အခြားတိုင်းနှင့်ပြည်နယ်များမှ မန္တလေးမြို့သို့ ကုန်ပစ္စည်းများတင်ဆောင် ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များအား ယနေ့မှစ၍ ၀င်ခွင့်ပိတ်

256

 

မန္တ​လေး၊ ​အောက်တိုဘာ ၉

အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မန္တလေးမြို့သို့ ကုန်ပစ္စည်းများ တင်ဆောင်ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းများအား ယနေ့မှစ၍ ၀င်ခွင့်ပိတ်ပင်လိုက်ကြောင်း ယာဉ်လိုင်းများနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

“မနေ့ကပဲ ကျွန်တော်တို့ ကားလိုင်းကို ယကကနဲ့ စည်ပင်က လာအကြောင်းကြားတယ်၊ ကုန်ပစ္စည်းတင်ဆောင်မောင်းနှင်နေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို မန္တလေးမြို့ထဲ ၀င်ခွင့်မပေးတော့ဘူးပေါ့၊ ဒါနဲ့ ကျွန်တော်တို့ကားလိုင်းလည်း ဒီနေ့ပဲ စရပ်နားလိုက်တယ်၊ အရင်ရက်တွေကတော့ ခရီးသည်မပြေးဆွဲရပေမဲ့ ကုန်တန်ဆာပစ္စည်းပါးတဲ့သူတွေကလည်း တောက်လျှောက်ရှိနေတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ဆိုပြီး ရက်ခြား ပြေးဆွဲပေးနေတာ၊ အခုတော့ ဒီနေ့ပဲ စရပ်လိုက်တယ်” ဟု မန္တလေး-ကလေး ပြေးဆွဲနေသော ရွှေလွင်ပြင် ခရီးသည်တင်ယာဉ်လိုင်း တည်ထောင်သူ ကိုစောမင်းလတ်က ပြောကြားသည်။

မန္တလေးမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းများကို ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် ညပိုင်းမှစ၍ ယာယီ ရပ်နားခိုင်းခဲ့သော်လည်း ခရီးသည်မပါဘဲ ကုန်တန်ဆာပစ္စည်းများသီးသန့်ဖြင့် သွားလာမှုကို နောက်ပိုင်းတွင် ခွင့်ပြုပေးခဲ့သည်။ သို့သော် ယခုအခါ ကုန်တန်ဆာပစ္စည်းများ တင်ဆောင်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများကို မန္တလေးမြို့သို့ ၀င်ရောက်ခွင့်ပြုတော့မည်မဟုတ်ဘဲ ၂ တန်အထက်ကုန်ကားများကိုသာ Covid-19 ပိုးမရှိကြောင်း ကျန်းမာရေးဌာန ထောက်ခံစာဖြင့် ၀င်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“မန္တလေးတိုင်း Covid-19 အရေးပေါ်တုံ့ပြန်ရေးနဲ့ ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးနဲ့ မန္တလေးတိုင်းပြင်ပ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်း ဘယ်လိုင်းမဆို ၀င်ခွင့်မပေးတော့ပါဘူး၊ နှစ်တန်အထက် ကုန်တင်ကားတွေပဲ ကျန်းမာရေးဌာန ထောက်ခံချက်ပါရင် ၀င်ခွင့်ပေးသွားမယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က အတည်ပြုပြောကြားသည်။

ကုန်တန်ဆာပစ္စည်းများ တင်ဆောင်ပြေးဆွဲလာသော ခရီးသည်တင်ယာဉ်အများစုသည် ယနေ့ မန္တလေးမြို့အ၀င် နှာပေါက်ဂိတ်၀တွင် အ၀င်မခံမှုကြောင့် လှည့်ပြန်ရကာ ကုန်ပစ္စည်းများကို ကုန်ကားဖြင့် တစ်ဆင့်ပြန်လည် သယ်ဆောင်ရမှုလည်းရှိကြောင်း အဆိုပါယာဉ်အသင်းများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ကလေးမြို့ ကားကြီးကွင်းအတွင်းရှိ ကလေး-မန္တ‌လေး ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်တစ်စီးအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here