အကြမ်းဖက်သမားများက ဗန်ကားများနှင့် လော်ရီကားများ အသုံးပြုကာ လူအုပ်ကြီးထဲ မောင်းနှင် တိုက်ခိုက်သည့်အခါ ကာကွယ်ရန်အတွက် ဆူးချွန်များပါသည့် ကားဖမ်းပိုက်ကွန်ကို လန်ဒန်ရဲတပ်ဖွဲ့က ထုတ်ဖော် ပြသခဲ့ကြောင်း Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။
Talon ဟု အမည်ပေးထားသော ယင်းကားဖမ်းပိုက်ကို ရဲအရာရှိ နှစ်ဦး အင်အားမျှဖြင့် တစ်မိနစ် မပြည့်သည့် အချိန်အတွင်း လမ်းမပေါ် ချက်ချင်း ဖြန့်ချထားနိုင်ကာ ၁၇ တန်အထိ လေးသည့် ကားတစ်စီးကို ရပ်တန့်အောင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။ အဆိုပါကားဖမ်းပိုက် ကို စက်တင်ဘာ ၁ဝ ရက်တွင် ပထမဦးဆုံးအကြိမ် ပြသခဲ့သည်။ Westminster ၊ London တံတားနှင့် Finsbury ပန်းခြံတို့ တွင် လူအုပ်ထဲသို့ ကားနှင့်ဝင် တိုက်ခဲ့သည့် အကြမ်းဖက်တိုက် ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်မည့် ဗျူဟာတစ်ရပ် အဖြစ် ယင်းပိုက်ကွန်အစီအစဉ်အား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Talon တွင်ပါသည့် စတီးဆူးချွန်များက ကားတာယာများကို ထိုးဖောက်သည့်အတွက် ကားရပ်တန့်သွားမည် ဖြစ်သည်။ အဆိုပါ ကားဖမ်းပိုက်ကို လန်ဒန် မြို့တွင် ကျင်းပသည့် အခမ်းအနားများ၌ မြင်တွေ့ရဖွယ်ရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောသည်။
လန်ဒန်ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးရေးမှူးချုပ် Nick Staley က ”လန်ဒန်မြို့ရဲ့ အရေးကြီး အခမ်းအနားတွေကို တက်ရောက်ကြမယ့် လူထုလုံခြုံရေးနဲ့ မြို့ထဲမှာ သွားလာလှုပ်ရှားနေကြတဲ့ စီးပွားရေးသမားတွေ၊ အလုပ်သမားတွေနဲ့ ဧည့်သည်တွေ ဘေးကင်းလုံခြုံဖို့ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Ref: Daily Mail