သမိုင်း၊ တာမွေ၊ ဆူးလေမှာရှိတဲ့ Service Center သုံးခု၊ g&g ၁ဝ၂ ဆိုင်နှင့် မြို့ တော်ခန်းမ ဘတ်စ်ကားမှတ်တိုင်၊ ရှစ်မိုင်ဘတ်စ်ကားမှတ်တိုင်၊ မြန်မာ ပလာဇာဘတ်စ်ကားမှတ်တိုင်နဲ့ ပါရမီညောင်ပင်ဘတ်စ်ကားမှတ်တိုင်နားကYPS Center တွေမှာ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ငွေအကြွေအစားထိုး Yangon Payment Card ကို ပြည်သူအလွာ အသီးသီးအားလုံး လက်လှမ်းတမီ လွယ်လွယ် ကူကူ ဝယ်ယူအသုံးပြုနိုင်ဖို့ အမြန်ဆုံးလိုအပ်သလို ပြည်သူတွေအနေ နဲ့လည်း YPS ရဲ့ အသုံးပြုပုံတွေအတိုင်း နည်းမှန်လမ်းမှန် အသုံးပြုပြီး စီးနင်းကြမှသာလျှင် အောင်မြင်တဲ့ ပြောင်းလဲမှုတစ်ခုအဖြစ်သို့ ရောက်ရှိ စေမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here