အခြား တိုင်းနှင့်ပြည်နယ်များမှ မန္တလေးသို့ လာရောက်သော ကုန်စည်ပို့ဆောင်ရေးယာဉ်များအား စွယ်တော်ကားကြီးကွင်းနှင့် ဒေါနဘွားကားကြီးကွင်းတွင်သာ ကုန်တင်/ကုန်ချခွင့်ပေးမည်

116

 

မန္တ​လေး၊ စက်တင်ဘာ ၂၉

အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မန္တလေးမြို့သို့ လာရောက်သော ကုန်စည်ပို့ဆောင်ရေးယာဉ်များအနေဖြင့် မန္တလေးမြို့အတွင်းရှိ မည်သည့်နေရာတွင်မဆို ရပ်နား၍ ကုန်တင်/ကုန်ချခွင့်ပေးမည်မဟုတ်ဘဲ စွယ်တော်ကားကြီးကွင်းနှင့် ဒေါနဘွားကားကြီးကွင်းတွင်သာ ကုန်တင်/ကုန်ချခွင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“ခရီးသည်တင်ယာဉ်တွေကတော့ ပိတ်ထားတယ်၊ ကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်တွေကတော့ သတ်မှတ်စည်းကမ်းနဲ့အညီ သွားလာခွင့်ပေးထားတယ်ပေါ့၊ အဲဒီမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေက လာရောက်တဲ့ ကုန်တင်ယာဉ်တွေအနေနဲ့ မန္တလေးမြို့ထဲစ၀င်တာနဲ့ ယာယီရပ်နားပြီး ကုန်ချလို့မရဘူး၊ ခွင့်မပြုဘူး၊ မန္တလေးမြို့၀င်တာနဲ့ စွယ်တော်ကားကြီးကွင်းနဲ့ ဒေါနဘွားကားကြီးကွင်းဆီ တိုက်ရိုက်မောင်းရမယ်၊ အဲဒီကားကွင်းတွေမှာပဲ ကုန်တင်/ကုန်ချလုပ်လို့ရမယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့မှ အခြားတိုင်းနှင့် ပြည်နယ်များသို့ ကုန်စည်ပို့ဆောင်ကြမည့် ကုန်တင်ယာဉ်များကိုလည်း သွားလာရေးအဆင်ပြေစေရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့တော်စည်ပင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကားကွင်းအသီးသီးရှိ တာ၀န်ခံတို့ပူးပေါင်း၍ ဖြတ်သန်းသွားလာခွင့်လက်မှတ်များ စိစစ်ထုတ်ပေးလျက်ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရသည်။

“မန္တလေးက အထက်မြန်မာပြည်ရဲ့ လမ်းဆုံမြို့ဖြစ်တဲ့အတွက် မန္တလေးကနေ တခြားတိုင်းနဲ့ပြည်နယ်တွေဆီ ကုန်စည်ပို့ဆောင်ကြမယ့် ကုန်တင်ယာဉ်တွေကိုလည်း ဖြတ်သန်းသွားလာခွင့်လက်မှတ်တွေ သေချာစိစစ်ပြီး ထုတ်ပေးထားတယ်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုလည်း ကားကွင်းတွေက စထွက်တော့မယ်ဆိုတာနဲ့ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးတာတွေ နေ့စဉ်လုပ်ဆောင်နေတဲ့အပြင် သူတို့ကိုလည်း လမ်းခရီးတစ်လျှောက် Mask တပ်ပြီးမှ သွားလာကြဖို့ အမြဲ မှာကြားနေတယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မန္တလေးမြို့ရှိ ဒေါနဘွားကားကြီးကွင်းသည် စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် မိုးကုတ်မြို့သို့ ထွက်ခွာသော ကုန်တင်ကားအသင်းများ အခြေစိုက်ရာကားကွင်းဖြစ်ပြီး ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း (ခေါ်) စွယ်တော်ကားကြီးကွင်းသည် အခြားတိုင်းနှင့် ပြည်နယ်များသို့ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သော ကုန်တင်ကားအသင်းအများစု ဆိုက်ကပ်ရပ်နားရာ ကားကွင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
Covid-19 ကာလမတိုင်မီ တွေ့မြင်ရသော မန္တလေးမြို့ စွယ်တော်ကားကြီးကွင်း။

LEAVE A REPLY

Please enter your comment!
Please enter your name here